ရေဘေးသင့် ဆွာဒေသခံတို့ အိမ် ၁၇၅ လုံးရရှိ၊ လိုအပ်ချက်များ ဆက်ရှိနေ

၂၀၁၈ ခုနှစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာရေလှောင်တမံကျိုးပေါက်မှုကြောင့် ကျေးရွာ ၁၇ ရွာ၊ နေအိမ်ပေါင်း တစ်သောင်းကိုးရာကျော်နဲ့ လယ်ယာမြေဧက သုံးသောင်းကျော် ပျက်စီးဆုံးရှုံး ခဲ့ရပြီး သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ပဲခူးတိုင်း ရေတာရှည်မြို့နယ်က ဆွာရေလှောင်တမံကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့သူတွေအတွက် ဆောက်လုပ်ပေးတဲ့ ကျွန်းတောစုကျေးရွာက အိမ်တွေကို ၂၀၁၉ အောက်တိုဘာ ၃၁ ရက်နေ့ကတွေ့ရစဉ် Photo: Thiha Tun/RFA

၂၀၁၈ ခုနှစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာရေလှောင်တမံကျိုးပေါက်မှုကြောင့် ကျေးရွာ ၁၇ ရွာ၊ နေအိမ်ပေါင်း တစ်သောင်းကိုးရာကျော်နဲ့ လယ်ယာမြေဧက သုံးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့ပါတယ်။

အိမ်ခြေအတော်များများ ပျက်စီးသွားတဲ့ ကျွန်းတောစုကျေးရွာကို ပြန်လည်ထူထောင်ရေးကာလ တစ်နှစ်ကျော် အတွင်း နေရာပြောင်းရွှေ့ပေးပြီး နေအိမ်သစ် ၁၇၅ လုံး ဆောက်လုပ်ပေးအပ်ခဲ့ပေမယ့် လိုအပ်ချက်၊ အခက် အခဲတွေကတော့ ရှိနေဆဲပါ။

ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလမှာ မိုးများခဲ့တာတွေကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဆွာရေလှောင်တမံ ကျိုးပေါက်ခဲ့လို့ ရွာ ၈၅ ရွာ ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ လေးသောင်းကျော် ရေဘေးဒဏ်သင့်ခဲ့ရပါတယ်။

ရေဖုံးလွှမ်းခံခဲ့ရတဲ့ လယ်ယာမြေဧက နှစ်သိန်းကျော်ခဲ့ပြီး သဲဖုံးခဲ့တဲ့ ဧက ခြောက်သောင်းကျော်တယ်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီကနေ့ အစိုးရနဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က နေအိမ် ၁၇၅ လုံး  လွှဲပြောင်းပေးအပ်ခဲ့တဲ့ ကျွန်းတောစုကျေးရွာဟာ အရင်က ဆွာရေလှောင်တမံအနီးမှာရှိတဲ့ ရွာတစ်ရွာပါ။

၂၀၁၈   သြဂုတ် ၂၉ ရက်နေ့ မနက်အစာပိုင်းက ဆွာရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ကျွန်းတောစုကျေးရွာက ရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။

ကျွန်းတောစုကျေးရွာကို ရေဖုံးလွှမ်းခဲ့တဲ့အတွက် ဆွာရေလှောင်တမံအနီးမှာ ဆက်လက်မနေထိုင်သင့်တော့ဘူးလို့ တိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ရွာသားတွေ သဘောတူညီချက်ရပြီး လက်ရှိနေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ဆွာမြို့၊ သိုင်းဝကျေးရွာအုပ်စုထဲက ကျွန်းတောစုကျေးရွာအပါအဝင် တခြားရွာတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးနဲ့ ရွာအနီးက ချောင်းမှာ လက်နဲ့ ရွှေကျင်တဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေနဲ့ အသက်မွေးကြတာ များပါတယ်။ လက်ရှိရွာသစ်မှာ အိမ်ခြေ နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။

ကျွန်းတောစုကျေးရွာ ရာအိမ်မှူး ဦးကျော်ဝင်းက လက်ရှိနေရာသစ်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ ပဲခူးတိုင်း ဝန်ကြီးချုပ်ကို မြေလွတ်မြေရိုင်းရရှိရေးအတွက် တင်ပြထားတာရှိတယ်လို့ ပြောပါတယ်။

အရင်က ရွာဟောင်းမှာ လျှပ်စစ်မီးမရှိခဲ့ပေမယ့် အခုရွာသစ်မှာ လျှပ်စစ်မီးရနေပြီဖြစ်ပေမယ့်လည်း မီတာဘောက် တပ်ဆင်ခ အပါအဝင် မီးလိုင်းသွယ်ရတာတွေက နှစ်သိန်း ပတ်ချာလည်လောက်ရှိလို့ အိမ်ခြေ ၂၀၀ ကျော်မှာ အိမ် ၅၀ ခန့်သာ လျှပ်စစ်မီးသုံးနိုင်တာကို တွေ့ခဲ့ရပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်တို့က ကျွန်းတောစု ရွာအတွက် နေအိမ်သစ် ၁၇၅ လုံး ပေးအပ်တဲ့ အခမ်းအနားကို ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ဦးဟင်နရီဗန်ထီးယူ က နောက်နောင်မှာ ဒီလိုမျိုးဖြစ်ရပ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆည်တွေ၊ ရေလှောင် တမံတွေရဲ့ ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးဖို့ လိုအပ်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ နေအိမ်သစ် ၁၇၅ လုံး ပေးအပ်ခဲ့တာအပြင် ရေတာရှည်မြို့နယ်ထဲက ရေဘေးဒဏ်ခံခဲ့ ရသူတွေကို စက်ဘီးတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ကျွန်းတောစု ကျေးရွာလိုရွာလုံးကျွတ် ရွှေ့ပြောင်းရတာမျိုး တခြားနေရာတွေမှာမရှိပေမယ့် ပျက်စီးသွားတဲ့အိမ်တွေ အတွက် အစိုးရက ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရက ပြန်လည်ထူထောင်ရေး တစ်နှစ်ကျော်ကာလအတွင်း ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ဖော်ထုတ်ပေးတာတွေ၊ သီးနှံလျော်ကြေးပေးတာတွေနဲ့ အစိုးရက ဆက်လက်အကူအညီပေးမယ့် လုပ်ငန်းတွေကို ရှင်းပြခဲ့ပေမယ့် နေအိမ်ဘယ်လောက်ကို ပြန်လည်ပြင်ဆင်ဖို့ ထောက်ပံ့ပေးခဲ့တယ်ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

သတင်းမီဒီယာတွေလည်း ရေဘေးဒဏ်သင့်ဒေသခံတွေအတွက် ဆက်လက်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို မေးမြန်းခွင့်မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org