ဖားကန့်မှာ လက်လွတ်စပယ် သတ်ဖြတ်ဖမ်းဆီးမှုတွေပိုများလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လုယက်တာတွေ အရင်ထက်ပိုများလာလို့ ပြည်သူတွေရဲ့လုံခြုံရေးမရှိသလောက်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ လုတာ၊ ဓားပြတိုက်တာ အရင်နှစ်တွေကလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီဘက်ကလည်း သူတို့ကိုဆန့်ကျင်တဲ့သူတွေကို စစ်ဆင်ရေးလုပ်တယ်ဆိုပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးသတ်ဖြတ်တာတွေ များလာသလို၊ ခုခံတော်လှန်နေတဲ့သူတွေဘက်ကလည်း စစ်ကောင်စီဘက်က ရပ်တည်နေတဲ့သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အမည် မဖော်လိုတဲ့ ဖားကန့် ဒေသခံတစ်ယောက်က ပြောပါတယ်။

“၉ ရက်နေ့က PDF ထောက်ပို့ဆိုပြီး စွပ်စွဲတယ်။ လူ သုံးယောက်ကို ဖမ်းတယ်။ ဖမ်းတော့ တစ်ယောက်က ထွက်ပြေးတယ်။ ပစ်သတ်လိုက်တယ်။ သေတယ် တစ်ယောက်။ အဲဒီနောက်နေ့မှာ လုံးခင်းက လက်ရှိအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဖားကန့်မှာက ဘယ်သူမှ စိတ်မချရဘူး။ အချိန်မရွေး ပစ်သတ်ခံရနိုင်တဲ့အထဲမှာ ဖားကန့်ပါပါတယ်ဗျ။ တရားဥပဒေစိုးမိုးမှုက လုံးဝ အနုတ်အောက်ကို ရောက်နေတယ်။ တရားဥပဒေကိုင်ထားတဲ့ ရဲစခန်းတွေ အဲဒါကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေအားလုံးကလည်း အပြင်တွေဘာတွေကို လုံခြုံမှုမရှိဘဲ သူတို့လည်း မထွက်ရဲဘူး။ ထွက်မယ်ဆိုလည်း သူတို့လည်း စစ်ကြောင်းတွေရှိမှသာ ထွက်ရဲတာ”

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ မေလကုန်အထိ ဖားကန့်မှာ စစ်ကောင်စီ ဖမ်းလိုက်တဲ့ အရပ်သား ကိုးရာကျော်ရှိခဲ့ပါတယ်။ အဲဒီအထဲက ခုနစ်ရာကျော် ပြန်လွတ်လာပေမယ့် နှစ်ရာကျော်ကတော့ မလွတ်သေးပါဘူး။

"အချိန်မရွေး ပစ်သတ်ခံရနိုင်တဲ့အထဲမှာ ဖားကန့်ပါပါတယ်ဗျ"

စစ်ဆင်ရေးတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဒါမှမဟုတ် ပေါ်တာအထမ်းသမားအဖြစ် သုံးဖို့ အရပ်သားတွေကို စစ်ကောင်စီတပ်တွေက ဖမ်းတာလို့ပြောကြသလို၊ ပြန်မလွှတ်ဘဲ ဆက်ထိန်းထားတဲ့ သူတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ထင်ပြီး ဖမ်းထားတာလို့ သိရပါတယ်။

ဒီနှစ် ဇန်နဝါရီကနေ မေလကုန်ပိုင်းအထိ ဖားကန့်မြို့နယ်ထဲမှာ လက်နက်ကိုင်သူတွေက ပစ်ခတ်လို့ သေဆုံးတဲ့သူအနည်းဆုံး သုံးဆယ်ကျော်ရှိပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီ ဘက်က ဗိုလ်မှူးတစ်ယောက်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တပ်ဖွဲ့ဝင် သုံးယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေ ပါဝင်သလို အရပ်သားတွေလည်း ပါခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိပ်မူရွာမှာရှိတဲ့ KIO အုပ်ချုပ်ရေး ရုံးကို စစ်ကောင်စီတပ်က ဝင်စီးခဲ့ပါတယ်။ အဲဒီအချိန်မှာ KIO က ဖမ်းထားတဲ့အကျဉ်းသား ခြောက်ယောက် သေဆုံးခဲ့သလို အကျဉ်းသားတွေနဲ့ ရုံးစောင့် စုစုပေါင်း အယောက် နှစ်ဆယ်လောက် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အခုအချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေကိုသာမက ခိုးဆိုးလုယက်ခံရမှာကို လည်း ကြောက်နေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဖားကန့်မှာက နိုင်ငံရေးနဲ့ မဆိုင်တဲ့ဟာတွေလည်းဖြစ်နေတယ် အများကြီးပဲ။ သူခိုးဓားပြတွေလည်း ဘယ်သူက ဘယ်သူမှန်းမသိဘူး။ ဟိုမှာ ခြိမ်းခြောက်လိုက်၊ ဒီမှာ ခြိမ်းခြောက်လိုက်နဲ့ ကားတွေလုတာ၊ ဆိုင်ကယ်တွေလုတာ ပစ္စည်းတွေခိုးတာ ဆက်တိုက်ဖြစ်နေတယ်။ ဘယ်သူမဆို ဖမ်းပြီးရိုက်သတ်လို့လည်းရတယ်။ ဖမ်းပြီး တစ်ယောက်နဲ့တစ်ယောက် ပြဿနာရှာတဲ့ နေရာဖြစ်နေတယ်”

စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့သူတွေဆိုရင် ဘယ်မှာထိန်းသိမ်းထားလဲ မေးမြန်း စုံစမ်းလို့မရ၊ မိသားစုကလိုက်တွေ့လို့မရသလို ဘာသတင်းမှမရဘဲ ပျောက်သွားတဲ့ သူတွေလည်း ရှိတယ်လို့ပြောကြပါတယ်။

လမ်းပေါ်မှာပစ်ထားခဲ့တဲ့ ပိုင်ရှင်မဲ့အလောင်းတွေလည်း မကြာခဏတွေ့နေရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့် မြို့ပေါ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ယောက်ကို အမည်မသိ လူတစ်ခုက ပြန်ပေးဆွဲသွားပြီး ရွှေ တစ်ဆယ်သား၊ ငွေသိန်းသုံးရာနဲ့ ရွေးခိုင်းတာ ရှိခဲ့သလို၊ မေ ၃၀ ရက်နေ့ကလည်း ဆိပ်မူရွာက သံယောဇဉ်နန်းတော် တည်းခိုခန်းမှာ လုယက်မှုဖြစ်ခဲ့ပြီး ပိုင်ရှင်အမျိုးသမီး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW ) ရဲ့ တာဝန်ခံ ကိုဂျက်ကော့ က - ဖားကန့်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတော်များများရှိနေတယ်လို့ ပြောပါတယ်။

“ဒီလိုမျိုးဖြစ်နေရတဲ့အကြောင်းအရင်းက စစ်ကောင်စီကတော့ သူတို့က နိုင်ငံကိုလည်း မတရား အာဏာသိမ်းယူထားတယ်။ ပြီးတော့ အခုသူတို့လုပ်နေတဲ့လုပ်ငန်းတွေကတော့ ပိုပြီးမှ ပြည်သူတွေကိုဖိနှိပ်မယ်။ တိုင်းရင်းသားလက်ကိုင်တွေကို သူတို့ကကြေညာ ပြီးသား။ ပိုပြီးမှ အမြစ်ဖြတ် ချေမှုန်းရေးသွားနေတယ်။ သူတို့က နိုင်ငံတကာဥပဒေကို လိုက်နာတာမရှိဘူး။ ဆိုးဆိုးရွာရွား သူတို့ ကျူးလွန်သတ်ဖြတ်နေတယ်။ ဒီလိုမျိုးကို သူတို့က ဖားကန့်မှာပဲ မဟုတ်ဘဲ တခြားပြည်နယ်မှာလည်း ဖြစ်နေပါတယ်“

သူတို့အဖွဲ့ရဲ့ စာရင်းအရ ဖားကန့်မှာ ဒီနှစ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်သူ ရှစ်ရာနီးပါးရှိပြီး နှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဖားကန့်ကဖြစ်ရပ်တွေအတွက် စစ်ကောင်စီကို အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။

အခုလို စစ်တပ်တွေက လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးကြည့်ဖို့ ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းမကိုင်ပါဘူး။

KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်မှာ သူတို့ KIO ရနေတဲ့ အခွန်ဝင်ငွေတွေကို ဖြတ်တောက်ချင်လို့ စစ်ကောင်စီ ပြည်သူတွေကို ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်တာတွေလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ကေအိုင်အိုရဲ့ အဓိကဝင်ငွေကတော့ ဖားကန့်ကရတယ်ဆိုတဲ့ သူတို့က ကျွန်တော်တို့ရဲ့ စီးပွားရေးကိုဖြတ်တောက်ချင်လို့ အခုလိုမျိုး ပြဿနာမျိုးပေါင်းစုံ သူတို့ လုပ်တယ်လို့ ကျွန်တော်မြင်ပါတယ်၊ သုံးသပ်ပါတယ်။ နောက်တစ်ခုက ဖားကန့်ကို သူတို့က အုပ်စိုးချင်တယ်။ ကျွန်တော်တို့ ကေအိုင်အို ကေအိုင်အေနဲ့ပတ်သက်တဲ့ အားလုံးကို ရှင်းချင်တာ”

ကေအိုင်အိုရဲ့ ရှေ့တန်းအရာရှိတွေလည်း အဖမ်းခံထားရတယ်လို့ပြောပေမယ့် ဘယ်နှယောက်လဲ ဆိုတာကိုတော့ ဗိုလ်မှူးကြီးနော်ဘူက မပြောပါဘူး။

စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: People Media)
စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: People Media)

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ သူတို့အနေနဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ဥပဒေနဲ့အညီ နှိမ်နင်းဖို့ကြိုးစားနေတယ်လို့ ပြောပါတယ်။

“လုံခြုံရေးဆိုက်တွေဖြစ်တဲ့အတွက် အဲဒီကိစ္စကို ကျွန်တော်က ထဲထဲဝင်ဝင်မသိဘူး။ မသိဘူးဆိုတော့ ဒီဥစ္စာကိုလုပ်နေတာ သူ့ဝန်ကြီးဆိုက်ကနေ သူလုပ်နေတာရှိတယ်။ ကျွန်တော်ကျတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ရဲတို့ဘာတို့ ကျန်တဲ့လုံခြုံရေးတို့ဘာတို့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ အဲဒီလိုအကြမ်းဖက်တဲ့ဖြစ်စဉ်တွေ၊ ဘာတွေကို ဥပဒေနဲ့အညီ နှိမ်နင်းဖို့တော့ လုပ်ပါတယ်။ အဲလောက်ပဲ ကျွန်တော်တို့သိတယ်။ ကျန်တဲ့အသေးစိတ်အောက်မှာ လုပ်နေတဲ့အစီအမံတွေတော့ ကျွန်တော်မသိဘူး”

၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ ဖားကန့်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ဥပဒေစိုးမိုးမှုမရှိတာကြောင့် ဖြစ်နေတာလို့ ပြောပါတယ်။

“အချက် သုံးချက်ကြောင့် ဖြစ်နေတာလို့တော့ မြင်တယ်။ ပထမတစ်ချက်ကတော့ ဒလန်ရှင်းတာဘာညာရှိမယ်။ နောက်တစ်ခုက စစ်ကောင်စီက သတ်တဲ့ဟာပေါ့နော်။ အခု စစ်ကောင်စီက သူတို့ ကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ဥပဒေကို သူတို့ကိုယ်တိုင် မလိုက်နာဘူး။ တကယ်ဖမ်းဆီးထားတာတွေကို လုပ်ရမှာက စစ်ကြောရေးပြီးရင် တရားရုံးပို့တာမျိုး၊ အမိန့်ချတာမျိုး အမိန့်ချမှာပေါ့နော်။ အခုကအဲလိုမဟုတ်ဘူး ဖမ်းဆီးထားတဲ့လူတွေကို သူတို့က ထုတ်ပြီးတော့ သတ်ပြနေတယ်။ ဒီဟာကတော့ ပိုများတယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုတော့ လမ်းဘေးမှာပစ်သတ်ခံထား ရတဲ့ လူတွေဆိုရင် ဒါအရပ်သားတွေပါတယ်၊ PDF တွေပါတယ်။ ဒါကို သူတို့က ဥပဒေကြောင်းအရ မစီရင်ဘဲ ထုတ်ပြီးမှလမ်းဘေးမှာ လာပစ်ထားတယ်ဆိုတာက အားလုံးကြောက်လန့်အောင်လုပ်တာရော၊ ခြိမ်းခြောက်တာပေါ့နော်၊ နောက်တစ်ချက် ကတော့ ဒီလိုဖြစ်နေတဲ့ခေတ်ပျက်ကြီးထဲမှာ အခွင့်အရေးသမားတွေကလည်း ရှိတယ်ပေါ့နော်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ပေါ့။ အဲဒီသဘောပါပဲ။ ဒါဆိုနိုင်ငံရေးနဲ့မဆိုင်တဲ့ လူသတ်မှုတွေလည်းဖြစ်နေတယ်”

အခုနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေ အဖမ်းခံရတာလည်း များလာတယ်လို့ ပြောပါတယ်။