ကန့်ဘလူမြို့နယ် ထန်းတောရွာက အိမ်ခြေ ၃၅ လုံးနဲ့ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က မီးရှိ့
2022.05.27

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းက မေလ ၂၇ ရက်နေ့က မီးရှို့သွားခဲ့ပါတယ်။ ထန်းတောရွာသား ကိုအောင်သူက စစ်ကောင်စီတပ်ဟာ ရွာမှာညအိပ်ရပ်နားပြီး နောက်တနေ့မနက်မှာ အိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းဆောင်တွေကို မီးရှို့တယ်လို့ RFA ကိုပြောပါတယ်။
“စစ်ကြောင်း ၂ဝ ရက်နေ့က ထိုးကတည်းက ရွာကလူတွေက အကုန်လုံး ကြောက်ပြီးတော့ လန့်ပြီးတော့ တိမ်းသွားကြတာပေါ့၊ ပြည်သူတွေအကုန်လုံးကလေ အဲတော့ ပြန်မကပ်ရဲကြတော့တာပေါ့၊ အဲမှာ မနေ့က ၂၆ ရက်နေ့က ရောက်တော့ တခါစစ်ကြောင်းက ပြန်ပြီးတော့ ထိုးဝင်ခဲ့တယ်။ ရွာထဲကိုဝင်တဲ့ အင်အားက ၈ဝ ကျော်လောက် ဝင်တယ်ဗျ။ အဲမှာသူတို့ရွာကိုဝင်ပြီးတော့ စတည်းချတယ်၊ အဲမှာ ညအိပ်ကြတယ်ပေါ့။ အဲမှာရှိတဲ့ တိရစ္ဆာန်တွေ၊ ဆိတ်ရယ် ကြက်ပေါ့၊ ပြီးရင်ဘဲတို့ ငန်းတွေပေါ့၊ အဲလိုမျိုးဘဲငန်းတွေပေါ့၊ အဲဒါတွေကို သူတို့ သတ်ဖြတ် စားသောက် သွားတယ်ဗျ။ သတ်ဖြတ်စားသောက်ပြီးတော့ ဒီနေ့ ၂၇ ရက်နေ့မနက် ခြောက်နာရီခွဲ လောက်မှာ ရွာကိုမီးစတင်ရှို့သွားတယ်။ ကိုးနာရီလောက်မှာ သူတို့ ပြန်ထွက်ခွာ သွားတယ်ပေါ့၊ ရွာက အိမ်ခြေ ၃၅ လုံးမီးလောင်တယ် စပါးတိုက်က ၁၈ လုံးပေါ့၊ ဘုန်းတော်ကြီးကျောင်းက အဆောင် ၃ ဆောင် မီးရှို့သွားတယ် နှစ်ထပ် ကျောင်းဆောင်လည်း ပါတယ်ဗျ။”
ထန်းတောရွာကနေ ၂ မိုင်ကျော်ခန့်ဝေးတဲ့ တောတွင်းတစ်နေရာမှာ ထွက်ပြေးပုန်းအောင်း နေရတဲ့ ရွာသူတစ်ဦးက ရွာကို မပြန်ရဲသေးလို့ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ အိမ်တွေထဲမှာ သူတို့ အိမ်ပါသွားပြီလားဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။
“မသိဘူးရယ်လို့။ တောကဝေးနေလို့ မသွားရဲဘူးသူတို့ကြောက်နေလို့။ ကျွန်မလည်း တောထဲနေတာဆိုတော့ အလုံးစုံ မသိတတ်ဘူးရယ်ရှင့်။ ရွာကြီး မီးခိုးလုံးတွေ လှမ်းမြင်နေရလို့ သိရတာ။ သွားမကြည့်ရဲတာ။”
သူ့ခင်ပွန်းကလည်း “ကျွန်တော့်အိမ် ပါလား၊ မပါလား ကျတော်လည်း မသိသေးဘူး။ မနက်မှ သွားကြည့်ရမှာ။ လောလောဆယ် ကြားတာက ၃၅ လုံးလို့ ကြားတယ်ဗျ။”
မီးလောင်ပြီးစမှာ တော်လှန်ရေးအင်အားစုတွေက ထန်းတောရွာပေါ်ကို ဒရုန်း (ခေါ်) မောင်းသူမဲ့ လေယာဉ်တစ်စင်း စေလွှတ်ပြီး ဗွီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဗွီဒီယိုမှာ မီးလောင်အိမ်တွေက မီးခိုးတွေ တလူလူတက်နေတာကို မြင်တွေ့ရမှာပါ။
စစ်ကောင်စီတပ်တွေဟာ ထန်းတောရွာကအထွက်မှာ တောင်မုတ်စုဆိုတဲ့ တောတန်းထဲက တောင်ယာသမားတွေပိုင် ဆိတ်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ် စားသောက် သွားခဲ့တယ်လို့ ကိုအောင်သူက ပြောပါတယ်။
“ရွာကနေပြီးတော့ သူတို့မြောက်ပိုင်းကို ထပ်သွားတယ် အဲမှာ တောင်မုတ်စုဆိုတဲ့ တောတန်းကို သူတို့ဝင်တယ်လို့ပြောတယ် ရွာနာမည်မဟုတ်ဘူးဗျ။ တောတန်းရဲ့ နာမည်ပေါ့ လူတွေနေပါတယ်ဗျ။ တောထဲမှာ တောင်သူသွားလုပ်နေတဲ့ ပြည်သူတွေ ရှိတယ်လေ အဲပြည်သူတွေက မွေးထားတဲ့ ဆိတ်တွေပေါ့၊ အဲ့တော့ သူတို့စစ်ကြောင်း လာတယ်ဆိုတော့ လူတွေက တိမ်းသွားကြတာပေါ့။ ဒါပေမဲ့ ဆိတ်တွေ ကျန်ခဲ့တာပေါ့ အဲ့မှာ ဆိတ်တွေကို သတ်ဖြတ်စားသောက်သွားတယ်လို့ ပြောတယ်ဗျ”
အိမ်ခြေ ၂ဝဝ ကျော်ရှိတဲ့ အဲဒီ ထန်းတောရွာအနီးမှာ မေလ ၂ဝ ရက်နေ့က NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း (၄) က တပ်ခွဲ ၃ ခု၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တစ်ဖွဲ့က တပ်ဖွဲ့ဝင်တွေအပြင် တခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြေအောက်လှုပ်ရှားရေးအဖွဲ့ဝင်တွေ စုပေါင်းပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ခမရ ၃၆၉ တပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ဝ ခန့် ဒဏ်ရာရသွားခဲ့ပါတယ်။
PDF တပ်ရင်း ၄ လက်အောက်ခံ တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်သူရိန်က အဲဒီနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးသူတွေထဲမှာ အရာရှိ တစ်ဦးပါဝင်တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီဘက်က ၃ဝ လောက် ထိခိုက်ဒဏ်ရာရတဲ့အထဲက သေဆုံးသူတွေထဲမှာ အရာရှိတစ်ဦးပါတယ်လို့ ကြားတယ်။ ကျွန်တော်တို့ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီ တပ်သားကိုတော့ ဘာမှ မလုပ်ဘဲ အထက်သက်ဆိုင်ရာကို ပို့ပေးလိုက်ပါတယ်ခင်ဗျ။ စစ်တပ်က သူတို့ ဖမ်းသွားတဲ့ ရွာသားနှစ်ဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ ကျန် ထန်းတောရွာသား တစ်ယောက်ကတော့ ရဲစခန်းမှာရှိသေးတယ်လို့ ပြောတယ်ဗျ။ အတိအကျ မသိရသေးဘူး။”

အခုလို ရွာတွေကို မီးရှို့တဲ့အတွက် လူထုအနေနဲ့ ဆုံးရှုံးနစ်နာမှုပမာဏ များပြားလှပေမယ့် စစ်ကောင်စီကို ပိုမိုမုန်းတီးရွံရှာလာကြတယ်လို့လည်း ဗိုလ်သူရိန်က ပြောပါတယ်။
“သူတို့ကတော့ ကျွန်တော်တို့ ကျေးရွာတွေကို မီးရှို့တယ်ဆိုတာ ကျေးရွာက လူထု တွေကို သူတို့က ခြိမ်းခြောက်တာပေါ့။ ဒီလိုမျိုး ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ မဖွဲ့နိုင်အောင်ပေါ့ ဟိုလိုပြောရမယ်ဆိုရင် ခြောက်လှန့်ပေးတာပေါ့။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးဆိုတာ ပြည်သူကနေပြီးတော့ မွေးဖွားလာတာပေါ့။ ပြည်သူတွေကနေ ထပ်ပြီးတော့ မမွေးဖွားနိုင်အောင် ပြည်သူတွေကို အကြောက်တရား သူတို့ထည့်ပြီးတော့ မီးရှို့ခဲ့တာဗျ။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲထည့်ထည့် မီးရှို့ပါစေ၊ ကျွန်တော်တို့က သူတို့ကိုဆက်လက်ပြီးတော့ အမြစ်ဖြတ်ချေမှုန်းနေမှာပဲဗျ။ သူတို့ ဒီလိုမီးရှို့တဲ့အတွက် ပြည်သူတွေက သူတို့ကို အရင်တုန်းခေတ်တွေကလို မကြောက်လန့် တော့ဘဲနဲ့ ပိုပြီးတော့ရွံပြီးတော့ ကျွန်တော်တို့ရဲ့ ဒီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲ ပိုပြီးတော့ ဝင်လာကြတယ်ပေါ့ ဒီစစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက်ကို။”
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းတောရွာအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။