ပူပြင်းတဲ့ရာသီဥတုနဲ့ မိုးသက်လေပြင်းကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရ

RFA Burmese
2023.04.23
ပူပြင်းတဲ့ရာသီဥတုနဲ့ မိုးသက်လေပြင်းကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။
ဒို့လယ်ဝေး ပရဟိတလူငယ်များ

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ ဧပြီလ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့ လေဆင်နှာမောင်းကြောင့် လူရှစ်ဦး သေဆုံးပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ နေရာတွေအပါအဝင် နေအိမ် ၁၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်မှာတော့ လေဆင်နှာမောင်းကြောင့် လူရှစ်ဦးသေဆုံးပြီး တစ်ရာကျော်ဒဏ်ရာ ရခဲ့သလို နေအိမ် ၂၃၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မကွေးတိုင်းမှာ နေအိမ် ၆၃၈ လုံး၊ မန္တလေးတိုင်းမှာ အလုံး ၃၆၀၊ စစ်ကိုင်းမှာ နေအိမ် ၁၅၀ ဝန်းကျင်ပျက်စီးခဲ့ပြီး နေအိမ်တွေအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီနဲ့ လျှပ်စစ်မီးတိုင်တွေပါ ပျက်စီးခဲ့ပါတယ်။

"ကျန်းမာရေးချို့တဲ့ တဲ့သူတွေတို့၊ ကလေးသူငယ်တွေ နောက် နာမကျန်းသူတွေအတွက်ကတော့ တော်တော်လေး ကျန်းမာရေးအရ အခက်အခဲကို ရင်ဆိုင်နေရပါတယ်”

ရုတ်တရက် မိုးရွာသွန်းပြီး လေပြင်းပါတိုက်လို့ တောထဲမှာ ဖြစ်သလိုဆောက်ထားတဲ့ ယာယီတဲ အမိုးအကာအပြင် ရှိသမျှပစ္စည်းတွေပါ ပျက်စီးကုန်တယ်လို့ ကနီမြို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကက စစ်ကောင်စီဘက်က အိမ်တွေကို မီးရှို့သွားတာဗျာ။ အိမ်တွေကို မီးရှို့သွား တဲ့အခါမှာ တောထဲမှာ ကျနော်တို့တွေ ခိုလှုံကြရတာပေါ့။ ခိုလှုံကြရတဲ့အခါမှာ တောထဲ မှာဖြစ်သလိုလေးတွေပဲ နေ နေကြရတဲ့အခါမှာ အခုလိုမျိုး နေကလည်းပူတယ်။ ရာသီဥတု ဒဏ်ကလည်း ဆိုးရွားလာတယ်။ ပြီးတော့ လေတွေကတိုက်၊ မိုးတွေကရွာ ဆိုတော့ ဖြစ်သလိုတွေ ဆောက်ထားတဲ့ တဲတွေဆိုတော့ လေထဲမှာ အကာတွေ၊ အမိုး တွေ ပါသွားတာရှိတော့ ရှိသမျှပစ္စည်းလေးတွေ မိုးတွေစိုသွားတယ်။ ပျက်စီးသွားတယ်”

ကနီမြို့နယ်မှာ ဧပြီလ ၂၁ ရက် ညနေက မိုးရွာသွန်းပြီး လေပြင်းပါ တိုက်ခတ်ခဲ့တာကြောင့် ရွာပေါင်းရှစ်ရွာက နေအိမ် ၁၅၀ ဝန်းကျင် ပျက်စီးခဲ့သလို တောထဲမှာရှိတဲ့ ဒုက္ခသည် စခန်းက တဲတွေပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၀ ခုဝန်းကျင်ရှိပြီး နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်တွေမှာ ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

မိုးသက်လေပြင်းအပြင် ရာသီဥတုပူပြင်းချိန်ဖြစ်လို့ အမိုးအကာမရှိ နေထိုင်ရသူတွေအတွက် ကျန်းမာရေးထိခိုက်နေတယ်လို့ ကနီမြို့မှာ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦး က ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့အား  ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ))
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ))

“သူတို့လက်ရှိက နေပူ အရမ်းပြင်းတာပေါ့လေ။ နေပူ အရမ်းပြင်းတဲ့အခါကျတော့ ဒီအသက်ကြီးတဲ့သူတွေ အမိုးအကာအောက်မှာ မရှိတဲ့အခါကျတော့ ရာသီဥတုကလည်း ပုံမှန်အားဖြင့် အပူချိန် ၄၄၊ ၄၅ စင်တီဂရိတ်လောက်မှာဆိုတော့ ကျန်းမာရေးချို့တဲ့ တဲ့ သူတွေတို့၊ ကလေးသူငယ်တွေ နောက် နာမကျန်းသူတွေအတွက်ကတော့ တော်တော် လေး ကျန်းမာရေးအရ အခက်အခဲကို ရင်ဆိုင်နေရပါတယ်”

မန္တလေးတိုင်း အောင်မြေသာစံ၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်မှာလည်း ဧပြီ ၂၁ ရက်နေ့ညက မိုးရွာပြီး လေပြင်း တိုက်ခဲ့တာကြောင့် နေအိမ် ၃၆၀ အပြင် စာသင်ကျောင်း၊ စေတီနဲ့ လျှပ်စစ်မီးတိုင်တွေပါ ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ နတ်မောက်မြို့တွေမှာလည်း နေအိမ် ၆၃၈ လုံး ပျက်စီးခဲ့ပါတယ်။

မကွေးတိုင်းထဲမှာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တစ်ခုရဲ့ တာဝန်ခံကတော့ စစ်ဘေး ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ရင်ဆိုင်နေကြရပြီလို့ RFA ကို ပြောပါတယ်။

“မကွေးတိုင်းထဲက စစ်ဘေးရှောင်တွေအတွက်ကတော့ ရာသီဥတုနဲ့ ပတ်သက်လို့ အခက်ကြုံလာနိုင်တယ်။ ဒီနှစ်က မနှစ်ကထက်လည်း ပိုပူတယ်။ နဂိုတကတည်း ကအတိုင်းလည်း ဒီဒေသရဲ့ ရာသီဥတုက ကြမ်းတယ်။

နွေဆိုရင် အရွက်ပြောင်အောင်ကြွေတဲ့ မြေပူ၊ လေပူ၊ သဲပူ ဖြစ်တယ်။ ပူပြင်းတဲ့အချိန်မှာ စစ်ဘေးရှောင်ရတာ လည်း ငရဲလိုပဲ။ မိုးကျတော့လည်း မိုး မို့လို့ မြေကြီးတွေက သဲ နွံတွေ ဖြစ်လို့ ခက်ခက်ခဲခဲသွားလာကြရတယ်။ အမိုးအကာတွေမပါဘဲနဲ့ ရသလို ကြုံသလို ရှောင်တိမ်းကြရတယ်”

ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုဒေးဗစ်ကတော့ လာမယ့် မိုးကာလမှာ စစ်ဘေး ဒုက္ခသည်တွေ အဆင်ပြေစေဖို့ စစ်ရေးအခြေအနေကို နှစ်ဖက် စောင့်ကြည့်ရမယ်လို့ RFA ကို ပြောပါတယ်။

“စစ်ရေးအရ မူတည်မှာပေါ့နော်။ ကိုယ့်ဘက်ကသွားပြီး လှုပ်ရှားလို့ သူတို့ (စစ်ကောင်စီ) ဘက်က စစ်ကြောင်း ထိုးလာမယ် ဆိုရင်တော့ မိုးကာလဖြစ်တဲ့အတွက် တောထဲမှာနေရ မယ်ဆိုရင် မိုးလုံဖို့အတွက်ပါ တာဝန်တစ်ခု ပိုလာမှာပေါ့။ အရင်ရာသီတွေမှာတော့ တောထဲမှာ သစ်ပင်အောက်တွေမှာနေခဲ့ရတာရှိတယ်။ လျှိုထဲတွေမှာ နေခဲ့ရတာရှိတယ်။ နောက်တစ်ခုက သူတို့ (စစ်ဘေးဒုက္ခသည်) တွေအတွက် စားဝတ်နေရေးနဲ့ မိုးလုံဖို့ပါ ပိုလာမယ်။ ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်လာနိုင်ခြေရှိတယ်။ တောထဲမှာနေတဲ့ အတွက် ဖက်ဆွတ်ရေတွေ သောက်ရတယ်။ မသန့်တဲ့ရေတွေဖြစ်တယ်။ အဲဒီအတွက် ကျန်းမာရေးကိစ္စတွေပါ ပိုပြီးလိုအပ်လာမယ်”

မိုးသက်လေပြင်းကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ နေရာတွေနဲ့ ဒေသခံတွေရဲ့နေအိမ်တွေ ပျက်စီးမှုနဲ့ ပတ်သက် ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း ပြောခွင့်ရသူတွေထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီရဲ့ ဧပြီလ ၂၁ ရက်နေ့ သတင်းမှာတော့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြေကုန်းရွာက နေအိမ် ၁၅၅ လုံးနဲ့ တံတားဦးရွာက နေအိမ် ၇၇ လုံး ထိခိုက်ပျက်စီး ပြီး ထိခိုက်ဒဏ်ရာရသူ ကျား ၃၇ ဦး၊ မ ၇၂ ဦး စုစုပေါင်း ၁၀၉ ဦးကို ပြည်သူ့ဆေးရုံ ပို့ဆောင် ကုသပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။