စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာက အရပ်သား ရှစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၇ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သူတို့ရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၂၅ ရက် မနေ့က ခရစ္စမတ်နေ့မှာ ပြန်လည်တွေ့ရှိ ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ် ဦးသာပြူး၊ အသက် ၆၀ အရွယ် ဦးမြင့်ဖေနဲ့ ဦးကျော်သန်း၊ အသက် ၅၀ အရွယ် ဦးမင်းနိုင်၊ ဦးကျော်ဌေး နဲ့ ဦးကျော်ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင်၊ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ တို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာပါ။ ဖမ်းဆီးသွားပြီး တစ်လအကြာမှ သူတို့ရဲ့ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့တာလို့ ပြောပါတယ်။
ရုပ်အလောင်းတွေကို နတ်မဟုတ်ကြီးရွာ တောင်ဘက် တစ်မိုင်ခန့်အကွာက ကမ်းနီရွာ အနီးမှာတွေ့ရှိခဲ့တာလို့ အင်းတော် တော်လှန်ရေးအဖွဲ့ (IR) တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
"ခံစားရတာများလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ရင်နာတယ်၊ အသည်းနာတယ်။ လက်ပြန်ကြိုးလေးတောင်မှ မဖြေပေးဘူး။ သတ်ထားတာ ရက်ရက်စက်စက်"
“ဘယ်လိုတွေ့လိုက်လဲဆိုတော့ ကျနော်တို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက အရှင် ဖမ်းမိလိုက်တဲ့ တစ်ကောင် (စစ်သား) ပေါ့နော်။ သူ့ကိုမေးကြည့်လိုက်တာ။ မင်းတို့ ကောင်တွေဖမ်းသွားတဲ့ ပြည်သူရှစ်ယောက်က ဘယ် ရောက်သွားတာလဲ။ အခုအချိန် အထိ အဆက်အသွယ်မရသေးဘူးလို့ပြောလိုက်တာ။ သူကနေပြီးတော့ ကမ်းနီရွာ နားမှာ သတ်ပြီးတော့ မြေမြှုပ်ထားလိုက်ပြီလို့ ပြောတာနဲ့ ရွာသားတွေနဲ့အကုန် ဝိုင်းရှာတော့ မနေ့တုန်းက နေ့လယ်ပိုင်းလောက်မှာပဲ တွေ့လိုက်တာဗျ”
PDF တွေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားက ခြေမြန်တပ်ရင်း ခမရ (၄၁၆) ကဖြစ်ပါတယ်။ အရပ်သားရှစ်ဦးကို သတ်ဖြတ်ခဲ့သူတွေက စစ်ကောင်စီ ခမရ (၄၁၆) နဲ့ ခြေလျင်တပ်ရင်း ခလရ (၃၀၁) တို့ကဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို မတရားဖမ်းဆီး နှိပ်စက်ညှဉ်းပန်းပြီးမှ သတ်ဖြတ်ခဲ့တာလို့ သေဆုံးသူတစ်ဦးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
“၂၇ ရက်နေ့က ဖမ်းသွားပြီးတော့ တစ်ညလုံးကျောင်း (ဘုန်းကြီးကျောင်း) မှာ ရိုက်နှက်၊ ထုနှက်တယ်။ ဘုန်းကြီး ကို ပြောတော့လည်း အရှင်ဦးဆန္ဒက ငါနဲ့မဆိုင်ပါဘူးကွာ၊ သူတာဝန်နဲ့သူပါဆိုပြီး ပြောတယ်ရှင့်။ သေမတတ်ကို ထုတာရှင့်။ တစ်ညလုံး အမလေးဗျ ဆိုပြီး အော်နေတာ ဘုန်းကြီးလည်းမကယ်ဘူး။ ၂၈ ရက်နေ့ မနက်ကို ကျတော့ (ရွာက) ထွက်တယ်ရှင့်။ ဦးစိုးနိုင်တို့၊ မတင်သန်းတို့အိမ် တစ်အိမ် မီးရှို့သွား တယ်။ ဦးမောင်ကျော်တို့ အိမ်လည်း မီးရှို့သွားတယ်ရှင့်”
ဒေသခံတွေရဲ့ ရုပ်အလောင်းတွေအကုန်လုံးကို လက်ပြန်ကြိုးတုပ် ထုရိုက်နှိပ်စက်ခံခဲ့ ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်အတွက် စစ်ကောင်စီတပ်ကို နာကျင်မုန်းတီးတယ်လို့ နောက်ထပ် မိသားစုဝင် တစ်ဦးက ပြောပါတယ်။
“ခံစားရတာများလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ရင်နာတယ်၊ အသည်းနာတယ်။ လက်ပြန်ကြိုး လေးတောင်မှ မဖြေပေးဘူး။ သတ်ထားတာ ရက်ရက်စက်စက်။ ကျမတို့ကတော့ အရေးလည်းယူစေချင်တယ်။ သူတို့တွေကိုလည်း ပြန်ပြီး လက်စားချေချင်တာ။ တိုက်ပွဲဝင်ချင်တယ်။ ကျမတို့နိုင်သလောက် ကျမတို့ လည်း တိုက်ချင်တယ်။ ကျမတို့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ချင်တယ်။ ကျမတို့ မိန်းမဆိုပေမယ့် ကျမတို့ တိုက်နိုင်သေးတယ်”
ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတွေရဲ့ အဝတ်အစားတွေကိုကြည့်ပြီး ခွဲခြားခဲ့ရတာ လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့အားလုံးကို ကမ်းနီရွာအနီးမှာပဲ ဒီဇင်ဘာလ ၂၅ ရက်၊ မနေ့က မြှုပ်နှံသင်္ဂြိုဟ်ခဲ့ တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်း တိုင်း ပြောရေးဆိုခွင့်ရှိသူဦးအေးလှိုင်ကတော့ အရပ်သားရှစ်ဦး သတ်ဖြတ်ခံရတာကို သူမသိဘူးလို့ ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် နတ်မဟုတ်ကြီးရွာက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကူညီပေးကြပါဦး ကျမတို့ကို။ ကျမတို့ အခု အိမ်မှာလည်း မအိပ်ရပါဘူး။ တောထဲမှာ ချုံပုတ်ကြား၊ ချုံတန်း ကြားထဲမှာ အိပ်ရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရွာသာမကဘူး အခုကျမတို့ရပ်ရွာထဲမှာ အားကိုးအားထားရတဲ့ လူကြီးတွေကိုပဲ ရွေးထုတ်ပြီး သူတို့ခေါ်သွားတာ။ ဘယ်သူဦးဆောင်ပေးမလဲ ကျမတို့ကို။ တစ်ရွာ လုံးရဲ့ ဒုက္ခတွေကို သိအောင်ပြောပြပေးပါ။ နိုင်ငံတကာက သိအောင်”
နတ်မဟုတ်ကြီးရွာမှာအိမ်ခြေ ၁၇၀ ဝန်းကျင်ရှိပြီး ဒေသခံ ၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ ရတာလို့ သူက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စာရင်း တွေ အရ စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဒီအပြင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၁၀၀၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။