မြန်မာနိုင်ငံမှာ ရာစုနှစ်တစ်စုအတွင်း အဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရ

မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရာစုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့ခံစားနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ် သပြေအေးကျေးရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ရာစုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်တွေ့နေရပြီး ဒါတွေကို စစ်တပ်က စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့က အကြီးတန်း လူ့အခွင့်အရေးရှေ့နေ ပက်ထရစ် ဖုန်ဆာသွန် (Patrick Phongsathorn) က ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် RFA က အီး‌မေးလ်ကတစ်ဆင့် မေးမြန်းစဉ် အခုလို ပြောဆိုလိုက်တာပါ။

သူတို့အဖွဲ့ဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုနဲ့ အကြမ်းဖက်မှုအမျိုးမျိုးကို မှတ်တမ်းပြုစုထားတယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရဟာ အရပ်ဖက်အဖွဲ့အစည်းတွေကို ဖျက်ဆီးမှု၊ ဥပဒေကို လက်နက်သဖွယ် အသုံးချမှုနဲ့ စစ်အုပ်ချုပ်ရေးအပေါ် အမြင်သဘောထားမတူသူတွေကို ရက်စက်စွာ ဖိနှိပ်ဖြိုခွင်းမှုတွေ ကျူးလွန်နေတယ်လို့ ပက်ထရစ် ဖုန်ဆာသွန် က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း နိုင်ငံတစ်ဝန်းမှာ အသတ်ခံရသူ ၂,၅၆၅ ဦးနဲ့ ဖမ်းဆီးခံထားရသူ ၁၃,၀၆၈ ဦး ရှိပါတယ်။ ဒီစာရင်းဟာ မြေပြင်သတင်းပေးပို့ချက်တွေနဲ့ ကျုးလွန်ခံရသူ မိသားစုဝင်တွေရဲ့ တိုင်ကြားချက်တွေ အပေါ် ကောက်ယူထားတာသာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့ AAPP တာဝန်ရှိသူတွေက ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုး ပေးကိုပေးရမယ်လို့ (AAPP) အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ လူအခွင့်အရေး ချိုးဖောက်ခံရတယ်၊ မတရား ညှဉ်းပန်းနှိပ်စက်ခံနေရတယ်၊ ကိုယ့်ရဲ့ပစွည်းဥစွာတွေ မတရား မီးရှို့ဖျက်ဆီး ခံနေရတယ်၊ နေ့စဥ်နဲ့အမျှ အသတ်ခံနေရတယ်၊ နောက် အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေက နေ့စဥ်နဲ့အမျှ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်၊ မတရား ဖိနှိပ်တာတွေ ခံနေရတယ်၊ သေချာတာကတော့ ဒီလိုမျိုး မတရား ညဉ်းပန်းနှိပ်စက်တဲ့ ကိစ္စတွေ၊ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေကို ကျုးလွန်တဲ့သူတွေ၊ ကိုယ်တိုင်ကိုယ်ကျ ကျုးလွန်တဲ့သူတွေ၊ အမိန့်ပေးစေခိုင်းတဲ့သူတွေ၊ လူအခွင့်အရေး ချိုးဖောက်မှု ကျုးလွန်နေမှုကို သိသိကြီးနဲ့ လက်ပိုက်ကြည့်နေတဲ့သူတွေ၊ ဒီလူတွေ အားလုံးက တစ်ချိန်မှာ သူတို့နဲ့ထိုက်တန်တဲ့ အပြစ်တွေကို အရေးယူခံရမှာ ဖြစ်ပါတယ်"

စစ်အာဏာသိမ်း ၂၂ လအတွင်း အသတ်ခံရသူတွေအထဲမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားသိုက်ရွာက အသက် ၃၀ ကျော်အရွယ် ကိုမျိုးသူနဲ့ ကိုအောင်စိုးတို့လည်း ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့က အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကြောင်း သူတို့ရွာကို ဝင်ရောက်လာချိန် စစ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာပါ။

"မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ လူအခွင့်အရေး ချိုးဖောက်ခံရတယ်၊ မတရား ညှဉ်းပန်းနှိပ်စက်ခံနေရတယ်၊ ကိုယ့်ရဲ့ပစွည်းဥစွာတွေ မတရား မီးရှို့ဖျက်ဆီးခံနေရတယ်၊ နေ့စဥ်နဲ့အမျှ အသတ်ခံနေရတယ်"

ကိုမျိုးသူဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်တာကြောင့် စစ်ကြောင်းနဲ့ ဝေးရာကို မပြေးနိုင်ချိန်မှာ စစ်သားတွေက ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ ကိုမျိုးသူရဲ့ ဇနီး မမိုးကြည်က ပြောပါတယ်။

"ပစ်သတ်ခံရတဲ့ ဒဏ်ရာတော့မတွေ့ဘူး၊ လည်ပင်းမှာ ဓားနဲ့ လှီးထားတာ၊ သွေးက လည်ပင်းကနေ ထွက်နေတာ၊ ကျမကတော့ မကြည့်ရက်လို့ မကြည့်ဘူး၊ ကျမ ယောက်ျားမှာက ဘာမှမပါဘူး၊ လွယ်အိတ်နဲ့ ဖုန်းပဲ ပါသွားတာ၊ သူက ပြေးလည်း မပြေးနိုင်ဘူး၊ လူက ကျောက်ကပ်ရောင်နေတာဆိုတော့၊ ဝလည်း ဝတော့လေ၊ ကျမ ကတော့ စိတ်တွေထဲမှာ ယူကျုံးမရ ဖြစ်တာပေါ့၊ အမျိုးမျိုး တွေးတာပေါ့၊ ရှေ့ဆက် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး"

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၅၀ နီးပါး အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပါတယ်။

အသတ်ခံသူတွေထဲမှာ အသက် ၂၀ ကျော်အရွယ် တူမဖြစ်သူ မဟယ်ရီလည်း ပါဝင်တာမို့ တရားမျှတမှုရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်သွားမယ်လို့ အဒေါ်ဖြစ်သူ ဒေါ်မိဆုက ပြောပါတယ်။

"ကျမ နေ့တိုင်းတွေးတယ်၊ ဒီစစ်ကောင်စီကို ဘာပြန်လုပ်နိုင်မလဲ၊ ကျမ တူမအပါအဝင် ကလေးငယ်တွေ သေဆုံးခဲ့ရတာက ဒီအတိုင်း ပြီးသွားတာမျိုး မဖြစ်ရဘူး၊ အခု လောလောဆယ်အရ ကျမက ဝင်ငွေမရှိတဲ့ စစ်ရှောင်ပေါ့၊ ဒါပေမဲ့ အားမလျှော့ဘူး၊ NUG ကိုလည်း စာတွေနဲ့ တိုင်ထားတယ်၊ အခု နိုင်ငံတကာအဖွဲ့ကို တိုင်ဖို့ပြင်နေတယ်၊ အသက် ၂၀ ကျော်အရွယ် မိန်းခလေး အရွယ်ကောင်းလေးမှာ အရှင်လတ်လတ် မီးရှို့သတ်ခံရတာ၊ ပြန်တွေးတိုင်း စစ်ကောင်စီကို ပိုရွံ၊ ပိုမုန်းတယ်"

အဲဒီသတ်ဖြတ်မှုကို အဓိကကျူးလွန်သူတွေဟာ စစ်ကောင်စီတပ် တပ်မ (၆၆) က စစ်သားတွေ ဖြစ်တယ်လို့ ကရင်နီတပ်မတော် KA တာဝန်ရှိသူတွေနဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုကို အပြင်းထန်ဆုံးခံရသူတွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက ရိုဟင်ဂျာ မွတ်စလင်တွေပဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားတဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်တွေကြောင့် အဲဒီဒေသမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ရှစ်သိန်းကျော် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားပါတယ်။ မွတ်စလင်ဒုက္ခသည် တစ်သိန်းကျော်ကတော့ စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေ မှာ ဖြစ်သလို ခိုလှုံနေထိုင်ကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စားဝတ်နေရေး ကျပ်တည်းမှုနဲ့ ရခိုင်ပြည်နယ်က တစ်ကျော့ပြန် စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ တစ်ထောင်နီးပါး ဖမ်းဆီးခံထားရပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ကတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာရွာဘေးက အမှိုက်ပုံ တစ်ခုမှာ ရိုဟင်ဂျာ ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။ သူတို့ အသတ်ခံရတာ လား၊ ဘာ့ကြောင့် အခုလို သေဆုံးရသလဲဆိုတာကို စစ်ကောင်စီက အခုချိန်ထိ အတိအကျ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: MUNIR UZ ZAMAN / AFP)

ရိုဟင်ဂျာတွေဟာ လူသားတစ်ယောက်အဖြစ်တောင် ရပ်တည်ခွင့်မရဘဲ ခေတ် အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းထန်ဆုံးခံစားနေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် BHRN ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က RFA ကို ပြောပါတယ်။

"ရိုဟင်ဂျာလူမျိုးတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုကို ပြောမယ်ဆိုရင် အများကြီးပေါ့၊ လူသားတစ်ယောက်အဖြစ် ရပ်တည်ခွင့်တောင် မရကြဘူးဆိုတော့ ဒါက အဆိုးဆုံး အခြေအနေလို့ ကျနော်တို့ ပြောလို့ရတယ်။ နောက်ပြီး ရိုဟင်ဂျာလူမျိုးတွေ လူအခွင့်အရေး ချိုးဖောက်ခံနေရတာ genocide လို့ ခေါ်တာပေါ့၊ နှစ်ပေါင်း မနည်းတော့ဘူး။ ၂၀၁၇ မှာဖြစ်ခဲ့တဲ့ genocide ဆိုရင် ကမ္ဘာကလည်း သိတဲ့ကိစ္စ၊ ဒါပေမဲ့ ဒီကိစ္စတွေက ဘယ်လိုပြောမလဲဆိုတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ပြည်သူအားလုံးကလည်း ဘာသိလာလဲဆိုတော့ စစ်တပ်က လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်၊ ပြည်သူပိုင်အာဏာကို ထိန်းချုပ်နိုင်ဖို့အတွက် သုံးထားတယ်လို့ မြင်တယ်"

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အဓိက ပစ်မှတ်ထား ဖိနှိပ်ညှဉ်းပန်းခံရသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေလည်း ပါဝင်ပါတယ်။

NLD ပါတီ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ဌာနရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ၂၂ လအတွင်းမှာ NLD ပါတီဝင် စစ်ကြောရေးမှာ ၁၅ ဦး၊ ထောင်တွင်းမှာ ခုနစ်ဦး၊ ကြိုးပေး အသတ်ခံရသူ တစ်ဦး၊ အကြောင်းပြချက်မရှိဘဲ ဒေသအသီးသီးမှာ ပစ်သတ်ခံရသူ ၅၀၊ စုစုပေါင်း ၇၇ ဦး အသက်ဆုံးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းက ပါတီဝင်တွေရဲ့ နေအိမ် ၃၂၉ လုံး ချိပ်ပိတ်သိမ်းယူခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org