ရက္ခိုင့်တပ်တော် AA က ထိန်းသိမ်းစစ်ဆေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာဖို့အရေးကို နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်းနေပြီး ပြန်လွှတ်ပေးဖို့ကိုလည်း မျှော်လင့်ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်း က ပြောလိုက်ပါတယ်။
ဒီနေ့မနက်က RFA က သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ဒုတိယညွှန်ကြားရေးမှူးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့အနေနဲ့ကတော့ ဖမ်းဆီးခံရတယ်လို့တော့ ကျွန်တော် မပြောလိုပါဘူး။ သတင်းမှား၊ အထင်လွဲသွားလို့ ကျွန်တော့ လူတွေကို ခေါ်ဆောင်သွားတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော့လူတွေဟာ တကယ်အမှန် အကန် ရခိုင်ပြည်ရဲ့ အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်မယ်လို့ ယူဆတယ်ဆိုလို့ရှိရင် ခေါ်ဆောင်သွားတဲ့ လူတွေက အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြန်လွှတ်ပေးပါလို့လည်း ကျွန်တော် မေတ္တာရပ်ခံပါတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက တပ်သားသစ် ၁၈ ဦးနဲ့ ဒုတိယ မီးသတ်ဦးစီးမှူးတစ်ဦးတို့ကို မြောက်ဦးမြို့နားမှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။
သူတို့ဟာ ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်းကနေ အခြေခံမီးသတ်သင်တန်း တက်ရောက်ပြီး မန္တလေးကနေ စစ်တွေကို ပြေးဆွဲနေတဲ့ ရွှေပြည်သစ်ကားနဲ့ ပြန်လာရာမှာ AA အဖွဲ့က ကားကို ရပ်တန့်စေပြီး ခေါ်ဆောင်သွားခဲ့တာ လည်း ဖြစ်ပါတယ်။
AA အဖွဲ့က ခေါ်ဆောင်သွားသူတွေထဲမှာ မီးသတ်ဝန်ထမ်း ၁၉ ဦးအပြင် ခရီးသည် ၁၂ ဦးပါဝင်ပြီး မော်တော်ယာဉ် ဝန်ထမ်း သုံးဦးကိုတော့ ကားနဲ့အတူ ပြန်လွှတ်လိုက်တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခ ကတော့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရပ်သားတွေမှန်ရင် ပြန်လွှတ်ပေးသွားမယ်လို့ ပြောပါတယ်။
ဘယ်အချိန်ပြန်လွှတ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
ထိန်းသိမ်းထားသူတွေကို စစ်ဆေးနေဆဲဖြစ်တာကြောင့် လတ်တလောမှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့ AA ရဲ့ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

“သူတို့ကို လောလောဆယ်မှာ မီးသတ် ဟုတ် မဟုတ်ကို အသေအချာ စိစစ်တုန်းပဲရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အရင်တုန်းကတော့ ဗမာစစ်သားတွေကနေပြီးတော့ ရဲဝန် ထမ်းတွေရဲ့ဝတ်စုံတွေကို ဝတ်ဆင်ပြီးတော့ သွားတာရှိတယ်။ နောက်ပြီးတော့ တခါတခါ ရွာတွေကို စစ်ဆေးမယ်ဆိုလို့ရှိရင် လဝက ယူနီဖောင်းတွေပါ ပြောင်းပြီးတော့ ဝတ်တာရှိတယ်။ အခုနောက်ပိုင်းမှာနေပြီးတော့ မီးသတ်ယူနီဖောင်းတွေနဲ့နေပြီးတော့ သူတို့သွားလာတာရှိတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ ရထားတာရှိတယ်ဆိုတော့ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ဒီလူတွေဟာ မီးသတ်ဟုတ် မဟုတ်ကို ကျွန်တော်တို့အသေအချာ စိစစ်နေတုန်းပဲရှိသေးတယ်။ ဆိုတော့ အဲလိုစစ်ဆေးနေတဲ့ ကာလမှာတော့ ကျွန်တော်တို့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ဖို့တော့ လုံးဝမရှိသေးဘူးပေါ့ဗျာ”
AA အဖွဲ့က ပြောဆိုသလို တပ်မတော်အနေနဲ့ စစ်ဆင်ရေးတွေမှာ အရပ်သားကားတွေကို အသုံးပြုတာ၊ ယူနီဖောင်းပြောင်းဝတ်တာတွေ မလုပ်ဘူးလို့ တပ်မတော်ပြောခွင့်ရသူတွေက တုံ့ပြန်ထားပါတယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက် တာဝန်မှာ စစ်ရေးဆိုတာ မပါတဲ့အတွက် ဒီဟာတွေကို မဆောင်ရွက်ပါဘူး"
ခိုင်သုခက မီးသတ်ဌာနဟာ မြန်မာ့တပ်မတော်ရဲ့ အရံအင်အားတစ်ခုဖြစ်တာကြောင့် အခုစစ်ဆေးမှုတွေကို သေသေချာချာ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်း ကတော့ မီးသတ်တပ်ဖွဲ့ဟာ အရင်က တပ်မတော်ရဲ့ အရံအင်အားဖြစ်ပေမယ့် အခုဒီမိုကရေစီခေတ်ကာလမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တာဝန်လေးရပ် ရှိပါတယ်။ အဲဒါတွေကတော့ မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်တွေလျော့ပါးရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေ တကယ်ဒုက္ခရောက်တဲ့ အချိန်မှာ အင်နဲ့အားနဲ့ အားရှိတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့တပ်မတော်တို့နဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ ဘေးဒုက္ခတွေကို ကယ်ဆယ်ရတဲ့ဟာတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တာဝန်မှာ စစ်ရေးဆိုတာ မပါတဲ့အတွက် ဒီဟာတွေကို မဆောင်ရွက်ပါဘူး”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်ခံရ အပြီး တပ်မတော်က နယ်မြေရှင်းလင်းနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။
နောက်ဆုံးအခြေအနေ မေးမြန်းနိုင်ဖို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီနေ့ညနေ လေးနာရီခွဲမှာ RFA က ဆက်သွယ် ခဲ့ပေမယ့် အစည်းအဝေးထဲရောက်နေတဲ့အတွက် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ ရဲတပ်ရင်းဌာနချုပ်မှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့မိသားစု ခုနှစ်ဦးကို AA အဖွဲ့က ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီနောက် နှစ်ရက်ခန့်အကြာမှာတော့ AA က ပြန်ပို့ပေးခဲ့ပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်။)