မှားယွင်းကလဲ့စားချေ သတ်ဖြတ်ခံခဲ့ရတဲ့ ဟုမ္မလင်းက CDM ဆရာမ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု မှာ ပါဝင်နေတဲ့ အသက် ၃၀ အရွယ် အလယ်တန်းပြဆရာမ ဒေါ်မေနှင်းအေးဟာ အောက်တိုဘာလ ၂၄ ရက်နေ့က သေနတ်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဆရာ၊ ဆရာတွေကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ဆရာ၊ ဆရာမတွေရဲ့လုံခြုံရေးဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ပြောကြပါတယ်။
- 2021-11-04
-
-
-
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က အသက် ၃၀ အရွယ် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေသူအလယ်တန်းပြဆရာမ ဒေါ်မေနှင်းအေးဟာ အောက်တိုဘာလ ၂၄ ရက်နေ့က သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။ အရပ်ဝတ်နဲ့အမျိုးသား သုံးဦးက သူ့ရဲ့အိမ်ထဲကို ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက CDM မှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ မူလ နေထိုင်တဲ့ ဟုမ္မလင်းမြို့ပေါ် ကနေ မိဘတွေရှိတဲ့ ကောယားရွာကို သွားရောက်နေထိုင်နေတာပါ။
ဒါပေမဲ့ အခင်းဖြစ်နေ့က အလုပ်ကိစ္စတစ်ခုအတွက် ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ခေတ္တရောက်ရှိနေစဉ် အခုလို ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကျည်ဟာ လက်မောင်း၊ ပေါင်နဲ့ ရင်ဘတ်တွေကိုထိမှန်ခဲ့ပြီး ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်လို့ယူဆကြောင်း ဒေါ်မေနှင်းအေးရဲ့ မတ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန်က ပြောပါတယ်။
“အောက်တိုဘာလ ၂၄ ရက်နေ့မှာ အိမ်ရှေ့ကို အိမ်စီးကား အဖြူတစ်စီး ရောက်လာတယ်။ မမေနှင်းအေး ကလည်း ကျွန်တော်အခန်းဘေးက ဝရန်တာမှာ ထိုင်နေတယ်။ ခြံထဲကို လူသုံးယောက်ဝင်လာပြီးတော့ သေနတ်နဲ့ ပစ်သွားတယ်။ ပြီးတော့ အမနဲ့ အကိုလည်း အိမ်ထဲထိဝင်ပြေးတယ်။ အိမ်ထဲထိကို လိုက်ပစ် တယ်လို့ သိရတယ်။ မျက်မြင် တွေ့တဲ့ သူတွေပြောပုံအရဆိုရင် တစ်ယောက်က ခပ်၀၀၊ ဆံပင်အရှည်နဲ့လို့ ပြောတယ်။ ဟုမ္မလင်းကပဲ ဖြစ်နိုင်တယ်။ အဓိကကတော့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီနဲ့ ပေါင်းလုပ်တာ လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့သွားပုံ၊ လာပုံက အေးဆေးဆေးဆေး ဖြစ်တယ်။ ပစ်ခတ်တဲ့ပုံက ဆိုရင်လည်း အေးအေးဆေးဆေး ဖြစ်တယ်။ လက်တော်တော်ယဉ်နေတယ်။ အဲလိုဆိုတော့ စစ်ကောင်စီနဲ့ ပျူစောထီး ပေါင်းလုပ်တာလို့ ယူဆရတယ်"
ဆရာမ ဒေါ်မေနှင်းအေးရဲ့ ရုပ်အလောင်းကို မိဘတွေရဲ့ဆန္ဒအရ ဇာတိရွာဖြစ်တဲ့ ကောယားမှာပဲ သင်္ဂြိုဟ်ခဲ့ပါ တယ်။ ဆရာမမှာ တစ်နှစ်အရွယ် သားလေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
ကောယားရွာက ဆရာမရဲ့ မတ်တော်စပ်သူ ကိုကျော်ဝင်းစိန်ဟာ မန္တလေးတက္ကသိုလ် ကျောင်းသားမဂ္ဂက ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပါတယ်။
သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့အတွက် ဖမ်းဝရမ်း ထုတ်ခံထား ရသလို ဒေသတွင်းမှာ စစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်သူတွေ သတ်ဖြတ် ခံနေရမှုတွေအတွက် ပျူစောထီး အဖွဲ့ဝင်တွေရဲ့ သံသယနဲ့ ပစ်မှတ်ထားခံနေရသူ တစ်ဦးပါ။
ဆရာမသတ်ဖြတ်ခံရတဲ့ မနက်က ဟုမ္မလင်းမြို့နယ် အတွင်းက ပျူစောထီး အဖွဲ့ခေါင်းဆောင်လို့ ဒေသခံ တွေက သတ်မှတ်ထားတဲ့ ကိုမော့ဆိုသူ သတ်ဖြတ်ခံခဲ့ ရပါတယ်။
အဲဒီအတွက် လက်စားချေတဲ့ အနေနဲ့ ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို လာရောက်ပြီး သေနတ်သမားတွေက အခုလို ပစ်ခတ်ခဲ့တာ ဖြစ်နိုင်ကြောင်း မိသားစုဝင်တွေနဲ့ ဟုမ္မလင်းဒေသခံတွေက ပြောကြပါတယ်။
ဒါပေမဲ့ ကိုကျော်ဝင်းစိန် ကတော့ သူဟာ ဒီသတ်ဖြတ်မှုတွေနဲ့ မသက်ဆိုင်တာကြောင့် ဒါဟာ မှားယွင်းတဲ့ စွပ်စွဲမှုတစ်ခုသာ ဖြစ်တယ်လို့ပြောပါတယ်။
ဒါကြောင့် အခု CDM ဆရာမ ဒေါ်မေနှင်းအေး သတ်ဖြတ်ခံရမှုဟာလည်း ပျူစောထီး အဖွဲ့တွေရဲ့ မှားယွင်းတဲ့ ကလဲ့စားချေမှု တစ်ရပ်အဖြစ် မိသားစုက ယူဆထားကြပါတယ်။
ဆရာမ ဒေါ်မေနှင်းအေးဟာ မုံရွာတက္ကသိုလ်ကနေ သမိုင်းအဓိက ဘာသာနဲ့ ဘွဲ့ရပြီးနောက် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်အစပ်က ပါဟုတ်ကျေးရွာမှာ အစိုးရ အလယ်တန်းဆရာမအဖြစ် တာဝန်ထမ်းဆောင် နေသူပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းချိန်မှာတော့ သူ့ရဲ့ မိတ်ဆွေဝန်ထမ်းတွေနဲ့ အတူ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီက လစာရပ်လိုက်တာကြောင့် အွန်လိုင်းစျေးသည်အဖြစ် လုပ်ကိုင်ရင်း ဆင်းရဲ နွမ်းပါးတဲ့ ကျောင်းသားတစ်ဦးကို လစဉ်ထောက်ပံ့ကြေး အလှူရှင်အဖြစ် တာဝန်ယူထားသလို မိဘတွေ ကိုလည်း လစဉ်ထောက်ပံ့ နေသူတစ်ဦးပါ။
ဆရာမ ဒေါ်မေနှင်းအေးဟာ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနေသူဖြစ်လို့ အခု သတ်ဖြတ်ခံရမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောပါတယ်။
“ဆရာမ ဒေါ်မေနှင်းအေးဟာ အမြဲတမ်း သွက်လက်ပြီးတော့ လှုပ်လှုပ်ရှားရှားလုပ်တဲ့ လုပ်ဆောင်ချက်တွေ တိုင်းမှာ ဦးစီးဦးဆောင်ပြုနိုင်တဲ့သူ ဖြစ်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ ဆိုရင်လည်း ကျောင်းထဲမှာရှိတဲ့ ဆင်းရဲ နွမ်းပါးသူတွေကို တက်နိုင်သလောက် ထောက်ပံ့တယ်။ သူတင်ထောက်ပံ့တာ မဟုတ်ဘူး၊ ကျန်တဲ့ သူတွေလည်း ထောက်ပံ့ချင်အောင် လှုံ့ဆော်ပေးတယ်။ ဆုံးရှုံးမှုက ကြီးတယ်။ တိုင်းပြည် အတွက်ကော၊ ပညာရေးဌာန အတွက်ကော၊ ဆရာမရဲ့တပည့်တွေအတွက်ကော ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါ”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမ နှစ်သိန်းကျော်ဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြပါတယ်။
အဲဒီဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖိအားပေးပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နေကြတာကြောင့် သူတို့ရဲ့ လုံခြုံရေးအတွက်ပါ နေ့စဉ်စိုးရိမ် နေကြရတယ်လို့ CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။
လုံခြုံရေးကို ဂရုစိုက်နေရတဲ့ကြားထဲက ဆရာမဒေါ်မေနှင်းအေး သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စိတ် မကောင်း ဖြစ်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးမြို့နယ် အခြေခံပညာဆရာ၊ ဆရာမဘုတ်အဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
“CDM ဆရာ၊ ဆရာမတွေက အခုချိန်မှာက ရှောင်တိမ်းနေကြရတာရော၊ လစာ မရကြတာရောဆို ကိုးလ နီးပါး ရှိလာပြီ၊ ကိုယ့်ကိုကိုယ် လုံခြုံအောင်လည်း ဂရုစိုက်ပြီး နေနေကြရသေးတယ်။ နောက်ပြီး စီးပွားရေး မပြေလည်တဲ့ ဆရာ၊ ဆရာမတွေကလည်း အပြင်ကနေပြီးတော့ တစ်ဖက်တစ်လမ်းက ရှာဖွေစားသောက် ရသေးတယ်။ အဲဒီကြားထဲမှာ အခုလိုဖြစ်သွားတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ အဲဒီလို မျိုးလည်း ထပ်ပြီးတော့ အဖြစ်မခံနိုင်ဘူး။ CDM သူရဲကောင်း ဆရာ၊ ဆရာမတွေရော၊ CDM သူရဲကောင်း ဝန်ထမ်းတွေရော ဘဝတွေ ရင်းထားရပြီးပြီ၊ ဒီလိုရင်းထားရပြီးတော့ အသက်ပါထပ်ရင်းရတော့ စိတ်မကောင်း ဖြစ်ရပါတယ်”
ဟုမ္မလင်းမြို့ဟာ လေတပ်၊ ဆေးတပ်၊ ခလရ (၂၂၂)၊ ခမရ (၃၆၉ ) နဲ့ အမြောက်တပ် ( ၃၇၀) တို့ အပါအဝင် တပ်ငါးတပ် ဝန်းရံထားတဲ့မြို့ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့စဉ်ကလည်း စစ်ကားတွေက သပိတ် စစ်ကြောင်းတွေကို ကားနဲ့တိုက်ပြီး ဖြိုခွင်းခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
"ခြံထဲကို လူသုံးယောက်ဝင်လာပြီးတော့ သေနတ်နဲ့ ပစ်သွားတယ်။"
ဒါပေမဲ့ အဲဒီတုန်းက အသက်ဆုံးရှုံးတာ မရှိခဲ့ဘဲ အခုလို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်မှုဟာ ဟုမ္မလင်း မြို့နယ်မှာ ပထမဆုံး ကြုံရတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆရာမ ဒေါ်မေနှင်းအေး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်းရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ထား ပေမယ့် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်လို့ ဒီနေ့အထိ တရားမျှတမှု မရသေးဘူးလို့ ဆရာမရဲ့ မတ်ဖြစ်သူ ကိုကျော်ဝင်းစိန် ကပြောပါတယ်။
“လတ်တလောမှာတော့ တရားမျှတမှုက မရှိဘူး၊ တရားစွဲဆိုရင်လည်း နောက်ဆုံး သူတို့အကျဉ်းအကျပ်ထဲ ရောက်သွားရင် တရားခံ မဟုတ်တဲ့ သူတစါယောက်ကို ထိုးကြွေးတာတွေ များတယ်။ တော်လှန်ရေး ပြီးတဲ့အခါ တရားခံတွေကို တရားစွဲမယ်။ သတ်သွားတဲ့သူ ဘယ်သူဆိုတာ တစ်မြို့လုံးကသိပါတယ်“
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဆရာမ ဒေါ်မေနှင်းအေး အပါအဝင် သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမ အနည်းဆုံး သုံးယောက်ထက် မနည်းရှိနေပြီး ဖမ်းဆီးခံထားရသူကတော့ ၁၀၀ ကျော်ရှိနေတယ်လို့ ပဲခူးမြို့နယ် ဆရာ၊ ဆရာမများ ဘုတ်အဖွဲ့က ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်မှာတော့ ဆရာမ ဒေါ်မေနှင်းအေး သတ်ဖြတ်ခံလိုက်ရပြီးနောက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် တွေကပါ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်သောက ဖြစ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။