AA ခေါင်းဆောင်မိသားစုဝင်တွေ ဖမ်းဆီးခံရမှု လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

မြန်မာအစိုးရရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ အပေါ် မြန်မာအစိုးရဆီ လွှဲပြောင်းပေးမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ခံရနိုင်တယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ဇနီး ဒေါ်နှင်းဇာဖြူနှင့် သားဖြစ်သူကို ၂ဝ၁၉ ဒီဇင်ဘာ ၆ ရက်နေ့က ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တွေ့ရစဉ်

ထိုင်းအာဏာပိုင်တွေက AA စစ်ဦးစီးချုပ်ရဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ဒီဇင်ဘာ ၄ ရက်နေ့က စတင် ဖမ်းဆီးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်ဆိုရင် ညှဥ်းပန်းနှိပ်စက်ခံရမှုတွေ ရှိလာမယ့် အခြေအနေ ရှိနေတဲ့အတွက် ထိုင်းအာဏာပိုင်အနေနဲ့ သူတို့တွေကို မြန်မာအစိုးရဆီ ပြန်မပို့ဖို့ Fortify Right အဖွဲ့နဲ့ ထိုင်းနိုင်ငံအခြေစိုက် အရပ်ဖက်အဖွဲ့တွေက တောင်းဆိုတာတွေ ရှိပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရတာဟာ မြန်မာအစိုးရက ဖိအားပေးမှုကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ Fortify Right အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“AA ခေါင်းဆောင်ရဲ့ ဇနီးရယ် သမီးရယ်၊ သားရယ်ကိုပေါ့နော် ထိုင်းအစိုးရကနေပြီးတော့ ဖမ်းပြီးတော့ ပြန်ပို့တဲ့ ကိစ္စရပ်က ဘယ်လိုဖြစ်လဲဆိုလို့ရှိရင် မြန်မာပြည်ကို ပြန်ပြီးတော့ ဖမ်းပြီးတော့ အပို့ခံရမယ်ဆိုလို့ရှိရင် ညှဥ်းပန်း နှိပ်စက်ခံရမယ်။ မတရားဖမ်းဆီးခံပြီးတော့ ထောင်ချရမယ်ဆိုတဲ့ အလားအလာတွေ တွေ့တဲ့အတွက်ကြောင့် မို့လို့ ထိုင်းအစိုးရကို အဲလို မလုပ်သင့်ဘူး ဆိုပြီးတော့ ကျနော်တို့ စာထုတ်ပြန်တာပါ။ မဆိုင်တဲ့အမျိုးသမီးနဲ့ ကလေးကို ပို့တာကတော့ ဒါလူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရတာပေါ့။ တစ်ခုဖြစ်နိုင်တာက မြန်မာအစိုးရက နေပြီးတော့ တမင်တကာကို ဖမ်းပြီးတော့ ပို့ခိုင်းလို့သာလျှင် ထိုင်းအစိုးရက လုပ်ရတဲ့ သဘောမှာရှိတာပေါ့။”

လက်ရှိ မြန်မာအစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အခုလိုဖမ်း ဆီးလိုက်တာဟာ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ အခုလိုလုပ်တာမျိုးက မဖြစ်သင့်ဘူးလို့ AA ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ULA/AA အဖွဲ့ဝင်တွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို ပုဂ္ဂိုလ်ရေးဆန်ဆန် ပစ်မှတ်ထားပြီးတော့ မြန်မာအစိုးရဘက်က လုပ်ဆောင်နေတာ ကတော့ အတော်လေး ကြာနေပြီ။ ဒီလိုမျိုးငြိမ်းချမ်းရေးအတွက် တစ်ဘက်နဲ့တစ်ဘက် တွေ့ဆုံစကားပြောနေကြတဲ့ ကာလမှာ အခုလိုမျိုး ခေါင်းဆောင်တွေရဲ့ မိသားစုဝင် ဒီကလေးငယ်တွေက အစပေါ့ ပုံစံအမျိုးမျိုးနဲ့ ဒုက္ခပေးတာ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ မြင်တယ်”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အချိန်မှာ AA ခေါင်းဆောင်တွေရဲ့ ဆွေးမျိုးတော်စပ်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ စင်္ကာပူနိုင်ငံကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိဘဲနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်မှာ မဟုတ်ဘဲ ပြစ်မှုကျူးလွန် ထားတာမျိုးရှိလို့သာ ဖမ်းဆီးတာ ဖြစ်တယ်လို့ အငြိမ်းစား ဗိုလ်မှူး ဒေါက်တာ အောင်မျိုးက သုံးသပ်ပြောပါတယ်။

“ဒီလိုဖမ်းတာကလည်း ပြစ်မှုဆိုင်ရာ တစ်ခုခုကို ကျူးလွန်ထားလို့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ သေချာပါတယ်၊ မြန်မာနိုင်ငံရော ထိုင်းနိုင်ငံရော ဘယ်သူ့ကိုမှအပြစ် ကျူးလွန်မှု မရှိလို့ရှိရင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးမို့လို့ ဆွေးမျိုးမို့လို့ ဖမ်းတယ်ဆိုတာမျိုးကတော့ မဟုတ်ပါဘူး၊ ဒါသူ့ဟာသူ အပြစ် တစ်ခုခုလုပ်ထားလို့သာ ဖမ်းတယ်ဆိုတာ ပြောနိုင်ပါတယ်။”

AA စစ်ဦးစီးချုပ်ရဲ့ မိသားစုဝင်တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားတာမျိုး မရှိခဲ့ပါဘူး။

ဒီလိုဖမ်းဆီးရတာဟာ မြန်မာအစိုးရဘက်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ အပါအဝင် ညီအစ်ကိုမောင်နှမ တော်စပ်သူ ၁၀ ယောက်ဟာ အဖျက်အမှောက် လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်တာကြောင့် ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရကို မြန်မာဘက်က တောင်းဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ ဦးစံကျော်လှကတော့ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတဲ့ သမီးဖြစ်သူနဲ့ ပတ်သက်ပြီး စိတ်ပူနေကြောင်း အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုတာလည်း မဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ပြောချင်တာက စိတ်မကောင်းဖြစ်တာပေါ့၊ လုံးဝမဖြစ်နိုင်ဘူးကွာ ဒါက ပြောတဲ့လူကလည်း ပြောမှာပဲ၊ ဒါမျိုးလုံးဝမဖြစ်နိုင်ဘူး ပြောချင်တာကတော့ သက်ဆိုင်မှု မရှိဘဲနဲ့ ထွန်းမြတ်နိုင်ရဲ့ အမျိုးသမီးဆိုတိုင်း ဒီလိုဖမ်းတာကတော့ အခုသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ထိခိုက်မှုဖြစ်နိုင်တယ်”

ဦးစံကျော်လှကတော့ AA စစ်ဦးစီးချုပ်ရဲ့  ယောက်ခမတော်စပ်သူဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ANP  ကဖြစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကြောင့် ပြန်မပို့ဘူးဆိုတာမျိုးလည်း ကြားရကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“စစ်ပွဲနဲ့မဆိုင်တဲ့ မိန်းမတွေကလေးတွေ ဖမ်းတာကတော့ ကောင်းတဲ့ကိစ္စမဟုတ်ဘူးပေါ့ဗျာ၊ တစ်ဘက်နဲ့ တစ်ဘက် အဲလို စွပ်စွဲတာများလာရင် လက်တုံ့ပြန်မှုတွေလည်း ဖြစ်လာနိုင်မှာကို စိတ်ပူပါတယ်။ ဥပမာဆိုပါစို့ တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့က ဇနီးသားသမီးတွေ အပြစ်ရှိတယ်လို့ ယူဆရင် တစ်ဘက်ကလည်းဘဲ တပ်မတော်ဘက်က ထိပ်တန်းခေါင်းဆောင် တွေရဲ့ သားသမီးတွေကို အပြစ်ရှိတယ်လို့ပဲ ပြန်လည်ယူဆလာရင် မျက်လုံးတစ်လုံး မျက်လုံးတစ်လုံး သွားတစ်ချောင်းဖြစ်ရင် သွားတစ်ချောင်း ဆိုတာမျိုး လက်တုံ့ပြန်လာမယ်ဆိုရင် အာဃာတတွေ ပိုကြီးပြီး ပြဿနာတွေ ပိုရှုပ်ထွေးနိုင်ပါတယ်။ လောလောဆယ် သတင်းတွေအရတော့ ပြန်ပို့ဖြစ်ဖို့ကတော့ ရာခိုင်နှုန်း အတော်နည်းလိမ့်မယ်လို့ ထင်ပါတယ်။”

မြန်မာအစိုးရအာဏာပိုင်တွေအနေနဲ့ AA အဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ခိုင်သုခတို့ရဲ့ ဆွေးမျိုးတွေ ဖြစ်တဲ့ ညီဖြစ်သူ၊ ညီမတော်စပ်သူ၊  ယောက်ဖတော်စပ်သူတွေကို ဖမ်းဆီးတရားစွဲအရေးယူမှုတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာအစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုတွေ ဖမ်းဆီးခံရမှုတွေ အမြောက်အမြား ရှိနေပါတယ်။ မနေ့က ကျောက်တော်မြို့ က ပစ်ခတ်မှုတွေကြောင့် သုံးတန်းကျောင်းသားတစ်ဦး သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတိုက်ပွဲတွေကြောင့် ၂၀၁၈ ခုနှစ်အတွင်း ကလေးငယ် ၁၄၀ ကျော်သေဆုံးခဲ့တယ်လို့ ယူနီဆက်ဖ်မြန်မာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org