ကျားဖောင်က လူ့အခွင့်အရေး ဘယ်လို ကာကွယ်ကြမှာလဲ
2019.12.01
ဒီရက်ပိုင်းအတွင်း သတင်းစာမျက်နှာတွေ၊ လူမှုကွန်ရက်တွေမှာ ဆက်တိုက်လိုလို မြင်နေကြားနေရတာကတော့ ပင်လယ်ငါးဖမ်းကျားဖောင်လုပ်ငန်းနဲ့ အဲဒီလုပ်ငန်းကနေ လွတ်မြောက်လာတဲ့ ရေလုပ်သားတွေရဲ့ ငရဲခန်းတွေပဲ ဖြစ်ပါတယ်။
လူကုန်ကူးခံရပြီး ဖျာပုံမြို့နယ်၊ ကျုံကဒွန်း၊ ဒေါ်ညိမ်း ကမ်းခြေဘက်က ကျားဖောင်လုပ်ငန်းမှာ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း လုပ်ငန်းခွင်မှာရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းမှာတော့ ငါးဖမ်းကျားဖောင်တွေပေါ်က ငရဲခန်းတွေရဲ့ အစ တစ်စကို ဆွဲထုတ်မိသလို ဖြစ်သွားခဲ့ပါတယ်။
အဲဒီအစကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ကောင်းသောအစလို့ မမြင်ပါဘူး။
“ကျနော်တို့နိုင်ငံမှာ ဒီလို ရေလုပ်ငန်းရဲ့ ထွက်ကုန်တွေဟာ ဒီလို ညှဥ်းပန်းနှိပ်စက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့ ထုတ်လုပ်နေပါတယ်လို့ ဆိုခဲ့ရင်၊ စွပ်စွဲခဲ့ရင်၊ ဒီဟာ မီးလောင်ရာလေပင့်ဖြစ်ပြီးတော့ ကျနော်တို့ရဲ့ ရေးသားတင်ပြမှုဟာ အဲဒီအထိရောက်သွားခဲ့ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ရေလုပ်ငန်းရဲ့ စီးပွားရေးက အထိနာလိမ့်မယ်။ အဲဒါသည် တစ်ကြိမ်ဖြစ်သွားပြီးရင် နောင်ပြန်ဆည်ဖို့အတွက် ဘယ်တော့ ပြန်ရုပ်သိမ်းမှာလဲတို့ ဘာတို့ ပြန်မျှော်လင့်လို့ကို မရဘူး။ ရှေ့က ဖြစ်ခဲ့တဲ့အဖြစ်ကြောင့်။ အဲဒီတော့ မီဒီယာတွေကို ကျနော်က မေတ္တာရပ်ခံချင်တယ်။ အမျိုးသားရေးလည်း ကြည့်ပြီးတော့ ဖြစ်စဉ်တွေအပေါ်မှာ ခွဲခြားပြီးတော့ ဒီနေရာမှာ ဒါဖြစ်ရင် ဖြစ်တဲ့သူမှာ တာဝန်ရှိတယ်။ သူရှင်း။ တည်ဆဲဥပဒေနဲ့။”
အဲဒီသတင်းတွေ ဆက်တိုက်တက်လာချိန်မှာပဲ ဧရာဝတီတိုင်း ကျားဖောင်လုပ်ငန်းရှင်များအသင်းက ဖျာပုံမြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရေလုပ်သား လိုအပ်ချက်ကြောင့် လူကုန်ကူးမှုတွေ ရှိ မရှိ မစိစစ်နိုင်ဘဲ ပွဲစားတွေကနေ လုပ်သားခေါ်ယူနေရတယ်လို့ ပြောလိုက်ပါတယ်။ အလုပ်သမား ၈၀ ရာခိုင်နှုန်းဟာ အထောက်အထားမရှိဘူးလို့ ကျားဖောင်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌက ပြောပါတယ်။
ကျားဖောင်ပိုင်ရှင်တွေအနေနဲ့ ဖောင်ဦးစီးတွေ၊ အလုပ်သမားတွေကို ရိုက်နှက်ဖို့ စေခိုင်းတာတွေမရှိဘူးလို့လည်း အသင်းတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကျားဖောင်ကနေ ပြန်လွတ်မြောက်လာသူတွေကတော့ သူတို့နေခဲ့ရတဲ့နေရာကို လောကငရဲအနေနဲ့ ပုံဖော်ပြောကြပါတယ်။ အိပ်ချိန်မရှိသလောက် အချိန်ပြည့် အလုပ်လုပ်ကြရပြီး လုပ်ရတဲ့အလုပ်ကလည်း အလွန်အတန် ပင်ပန်းတယ်လို့ဆိုပါတယ်။ ဒီ့အပြင် လုပ်ငန်းအတွေ့အကြုံမရှိသူတွေမို့ လုပ်ပုံကိုင်ပုံ မမှန်တဲ့အခါ ဖောင်ဦးစီးတွေ၊ ဖောင်ဦးစီးချုပ်တွေရဲ့ အရိုက်အနှက်ကို ခံရတယ်လို့လည်း ပြောကြပါတယ်။
သဘာဝပင်လယ်ရေစီးမှာ မျောနေပြီး အလွန်လေးလံလှတဲ့ ငါးဖမ်းပိုက်ကြီးတွေကို အိပ်ရေးမဝတဲ့ လူသားအားနဲ့ ဆယ်ယူမတင်ရတာမှာတင် ထိခိုက်ဒဏ်ရာတွေက ရနေကြပြီးသားဖြစ်တယ်လို့ ကျားဖောင်လုပ်ငန်းအကြောင်း မှတ်တမ်းရုပ်ရှင် သွားရောက်ရိုက်ခဲ့ဖူးတဲ့ သတင်းထောက် ကိုစံသာအောင် ကပြောပါတယ်။
ကမ်းခြေကလုပ်ငန်းရှင်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ချက်ချင်းကူညီတယ်ဆိုတာ မရှိဘူး
“၂၄ နာရီလုံး ရေတက်ရေကျနဲ့ လုပ်ရတယ်။ နားချိန် မရှိလှဘူး။ ရလာတဲ့ ငါးတွေကို တောက်လျှောက် ပြုပြင် နေရတယ်။ နေလှန်း၊ ရင်ခွဲတယ်၊ ပြုတ်တယ်၊ စသဖြင့်။ လုပ်ငန်းခွင်တွေက အများကြီးပဲ။ သာမန် ငါးဖမ်းရုံ မဟုတ်ဘူး။ မှန်းကြည့်လိုက်တာနဲ့ ဘယ်လောက်ပင်ပန်းမလဲ ဆိုတာ မှန်းလို့ရတယ်။ ပြန်လာတဲ့သူတွေ ပြောတာကလည်း တွေးကြည့်လို့တောင် မရဘူးပေါ့နော်။ သူတို့အရမ်းပင်ပန်းတယ်။ အရိုက်ခံရတယ်။ ပိုက်အကြီးကို ပြန်ပြီးတော့ ဆွဲတင်ရတဲ့ ရစ်လုံးလိုဟာမျိုးကြီး အကြီးကြီးရှိတာပေါ့။ သူတို့က ဂျပ်တုံးလို့လည်း ခေါ်တာပေါ့နော်။ အဲဒါကြီးက ရေစီးနဲ့မျောနေတာ အကြီးကြီးပဲလေ။ အဲဒါကို လူ နှစ်ယောက် သုံးယောက်လောက်အားနဲ့ ပြန်ဆွဲတင်ရတာ လွယ်တာတော့ မဟုတ်ဘူး။ ပိုက်က ရေစီးနဲ့ပါသွားတယ်ဆိုတော့ ပြန်လည်တာပေါ့။ အဲဒါနဲ့ တိုက်မိလို့ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ ခေါင်းတွေ၊ ကိုယ်တွေ၊ လက်တွေ။ အဲဒီအခါကျရင်လည်း လှေပေါ်မှာ၊ ဖောင်ပေါ့နော်၊ ဘာမှရှိတာမဟုတ်ဘူး။ ကမ်းခြေကလုပ်ငန်းရှင်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ချက်ချင်းကူညီတယ် ဆိုတာ မရှိဘူး။ ဆိုတော့ လူတစ်ယောက်က သေမယ်ဆို ချက်ချင်းသေသွားနိုင်တာပေါ့။”
ဒီလို စိတ်မကောင်းစရာ လူ့အခွင့်အရေးနစ်နာမှုတွေ ရှေ့ဆက်မဖြစ်အောင် ဘယ်လို ဆက်လုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က RFA စကားဝိုင်းအစီအစဉ်မှာ အခုလို ဆွေးနွေးထားပါတယ်။
“အလုပ်လုပ်တယ်ဆိုလို့ရှိရင် အလုပ်သမားဝန်ကြီးဌာနမှာ လေဘာကတ် လုပ်ကိုလုပ်ရမယ်။ အလုပ်ရှာတဲ့ သူကလည်း အဲဒီလေဘာကတ်ရှိတဲ့သူကိုပဲ ခန့်ရမယ်ပေါ့။ ပြီးလို့ရှိရင် အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ် ချုပ်ဖို့လိုတယ်။ ပြီးတော့မှ သူ့ဆီမှာ အလုပ်သမား ဘယ်နှစ်ယောက်ခန့်ထားသလဲဆိုတာကို အလုပ်သမား ဝန်ကြီးဌာနကို သတင်းပို့ဖို့ လိုပါတယ်။ အဲဒါမှလည်း အလုပ်သမားဝန်ကြီးဌာနမှာ စာရင်းရှိမယ်ပေါ့။ နောက်တစ်ခုက မှတ်ပုံတင် အမှန်အကန်နဲ့ လာပြီး အလုပ်လုပ်ဖို့လိုတယ်။ ဒါမှလည်း အလုပ်သမားဝန်ကြီးဌာနက စီစစ်ဖို့ လိုမယ်။ နောက်တစ်ခုက ငါးလုပ်ငန်းဦးစီးဌာနကိုလည်း သူ့ရဲ့ မိခင်ဌာနဖြစ်တဲ့အတွက် ဒီငါးလုပ်ငန်း ဦးစီးဌာနမှာ ဘယ်သူတွေ အလုပ်လုပ်နေပါတယ်ဆိုတာ စာရင်းရှိဖို့ လိုမယ်။ ဒီလိုစာရင်းမရှိလို့လည်း ခုလိုပြဿနာတွေ ဖြစ်တာပေါ့လေ။”
ရှေ့လျှောက် ရေလုပ်သားတွေရဲ့အခွင့်အရေးကို ဦးယုလွင်အောင် ပြောတဲ့နည်းနဲ့ ကာကွယ်နိုင်မယ်ဆိုရင် တောင် ဖြစ်ခဲ့ပြီးတာတွေနဲ့ ဖြစ်နေဆဲ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လိုဖြေရှင်းကြပါမလဲ။ ဦးဝင်းကြိုင် ကတော့ အခုလို ပြောပါတယ်။
“ဖြစ်စဉ်တွေကို ကျနော်တို့က မဖြစ်ဘူးလို့လည်း ငြင်းလို့မရဘူး။ ဒီခေတ်ကြီးက ဗျာ၊ ဒီလောက် မြင်သာ ထင်သာနဲ့ ဘယ်လိုမှ ဖုံးကွယ်လို့မရတာဆိုတော့ ဖြစ်စဉ်တွေကရှိရင် ရှိတဲ့အတိုင်း ကျနော်တို့က ဖြေရှင်းရမှာပဲ။ အဲတော့ လူကုန်ကူးတယ်ဆို လူကုန်ကူးမှု ရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုဥပဒေနဲ့ အရေးယူ၊ အလုပ်ရှင် အလုပ်သမားကိစ္စဆို၊ ညှဥ်းပန်းနှိပ်စက်တယ်ဆို အလုပ်ရှင်၊ အလုပ်သမားဥပဒေနဲ့ အရေးယူ။ ရာဇဝတ်မှုဆို ရာဇဝတ်မှုဥပဒေနဲ့ အရေးယူပေါ့ဗျာ။ ဒီလိုဖြစ်စေချင်တာ။”
သတင်းထောက် ကိုစံသာအောင် ကတော့ ကျားဖောင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မီဒီယာတွေအနေနဲ့ သတိထားရေးကြဖို့ ငါးလုပ်ငန်းဖွဲ့ချုပ်က ပြောလိုက်တာကို ခြိမ်းခြောက်ရာရောက်တယ်လို့ မြင်ပါတယ်။
“ဒီဟာကြီးက သတင်းတွေမှာဖော်ပြလို့ ရောက်သွားမယ်ဆိုတာမျိုး၊ သူတို့ခြိမ်းခြောက်ပြောတာမျိုးကလည်း မဟုတ်ဘူးလို့ ကျနော်ထင်တာပေါ့နော်။ အဓိက ဒီလုပ်ငန်းဆက်ပြီးတော့ တည်မြဲချင်တယ်ဆိုရင် အားလုံးအတွက် အဆင်ပြေမယ့် လုပ်ငန်းခွင်ဆိုင်ရာစည်းကမ်းတွေ လိုတယ်လို့ ကျနော်ထင်တာပဲ။”
ဖျာပုံမြို့နယ် ပင်လယ်ကျားဖောင်လုပ်ငန်းမှာ တစ်ရာသီကို လုပ်သား တစ်သောင်းဝန်းကျင် လိုအပ်လေ့ရှိပြီး ပုံမှန်အားဖြင့်ဆိုရင် ကျားဖောင်လုပ်ငန်းတစ်ရာသီမှာ သေဆုံးသူ ၁၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၈- ၂၀၁၉ ခုနှစ် အတွင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ အမှုပေါင်း ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုသတင်းတွေကြောင့်ပဲ ကျားဖောင်လုပ်ငန်းခွင်မှာ လူအခွင့်ရေးချိုးဖောက်မှုတွေ အများဆုံးလို့ ဝေဖန်မှု ကောက်ချက်ချခဲ့ကြသံတွေ ထွက်ပေါ်လာပြီးတဲ့နောက် မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်က အခုရက်ပိုင်းမှာပဲ ကျားဖောင်တွေကို သွားရောက်စစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။