ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံဖြစ်ရေး ကြိုးပမ်းဖို့ သမ္မတ တိုက်တွန်း
2019.01.05

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံတော်နဲ့ သင့်တော် တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က မနေ့က ကျရောက်တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သဘောထားမှတ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ ဖြစ်ရေးကြိုးပမ်းဖို့ သမ္မတ တိုက်တွန်း
(ဝေမာထွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် တပ်မတော်နဲ့ နား လည်မှုရရှိစေရေး ဦးစားပေး ဆောင်ရွက်နေရာကနေ မနေ့က ကျရောက်တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သမ္မတ ကိုယ်တိုင်က ဒီမိုကရေစီကျင့်စဉ် ဖက်ဒရယ်မူတွေနဲ့အညီ သင့်တော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမယ်လို့ ပြောလိုက်တာပါ။
ဒီလိုပြောဆိုချက်ကို တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်ခံကြိုဆိုကြပေမယ့် အပြည့်အဝ ယုံကြည်တာမျိုး မရှိသေးကြောင်း ပြောကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရခိုင်ပြည် အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်း ရေးမှူး ဦးထွန်းဇော်က NLD အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၂၀၁၉ တစ်နှစ်သာ ကျန်တော့တဲ့အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။
"သမ္မတရဲ့ အဲ့ဒီလို ပြောကြားချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးပေါ်မှာ သူတို့ရှိနေတယ် ဆိုတဲ့ သတင်းစကားကို ပါးတာဖြစ်ပါတယ်။ နောက်ထပ် ရွေးကောက်ပွဲ ကာလတစ်ခုကို ချင်းနင်းဝင် ရောက်လာပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုလို့ရှိရင် ၂၀၁၉ အချိန်ကာလပဲ ရှိတော့တယ်။ ကျန်နေတဲ့ အချိန်မှာ သူတို့ အင်တိုက်အားတိုက်လုပ်မယ့် သဘောလားဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုပဲ မွန်းမံတဲ့ အဆင့်ဆိုရင်တော့ ကျနော်တို့ ဒီဖြစ်စဉ်ကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး"
NLD အစိုးရက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာကို ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ကြွေးကြော်တာလား တကယ်ပဲ ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းကို လျှောက်လှမ်းတော့မှာလားဆိုတာ မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတွေကို ဦးတည် ဆောင်ရွက်မယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ NLD ပါတီက အစိုးရ ဖွဲ့ခွင့်ရပြီးချိန် ၃ နှစ်နီးပါးအကြာမှ ဖွဲ့စည်းပုံပြင်ဆင် ရေးကို စပြောလာတာဟာ နောက်ကျတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
"သူတို့လုပ်ရမယ့် တာဝန်၊ ခုမှ သူတို့က နောက်တစ်ခါ ရွေးကောက်ပွဲအတွက် အော်တာလား။ အခုမှ အသံကောင်းဟစ်တာလား။ ဒီအဓိပ္ပါယ်မျိုးတော့ ပေါ်နေတယ်။ သိပ်ပြီးတော့ မထိရောက်ဘူးလို့တော့ ထင်တာပေါ့။ တပ်မတော်က ဒီနေ့ သူတို့ဘာသာ အပစ်ရပ်စဲရေးကို တည်လိုက်တယ်။ တပ်မတော်က သူတို့ဘာသာ ၈ ဦး ကော်မတီနဲ့ ဆွေးနွေးမယ်။ ကရင်ကိုလည်း ဆွေးနွေးမယ်။ မွန်ကိုလည်း ဆွေးနွေးမယ်။ ရှမ်းကိုလည်း ဆွေးနွေးမယ်။ အဲဒီပုံစံ အခုဟာက အစိုးရက ပါမလာတဲ့ သဘောမျိုးဖြစ်နေတယ်"
မွန်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်ရဲ့ သုံးသပ်ချက်ကို ကြားခဲ့ရတာပါ။
သမ္မတ ဦးဝင်းမြင့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်တည် ရေးတို့အတွက် အရေးကြီးဆုံး လိုအပ်ချက်ဟာ ယုံကြည်မှု ဖြစ်တာကြောင့် သံသယစိတ်ကင်းကင်းနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပြောထားပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က တပ်မတော်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာလို့ သမ္မတက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာကို အပြိုင် ပြောတာမျိုးမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ပြောပါတယ်။
"NLD ရဲ့ ပြည်သူလူထုတွေကို နဂိုထဲက ပေးထားတဲ့ ကတိကဝတ်တွေပဲလေ။ အဲဒီကိစ္စကို အခုပြန်ပြီးတော့ အစဖော်လာတယ်ဆိုတာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါပေမဲ့ အပြောသာရှိပြီးတော့ လက်တွေ့ လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် ဒါ တာဝန်မကျေရာ ရောက်တယ်။ တကယ်လို့ စေတနာ အမှန်နဲ့ တကယ်လုပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ အဲ့လိုမဟုတ်ဘဲ တစ်ဘက်မှာ တပ်မတော်က အပစ်အခတ်ရပ်စဲရေးတွေ ကြေညာလာတယ်။ အဲအတွက် ပြန်ပြီးတော့မှ တန်ပြန်သဘောမျိုးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အပြိုင်အဆိုင်သဘောမျိုးနဲ့ စွဲကိုင်လာတယ်ဆိုရင်တော့ အပြိုင်လုပ်ငန်းရပ်မျိုးလောက်သာ ရည်ရွယ်ရင်တော့ တိုင်းပြည်အတွက် မကောင်းဘူးပေါ့နော်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မနေ့က NLD ရုံးချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး သတင်းမီဒီယာတွေကို ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍအပေါ် အခုလို ပြောကြားခဲ့ပါတယ်။
"ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးဟာ တပ်မတော်ကို လုပ်ပိုင်ခွင့်တွေ လျော့ချဖို့၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဖို့ မဟုတ်ဘူးဆိုတာကို သူတို့သဘောပေါက်လာတဲ့ တစ်နေ့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးဟာ အမြန်ဆုံးဖြစ်လာမှာပါ။ အခြေခံဥပဒေ ပြင်ဆင်ပြီးတာနဲ့အမျှ တပ်မတော်ဟာ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး အင်အားသဘောမျိုးနဲ့ တပ်မတော်က ပိုပြီး အင်အားလည်း များလာမယ်။ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်လာမယ်"
လက်ရှိမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တံ့နေသလို ဖြစ်နေတာမို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေ အား လုံးသဘောတူ လက်ခံနိုင်မယ့် ဖက်ဒရယ်မူတွေ ဆက်ဆွေးနွေးလို့ မရဖြစ်နေပြီး ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်နယ် ဖွဲ့စည်းပုံဥပဒေတွေကို ဘယ်လိုဆက် ရေးဆွဲမလဲဆိုပြီးလည်း တိုင်းရင်းသားတွေက မေးခွန်းထုတ်ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်က တိုင်းနဲ့ ပြည်နယ် ဆိုပြီး မခွဲခြားဘဲ ဒီမိုကရေစီ အသီးအပွင့်တွေ တန်းတူ ခံစားရနိုင်ဖို့ မှန်ကန်တဲ့ စေတနာတွေနဲ့ ကြိုးစားအားထုတ်ကြဖို့လည်း မနေ့က တိုက်တွန်း ပြောဆိုထားပါတယ်ရှင်။