အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာသွားလာခွင့်ဖျက်မှာကို စစ်ဘေးဒုက္ခသည်တွေ စိုးရိမ်နေ
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ဖြတ်သန်းသွားလာခွင့် ပေးထားတဲ့စနစ်ကို အိန္ဒိယဘက်က မကြာခင် ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။
-
RFA Burmese
2024-01-22 -
-
-
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်နားနေထိုင်သူတွေ ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် ပေးထားတဲ့စနစ်ကို အိန္ဒိယဘက်က မကြာခင် ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က အိန္ဒိယအစိုးရက မြန်မာနဲ့ နယ်စပ် တစ်လျှောက်လုံးမှာ ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချထားပြီး နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ဝင်ထွက်ခွင့်ပေးထားတဲ့ သဘောတူညီချက်တွေကိုလည်း ရပ်တန့်ဖို့ ပြန်သုံးသပ်နေတယ် လို့ပြောဆိုကြောင်း အိန္ဒိယအခြေစိုက် The Indian Express သတင်းက ဇန်နဝါရီ ၂၁ ရက် မနေ့က ဖော်ပြထားပါတယ်။
"သူတို့ ကျွန်တော်တို့ကို ဒါ ဗီဇာပါမှ ဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ ဘယ်သူမှ ဝင်လို့မရတော့ဘူး"
နှစ်နိုင်ငံ နယ်စပ်အရှည်ဟာ ကီလိုမီတာ ၁၇၆၀ ကျော်ရှိပြီး၊ မိုင်နဲ့ဆိုရင် ၁၀၉၄ မိုင်ကျော် ရှိပါတယ်။ အခုတော့ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာခွင့် ပေးထားတာကို ဖျက်သိမ်းပြီး၊ နယ်စပ်တစ်လျှောက်လုံး ခြံစည်းရိုးကို နောက်လာမယ့် လေးနှစ်ခွဲအတွင်း အပြီးကာဖို့ အိန္ဒိယအစိုးရက စီစဉ်နေတယ်လို့ အစိုးရအရာရှိတစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Indian Express သတင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
လွတ်လပ်စွာသွားလာခွင့် ဖျက်လိုက်ရင် အခက်အခဲဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ယောက်က ပြောပါတယ်။
“ဒါကတော့ အားလုံးဒုက္ခရောက်အောင် လုပ်တာပဲ။ ရှင်းပါတယ်၊ သူတို့ ကျွန်တော်တို့ကို ဒါ ဗီဇာပါမှ ဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ ဘယ်သူမှ ဝင်လို့မရတော့ဘူး။ ဝင်တဲ့သူကို သူတို့ ဖမ်းချင်ဖမ်းမယ်၊ ချုပ်ချင်ချုပ်လို့ ရသွားပြီဆိုတော့။ ကျွန်တော်တို့ စစ်ဘေးရှောင် တွေ၊ ပြည်သူတွေ ပိုဒုက္ခရောက်မယ်”
အိန္ဒိယအစိုးရက ဖမ်းထားတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သား ၁၅၀ ကို ပြန်လွှတ်မပေးသေးပါဘူး။
အိန္ဒိယနယ်စပ်မှာ နှစ်ဖက်ကုန်သွယ်မှုတွေ နေ့တိုင်းရှိနေသလို ကူးသန်းသွားလာတာတွေ ရှိနေတာကြောင့် ဗီဇာပါမှပဲ သွားလာခွင့်ပြုမယ်ဆိုရင် နှစ်ဖက်ပြည်သူရဲ့ စီးပွားရေးနဲ့ လူမှုရေးတွေ ထိခိုက်နိုင်တယ်လို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“ဒီလိုနယ်စပ်ဂိတ်တွေကို သွားလာခွင့်ပိတ်ပင်မယ်ဆိုရင် အထူးသဖြင့် များစွာထိခိုက်မှာ ဖြစ်ပြီးတော့မှ အကျိုးအမြတ်ရရှိမှာတော့ စကစတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စကစအနေနဲ့ သူ သံတမန်ရေးအရ လက်လွတ်ဆုံးရှုံးရမယ့် အိန္ဒိယကို အမြတ် ကောင်းကောင်းနဲ့ တွက်ပြီးတော့မှ အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေးကို ခိုင်မြဲစွာ ဆက်လက်တည်ဆောက်မယ့် အနေအထားဖြစ်တယ်။ ဒီကြားထဲ ဒီလိုဂိတ် ပိတ်ပင်မှုကြောင့် ဒီကြားထဲမှာ ဒုက္ခရောက်မှာကတော့ နှစ်ဖက်အပြန်အလှန် မှီတင်းနေထိုင်ကြတဲ့ နှစ်ဖက်ပြည်သူတွေပေါ့။ စီးပွားရေးအရသော်လည်း၊ လူမှုရေးအရသော်လည်း အင်မတန်ထိခိုက်လာနိုင်ခြေရှိတယ်ဆိုတဲ့ဟာပါပဲ”
အိန္ဒိယနိုင်ငံက မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနဲ့ အရန်နာချေးပရာဒက်ရှ် ဆိုတဲ့ လေးပြည်နယ်က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အဲဒီအထဲက မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမား (Lalduhoma ) က ဗဟိုအစိုးရရဲ့ နယ်စပ်စည်းရိုးကာမယ့် အစီအစဉ်ကို လုံးဝလက်မခံနိုင်ဘူးလို့ ဇန်နဝါရီလ ၄ ရက်နေ့က ပြောတဲ့ အကြောင်း ဒေသတွင်းသတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးရတဲ့ မြန်မာ နိုင်ငံသားက ၆ သောင်း လောက်ရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောထားပါတယ်။ တကယ်လို့သာ ဗီဇာပါမှ သွားလာခွင့် ပြုမယ်ဆိုရင် ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည် တွေအတွက် ပြေးစရာနယ်မြေရှိတော့မှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီဇိုရမ်ပြည်နယ်ရောက် ဒုက္ခသည်တစ်ယောက်က ပြောပါတယ်။
“နိုင်ငံရေးပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာမှ မီဇိုရမ်အတွက်ကို ဗီဇာပါမှ ဆိုတဲ့ဟာတွေ လုပ်လာမယ်ဆိုရင် တကယ်လို့သာ ဒီလိုဖြစ်လာမယ်ဆိုရင်တော့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ နေထိုင်တဲ့ စစ်ဘေးရှောင် ကျွန်တော်တို့အတွက်ပေါ့၊ ပြေးစရာနယ်မြေ မရှိတော့ဘူးလို့ ပြောရတော့မှာပေါ့”
လွပ်လပ်စွာ သွားလာခွင့်ပြုထားတာကို ရုပ်သိမ်းပြီး၊ နယ်စပ်ခြံစည်းရိုးကာမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့က အိန္ဒိယသံရုံးကို RFA က အီးမေးလ်နဲ့ မေးမြန်းထားပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။
မဏိပူရ်ပြည်နယ်မှာတော့ လွှတ်တော်အမတ်လည်းဖြစ်၊ ပြည်ပရေးရာနဲ့ ပညာရေး ဝန်ကြီးလည်းဖြစ်တဲ့ ရာ့ဂျ်ကုမာ ရာဂျန် ဆင်း (Rajkumar Ranjan Singh) က ဗဟိုအစိုးရရဲ့ အစီအစဉ်ထောက်ခံခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ဆိုပါတယ်။
အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့သူတွေဟာ နှစ်နိုင်ငံကြား လွတ်လပ်စွာ သွားလာခွင့်ကို အသုံးချပြီး ဗဟိုအစိုးရကို ပုန်ကန်နေသလို မြန်မာဘက်ကို ကူးသွားတာတွေ တားဆီးနိုင်အောင်နဲ့ အိန္ဒိယနိုင်ငံထဲ တရားမဝင် ရောက်လာတာတွေ၊ မူးယစ်ဆေးဝါးနဲ့ ရွှေမှောင်ခိုမှု ကွန်ရက်တွေကို တားဆီးဖို့ ရည်ရွယ်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်မြေခြင်းထိစပ်နေတဲ့ ပြည်နယ်တွေမှာ ၂၀၁၈ ကစလို့ Free Movement Regime ဆိုတဲ့ လွတ်လပ်စွာ သွားလာခွင့်စနစ်အရ ဟိုဘက်ဒီဘက် ၁၀ မိုင်အတွင်းက ပြည်သူတွေ ဗီဇာမလိုပဲ သွားလာခွင့် လောလောဆယ်ရရှိထားပါတယ်။