မြန်မာနိုင်ငံသားတွေ အသက်ရှည်ရှည်နေနိုင်ရေး အစိုးရဘာလုပ်သင့်သလဲ
မြန်မာနိုင်ငံသားတွေ လူ့သက်တမ်းစေ့နေနိုင်ရေး၊ အသက်ရှည်နှုန်းမြင့်တက်လာရေးအတွက် အစိုးရအနေနဲ့ ဘာတွေ ဦးစားပေးလုပ်ဆောင်သင့် သလဲဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။
-
2016-09-01 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံဟာ ဆင်းရဲကြပ်တည်းပြီး အဘက်ဘက်က မပြည့်စုံမှုကြောင့် ပြည်သူတွေ နေ့စဉ်စားသောက်မှီဝဲ နေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြည့်ပြည့်ဝဝ အကာအကွယ်ပေးဖို့ အခက်အခဲတွေရှိနေဆဲဖြစ်ပြီး၊ ဒီပြဿနာဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကျန်းမာရေးနဲ့ ပျမ်းမျှအသက်ရှည်နှုန်းတွေအပေါ် ခြိမ်းခြောက်လာနေပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးနေရတာတွေ တစ်နှစ်ထက်တနှစ်တိုးများလာတဲ့ မြန်မာနိုင်ငံမှာ အန္တရာယ်များတဲ့ အစားအသောက်တွေကြောင့် ကင်ဆာလို ရောဂါတွေနဲ့ အရွယ်မတိုင်မီ သေဆုံးနေရတာ၊ ဆေးတုဝါးတုမိပြီး လူ့လောကကို ကျောခိုင်းထွက်ခွာနေရတာတွေဟာ နှစ်စဉ် ဘယ်နှစ်ရာခိုင်နှုန်းအထိ တိုးများနေပြီလဲဆိုတာ ကိန်းဂဏန်းနဲ့ တွက်ချက်ပြောဆိုဖို့ ခက်ခဲတဲ့ကြားကဘဲ ဒီပြဿနာကို အတတ်နိုင်ဆုံး လေ့လာဆန်းစစ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
သေချာတာကတော့ အိမ်နီးချင်းဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံသားတွေရဲ့ အသက်ရှည်နှုန်းက အနိမ့်ဆုံးကို ရောက်ရှိနေတာပါ။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားတွေရဲ့ ပျမ်းမျှအသက်ရှည်နှုန်းဟာ ၆၅ နှစ်ခန့်ဘဲ ရှိပါတော့တယ်။ ဒေသတွင်းက မြန်မာလိုဘဲ ဆင်းရဲကြပ်တည်းတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာတောင် နိုင်ငံသားတွေရဲ့ ပျမ်းမျှအသက်ရှည်နှုန်းက ၆၇ နှစ်ခန့်ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ၆၇ ထိုင်းနဲ့ မလေးရှားက ၇၄နှစ် ဗီယက်နမ်က ၇၅ နှစ်ခန့်ရှိပါတယ်။ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံသားတွေတောင် မြန်မာနိုင်ငံသားတွေထက် ၉ နှစ်၊ ၁၀ နှစ် အသက်ရှည်ရှည်ပိုနေရတဲ့သဘောပါ။
မြန်မာတွေရဲ့ အသက်ရှည်နှုန်း နိမ့်ကျသွားရတဲ့ အခြေအနေတွေကို ဆန်းစစ်ရာမှာ အလွယ်တကူ မြင်သာနိုင်တဲ့ အချက်က နေ့စဉ် စားသုံးမှီဝဲနေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေဘဲ ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံအတွက် အဆိုးဆုံးအခြေအနေတစ်ခုကတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်ကုန်တွေထုတ်လုပ်မှုကြောင့် ကမ္ဘာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။ တရုတ်နိုင်ငံဟာ ကလေးနို့မုန့်တွေထဲမှာ အန္တရာယ်များတဲ့ မယ်လမင်းဓါတုပစ္စည်း ကုန်ကြမ်းတွေ ထည့်သွင်းထုတ်လုပ်မှု၊ ဟင်းသီးဟင်းရွက်ချည်ဖတ်တွေထဲမှာ စက်မှုလုပ်ငန်းသုံး အရည်အသွေးညံ့ဖျင်းတဲ့ ဆားတွေအသုံးပြုမှု၊ ဘေးဥပါဒ်ဖြစ်စေတဲ့ ပိုးသတ်ဆေးအသုံးပြုမှု၊ ပဲငံပြာရည်မှာ ဆံပင်ချည်တွေ ပါဝင်မှု၊ အကြော်ခံဆီတွေမှာ ကာစီနီဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာတွေ ပါဝင်မှု၊ သက်တမ်းလွန်အသောက်အသောက်တွေ ပြန်လည်ထည့်သွင်းအသုံးပြုမှု စတဲ့လုပ်ရပ်တွေကြောင့် ၂၀၀၄ခုနှစ်ကတည်းကစလို့ ကမ္ဘာ့အစားအသောက်ဈေးကွက်မှာ တောက်လျှောက်နာမည်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က Mobile Team လို အဖွဲ့အစည်းတွေက တရုတ်နယ်စပ်က ဝင်နေတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးတာတွေရှိခဲ့တဲ့အတွက် တစုံတရာ ထိန်းထိန်းသိမ်းသိမ်းရှိခဲ့ပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာတော့ အဲဒီလိုအဖွဲ့အစည်းမျိုးတွေ မရှိတော့တာကြောင့် အန္တရာယ်များတဲ့ တရုတ်စားသောက်ကုန်ပစ္စည်းတွေ နယ်စပ်ကနေ အထိန်းအကွက်မရှိ ဝင်ရောက်နေတယ်လို့ မြန်မာနိုင်ငံ စားသောက်သူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
“အခုနောက်ဆုံးအခြေအနေအရဆိုရင်တော့ တရုတ်ပြည်ကနေပြီးတော့ အန္တရာယ်ရှိတဲ့ စားသောက်ကုန်တွေကတော့ ဝင်လာမစဲ တသဲသဲဘဲ။ တရုတ်ကလာတဲ့ပစ္စည်းတွေကတော့ဗျာ အာမခံချက်လည်း ဘာမှမရှိဘူးဗျ။ နောက်တရုတ်မုန့်တွေမှာ အင်္ဂလိပ်လိုလည်းမပါ၊ ဗမာလို့လည်း မပါ၊ ထုတ်လုပ်တဲ့ရက်လည်း မသိ၊ သက်တမ်းကုန်ဆုံးတဲ့ ရက်စွဲလည်း မသိ၊ ingredient (အရောအနှော) ကလည်း ဘာတွေပါမှန်းမသိ၊ လုပ်ငန်းလိပ်စာကလည်း မသိဆိုတော့ စားသုံးသူတွေအတွက် တကယ်အန္တရာယ်များပါတယ်။ အဲဒီဘက်ကလာတဲ့ အေးခဲအသားတွေဆိုရင်လည်း ဖော်မလင်လိုဟာမျိုးတွေ အဓိကထားသုံးကြတယ်ဗျာ။ သူတို့က ဟင်းသီးဟင်းရွက်တွေကအစ တစ်နေရာက တနေရာသယ်ရင် fresh ဖြစ်အောင်ဆိုပြီးတော့၊ မညှိုးအောင်ဆိုပြီးတော့ ဒီဖော်မလင်တွေ သုံးကြတာပေါ့။ အဲဒီတော့ တရုတ်က စားသောက်ကုန်တွေက ပြောမယ်ဆိုရင် တော်တော် အန္တရာယ်များပါတယ်။ သူတို့ တရုတ်နိုင်ငံမှာကိုက ကင်ဆာရောဂါက အဆမတန်များလာတာ ၇ နှစ်သမီးနဲ့တောင် သူတို့နိုင်ငံမှာ အဆုတ်ကင်ဆာဖြစ်တယ်ဆိုတော့ မြန်မာနိုင်ငံမှာလည်း တရုတ်ကလာတဲ့ စားသောက်ကုန်တွေကတော့ တကယ့်ကို မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတာပေါ့။”
“အရင်တုံးကတော့ တရားမဝင်လမ်းကြောင်းကို တားဆီးတဲ့ Mobile Team ကိုလုပ်ခဲ့တာ တွေ့တယ်။ စီးပွား/ကူးသန်းဝန်ကြီးဌာနက။ အခုတော့ အဲဒီအဖွဲ့လည်း ဖျက်လိုက်ပြီ။ အဲဒီတော့ မူဆယ် ၁၀၅ မိုင်နဲ့ နယ်စပ်ဂိတ်တွေကနေ တရားဝင်ရော၊ တရားမဝင်ရော ဝင်နေကြတာဘဲ။ သူတို့ကလည်း နည်းအမျိုးမျိုးနဲ့ ခိုးသွင်းတာရှိတယ်။ အဲဒီမှာ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို လာဘ်ထိုးပြီး သွင်းတာရှိတယ်။ အဲဒီလို နည်းလမ်း ၂ သွယ်နဲ့ ဝင်နေကြတာပါဘဲ။”
တရုတ်အစိုးရဟာ အန္တရာယ်များတဲ့ တရုတ်စားသောက်ကုန်ထုတ်လုပ်မှုတွေကို ထိန်းသိမ်းဖို့ အစားအသောက် ဘေးကင်းလုံခြုံရေးဥပဒေကို ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁ရက်နေ့မှာ ပြင်ဆင်အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ကျင့်ဝတ်စည်းကမ်းဥပဒေလိုက်နာမှုအားနည်းပြီး ငွေရဖို့ဘဲကြည့်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေကတော့ စားသောက်ကုန်တွေထဲမှာ လူသေအလောင်းတွေ မပုပ်မသိုးအောင် အသုံးပြုတဲ့ ဖော်မလင်လို ဓါတုပစ္စည်းတွေ တွင်တွင်ကျယ်ကျယ် ထည့်သွင်းထုတ်လုပ်နေဆဲဖြစ်ပြီး မြန်မာဈေးကွက်ထဲကို အလွယ်တကူဘဲ ဖြန့်ချိဝင်ရောက်နေပါတယ်။
လူကြီးတွေစားတဲ့ တရုတ်စားသောက်ကုန်တွေသာမက တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်ဖြစ်တဲ့ ကျောင်းနေကလေးငယ်တွေ နေ့စဉ်စားတဲ့ တရုတ်လုပ် မုန့်ပဲသရေစာတွေပါ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မမာလာက ပြောပြပါတယ်။
“အမတို့တော့ အခုလက်ရှိသုံးနေတာတော့လေ ကြက်ဥအတုတော့ မတွေ့သေးဘူးပေါ့နော်။ ဒါပေမယ့် ပြောသံတွေတော့ကြားတယ်၊ ကြက်ဥအတုတွေ ဘာတွေ ဝင်တယ်လို့လေ”
“ကလေးတွေရဲ့ ကျောင်းမှာ ရောင်းတဲ့ဟာကတော့ အရေးကြီးဆုံးပေါ့။ ကလေးတွေရဲ့ကျောင်းမှာ မုန့်ရောင်းတဲ့သူတွေက ယိုးဒယားတွေ၊ တရုတ်တွေ မသိဘူးလေ။ သူတို့ရောင်းကြတာဘဲ။ ဒါကျောင်းက သတ်မှတ်သင့်တာပေါ့နော်။ တရုတ်ကထုတ်တဲ့ အန္တရာယ်ရှိတဲ့ မုန့်တွေဆိုရင် မစားသင့်ဘူးလို့ စည်းကမ်းထုတ်သင့်တယ်လေ။ တရုတ်မုန့်က စိတ်ဝင်စားအောင် မုန့်ထုပ်ထဲမှာ အရုပ်ထည့်ရောင်းတယ်။ အရုပ်ကလေးတွေပေါ့နော်၊ အထဲက မော်တော်ကားလေးတွေ၊ စက်ဝိုင်းလေးတွေ၊ အဲဒါမျိုးလေးတွေဆိုတော့ ကလေးက အထဲက အထဲကမုန့်ကို စားချင်တာထက် ဒီအလုပ်ကို လိုချင်ပြီးသူကဝယ်တာလေ၊ ဝယ်ရင်းနဲ့သူက စားမိသွားတယ်။ ချက်ချင်းသိရတာကတော့ ကလေးတွေ ချောင်းဆိုတာဘဲ။ အိမ်က ကလေးတွေဆို ကျောင်းကမုန့်ကို စားလာတယ် မစားလာဘူးဆိုတာ အိမ်ကျရင် ပြန်ပြီးအဖြေပေးသလိုဘဲ သူက ချောင်းအရမ်းဆိုးတယ်၊ မေးကြည့်လိုက်လို့ရှိရင် သူ့ရဲ့ အိတ်ထဲမှာ ကျောပိုးအိတ်ဘဲဖြစ်ဖြစ်၊ ခြင်းလေးထဲမှာဘဲဖြစ်ဖြစ် တရုတ်မုန့်ကတော့ တွေ့တယ်”
ပြည်တွင်း စားသောက်ကုန်ဈေးကွက်ကွက်ကိုကြည့်ပြန်ရင်လည်း ဖော်မလင်တွေကို လောလောဆယ် မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီးဖတ်၊ ပဲပြားကစလို့ ချက်နို့ဆီအဆုံး ထည့်သွင်းအသုံးပြုနေကြပြီး၊ သက်ဆိုင်ရာက ဖမ်းမိရင် ကျူးလွန်တဲ့ လုပ်ငန်းရှင်ကို အများဆုံး ငွေ ၅ သောင်းကျပ်လောက်ဘဲ ဒဏ်ရိုက်နေတာတွေ့ရပါတယ်။ ရာထူးရှိအာဏာပိုင်တွေနဲ့ ဆက်လက်နေတဲ့ လုပ်ငန်းကြီးတွေဆိုရင် အစစ်အဆေးမရှိ ထုတ်လုပ်နေကြဆဲဘဲလို့ ရန်ကုန်မြို့ခံ ကိုကျော်သန်းကလည်း ပြောပြပါတယ်။
“သူ့ဟာနဲ့သူ အပေါ်မှာလည်းပြီးသွားတယ်၊ အောက်မှာလည်း ပြီးသွားတယ်၊ ဒဏ်ငွေလေး ၄-၅ သောင်းလောက်နဲ့ ပြီးသွားတဲ့ကိစ္စတွေ အများကြီးဘဲ။ ကျွန်တော်တို့နားက မုန့်ဖတ်စက်ရုံဆိုရင် စက်မှုဇုန်ကြီးထဲမှာနော်၊ ၁ ဧကလောက်ခြံကြီးထဲမှာ အဲဒီမုန့်ဖတ်တွေကို တစ်ခေါက်တခေါက်သွားရင် လိုက်ထရပ်ကားနဲ့ တစ်ညတညထွက်ရင် ၇ စီး၊ ၈ စီးထွက်တာ၊ အပြည့်ထွက်တာ မုန့်ဖတ်တွေတင်ပြီးတော့။ အဲဒါလှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ထဲမှာရှိတယ်။ အဲဒီလိုစက်ရုံမျိုးတွေကို ဝင်ပြီးစစ်လား ကျွန်တော်မေးကြည့်တော့ လာပြီးတော့ မစစ်ပါဘူးတဲ့။ မစစ်ဘူးဆိုတာကတော့ဗျာ၊ တပ်က ဗိုလ်မှူးကြီးတစ်ယောက်က ရှယ်ယာပါထားတယ်ပေါ့။ သူတို့ စက်မှုဇုန်ကထုတ်တဲ့ မုန့်ဖတ်တွေသည် ရန်ကုန်မြို့တစ်မြို့လုံးစာအတွက်ရောင်းတာ၊ တစ်မြို့လုံးစာအတွက်ရောင်းတဲ့နေရာမှာ မုန့်ဖတ်တွေမှာ ဖော်မလင်ပါတယ်လို့ သူတို့ဒီလို ကြေညာလိုက်တဲ့အချိန်မှာပါတာ မပါတာကို ဘေးချိတ်။ သူတို့ဝင်ပြီး စစ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ မုန့်ဖတ်ရဲ့သဘောက ကျွန်တော်က မုန့်ဟင်းခါးလည်း ကြိုတယ်၊ မုန့်ဟင်းခါးလည်း စားတော့ သူက နေ့မကူးဘူး။ မနက်လုပ်တဲ့ဟာက ညနေလောက်ဆို ချဉ်သွားပြီ။ အဓိကက ဖော်မလင်သုံးတဲ့ဟာက မုန့်ဖတ်ကို ချက်ချင်းအချဉ်မဖောက်အောင် သုံးတာ။”
အစားအသောက်တင်မက ပြည်သူတွေမကင်းနိုင်တဲ့ ဆေးဝါးတွေထဲမှာရော ဆေးတုဝါးတုတွေ၊ အရည်အသွေးမမီတဲ့ဆေးဝါး၊ တရားမဝင်တဲ့ဆေးဝါး၊ မှောင်ခိုလမ်းကြောင်းကဝင်နေတဲ့ ဆေးဝါးတွေ ဘယ်လောက်များနေပြီလဲ၊ ဒီဆေးတုဝါးတုဒဏ်တွေကြောင့် ဘေးဒုက္ခရောက်ပြီး တစ်နှစ်တစ်နှစ်ကို သက်တမ်းမစေ့ဘဲ သေဆုံးနေရတဲ့ ပြည်သူတွေ ဘယ်လောက်ထိ ရှိနေသလဲဆိုတာကလည်း ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေဆဲပါ။ ဈေးကွက်ထဲမှာ တရားမဝင်ဆေးဝါးတွေ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်နေရာယူထားသလဲ၊ ဘယ်လောက်ထိ စိုးရိမ်စရာရှိနေသလဲဆိုတဲ့မေးခွန်းတွေအပေါ် မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့ ဥက္ကဌ ဒေါက်တာနေဝင်းက ဒီလို ဖြေပါတယ်။
“အဲဒါတော့ ဂဏန်းနဲ့ ပြောရတာတော့ အင်မတန်ခက်ပါတယ်။ သေချာတာတစ်ခုကတော့ မှတ်ပုံတင်ထားခြင်းမရှိဘဲနဲ့ ဆရာဝန်တွေသုံးနေတဲ့ ဆေးတွေရှိနေတယ်ပေါ့၊ ဒါကတော့ သေချာပါတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိအောင် ဒီတရားမဝင်ဆေးက ဈေးကွက်ထဲမှာရှိတာတော့ ကျွန်တော်က ဂဏန်းအတိအကျမရှိတော့ ပြောရတာ ခက်ပါတယ်။”
တရုတ်နယ်စပ်က ဝင်နေတဲ့ ဆေးဝါးအစားအသောက်တွေကို မြန်မာပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဘယ်လိုမူဝါဒတွေ ချမှတ်လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေသလဲဆိုတာ အာဏာရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် တာဝန်ရှိသူတွေကိုပါ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လောလောဆယ်အထိတော့ တစုံတရာ တာဝန်ယူ တုံ့ပြန်ဖြေဆိုမည့်သူ မရှိသေးပါဘူး။ ဒေါက်တာနေဝင်းကတော့ ဒီပြဿနာတွေ ကိုင်တွယ်ဖြေရှင်းဖို့ FDA ဗဟိုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှာ တာဝန်ရှိတယ်ဆိုပေမယ့် တခြားဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပြင် တရားဥပဒေ စိုးမိုးရေးဟာ အဓိကဘဲလို့ ထောက်ပြပါတယ်။
“ဒါကတော့ FDA တစ်ခုတည်းအနေနဲ့ ပြောရတာကတော့ ခက်တာပေါ့နော်၊ တရားဥပဒေစိုးမိုးရေးက တစ်နိုင်ငံလုံးမှာရှိနေမယ်ဆိုရင်တော့ FDA ကလည်း automatically အဲဒီအထဲကို ဝင်သွားမယ့် သဘောရှိတာပေါ့၊ FDA တစ်ခုတည်းကို ကွက်ပြောရင် FDA က သူ့မှာ အစားအသောက်နဲ့ပတ်သက်တဲ့ ဆေးဝါးနဲ့ပါတ်သက်တဲ့ ဥပဒေဆိုတာရှိပြီးသား၊ နည်းဥပဒေဆိုတာရှိပြီးသား၊ အဲဒီမှာ ပြစ်ဒဏ်တို့ တားမြစ်ချက်တို့လည်း ပါပြီးသားပေါ့၊ ခုနကပြောတဲ့ ဥပဒေစိုးမိုးအောင် ဘယ်လောက်ထိအောင် ထိရောက်အောင်လုပ်နိုင်တယ်ဆိုတာတော့ တစ်နိုင်ငံလုံးနဲ့ဘဲဆိုင်တယ်လို့ ကျွန်တော်တော့ ကျွန်တော်မြင်တာပေါ့နော်။ အဲဒီတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဥပဒေစိုးမိုးရေးတွေတက်လာတာနဲ့အမျှ FDA ရဲ့ ဥပဒေစိုးမိုးရေးကလည်း တဖြေးဖြေးနဲ့ တက်မယ်လို့ ကျွန်တော်က အဲလိုဘဲ မြင်တာပေါ့”
မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့ ဥက္ကဌ ဒေါက်တာနေဝင်း ပြောသွားတာပါ။
မြန်မာပြည်သူတွေ ကျန်းကျန်းမာမာနဲ့ လူ့သက်တမ်းစေ့နေနိုင်ဖို့အရေးဟာ တခြားအရေးကြီး ကိစ္စတွေလိုဘဲ နိုင်ငံမှာ ဖြေရှင်းရမယ့် အရေးပေါ်လုပ်ငန်းကြီးတစ်ခုအဖြစ် ရှုမြင်ဆောင်ရွက်ဖို့ အစိုးရမှာ အဓိကတာဝန်ရှိသလိုဘဲ ပြည်သူတွေရဲ့ ကျန်းမာရေးအသိနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာလည်း အခြေခံ လိုအပ်ချက်ချက်တစ်ခုဖြစ်နေကြောင်း တင်ပြလိုက်ရပါတယ်။