စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ရပ်တည်ရေးခက်နေတဲ့ HIV/AIDS ဂေဟာ

2022.03.25
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ရပ်တည်ရေးခက်နေတဲ့ HIV/AIDS ဂေဟာ ရန်ကုန်မြို့တွင် HIV/AIDS ဝေဒနာရှင်များ ခိုလှုံသည့် Nurture Aid Center ကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ (၁၁) ရပ်ကွက်မှာရှိတဲ့ Nurture Aid Center (NAC) ဟာ မိဘမဲ့ကလေးငယ် တွေ၊ နာမကျန်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အေအိုင်ဒီအက်စ် (HIV/ AIDS) ဝေဒနာရှင်တွေကို တာဝန်ယူ စောင့်ရှောက်ပေးနေတာပါ။

ဒီဂေဟာမှာ ကလေး ၉၄ ဦးနဲ့ လူကြီး ၆၆ ဦး၊ စုစုပေါင်း ၁၆၀ ရှိပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အတွက် တစ်နေ့ ကုန်ကျစရိတ်ဟာ ကျပ်လေးသိန်းကျော် ရှိပါတယ်။

"အုပ်ချုပ်မယ့် လူတစ်ယောက် လျော့သွားတော့ ဂေဟာက ပျက်မလိုလို ဖြစ်နေတယ်"

အခုလက်ရှိအချိန်မှာ အဲဒီလူပေါင်း ၁၆၀ စာအတွက် စားနပ်ရိက္ခာ တစ်ပတ်ကျော်စာ အတွက်လောက်သာ ကျန်တော့တယ်လို့ ဂေဟာမှာ ဝိုင်းကူပေးနေတဲ့ ကိုအောင်ကျော် လင်းက ပြောပါတယ်။

"အခု ရိက္ခာဆိုရင် တစ်ပတ်စာလောက်ပဲ ရှိတော့တယ်။ ဒီတစ်ပတ်အတွင်းမှာ အလှူ ရှင်တွေက လာတာလည်း ရှိတယ်။ မလာတာလည်း ရှိတယ်။ အခုစားနေရတာတော့ အရင်ပုံစံမျိုးနဲ့ မတူဘူး။ အလှူရှင်ရှိရင်တော့ ကောင်းကောင်း မွန်မွန် စားရတယ်။ မရှိရင်တော့ အရင်တုန်းက အသားနှစ်ခါကျွေးနိုင်ရင် အခု တစ်ခါပဲ ကျွေးနိုင်တော့တယ်"

ယခင်ကာလတွေမှာ တစ်ပတ်ကို ပုံမှန် အသားဟင်း သုံးရက် ကျွေးနေပေမယ့် လက်ရှိ ကာလမှာ အလှူရှင် မရှိ တော့တာကြောင့် အသီးအရွက်တွေနဲ့ အဆင်ပြေသလို ကျွေးမွေး နေရတယ်လို့ သူက ပြောပါတယ်။

ဂေဟာတည်ထောင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ စစ်အာဏာ သိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်ဖြစ်လာ ပြီး စစ်ကောင်စီရဲ့ လိုက်လံ ဖမ်းဆီးမှု ကြောင့် ဂေဟာရဲ့ အလုပ်တွေကို ဆက်မလုပ်နိုင်ဘဲ လွတ်မြောက်နယ်မြေမှာ တိမ်းရှောင်နေရတာပါ။

ဂေဟာကို ဆက်လက်တာဝန်ယူကြီးကြပ်နေတဲ့ ကိုရာဇာကိုလည်း မတ်လ ၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲ ဆိုထားသလို ဂေဟာတည်ထောင်သူ ဒေါ်ဖြူဖြူသင်းကိုလည်း မတ်လ ၇ ရက်နေ့က နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် ဂေဟာရဲ့ ဘဏ်အကောင့်တွေကိုပါ စစ်ကောင်စီက ပိတ်ထားတာကြောင့် အခု အချိန်မှာ ရပ်တည်ရေး ခက်ခဲလာတယ်လို့ ဂေဟာမှာ နေထိုင်တဲ့ မသဲသဲက ပြောပါတယ်။

"ပိုက်ဆံလည်း မရှိတော့ဘူး။ ဆန်လည်း မရှိတော့ဘူး။ အဲဒီအနေအထားထိ ရောက်သွား တယ်။ ဘာမှမရှိဘူး ဖြစ်တဲ့ အတွက်ကြောင့် ၁၀၀ ကျော်ကို ရပ်တည်ဖို့ကျတော့ အလှူ ရှင်တွေနဲ့ပဲ သွားနေရတုန်းဆိုတော့ ကြားထဲမှာ လာလှူတယ်၊ တစ်အိတ် နှစ်အိတ်ပေါ့၊ ဒီမှာကျတော့ တစ်နေ့ကို ဆန်တစ်အိတ် ကုန်တယ်ဆိုတော့ မရှိမဖြစ် ကတော့ လက်ထဲ မှာ အိတ် ၁၀၀ လောက်ရှိမှ အဆင်ပြေမှာ။ အိတ် ၁၀၀ ဆိုမှ သုံးလလောက်ပဲ ခံတာ၊ အဒါကြောင့် တစ်အိတ်လှူလည်း ယူတယ်။ နှစ်အိတ်လှူလည်း ယူတယ်၊ အဲဒါတွေနဲ့ပဲ စားနေရတာ"

ဂေဟာမှာ နှစ်လသားအရွယ်ကနေ အသက် ၆၀ ကျော်အထိ ရှိတဲ့အတွက် ကျန်းမာရေး၊ စားရေး သောက်ရေး အတွက် ရေရှည်မှာ စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်တယ်လို့ ပြောပါတယ်။

အခုအချိန်မှာ ဂေဟာကို အဓိကဦးဆောင်သူလည်း မရှိတော့တာကြောင့် ဂေဟာပိတ်သိမ်း တော့မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မသဲသဲက ပြောပါတယ်။

"စိုးရိမ်မိတယ် ဆိုတာ၊ အဘကို ဖမ်းသွားတုန်းက သတင်းတွေတက်တယ်လေ၊ ဒီဂေဟာ ကို ငါတို့သွားလှူရင် သူတို့ကစောင့်ကြည့်နေပြီးတော့ ငါတို့ကိုများ ခေါ်သွားမလားဆိုတဲ့ အတွေး အလှူရှင်တွေမှာ ရှိကောင်း ရှိနိုင် တယ်၊ အဲဒီအတွက်ကြောင့် အလှူရှင်တွေ မလာတော့ဘူးဆိုရင် ဂေဟာက ရပ်တည်လို့ ရတော့မှာ မဟုတ်ဘူး၊ ဒီဂေဟာက အလှူ ရှင်တွေနဲ့ ရပ်တည်ရတာဖြစ်လို့ အလှူရှင်မရှိတော့ရင် ပိတ်ပစ်လိုက်ရတော့မှာ။ အကယ် ၍ လမ်းပေါ် ရောက်သွားပြီဆိုရင် ဆေးလည်း ပုံမှန်သောက်ရတော့မှာ မဟုတ်ဘူး၊ ဆေး ပုံမှန် မသောက်ရတော့ဘူး ဆိုရင် HIV ပိုးကောင်ရေတွေ တက်လာမယ်၊ ပိုးကောင်ရေ တွေများလာရင် First Line သောက်နေရာကနေ Second Line၊ Third Line ပြောင်း သောက်ရမယ်၊ ကျန်းမာရေး အရမ်းဆိုးဆိုးရွားရွား ဖြစ်မယ့်အခြေအနေတွေ ရှိတယ်"

ဒီဂေဟာမှာ နေထိုင်တဲ့ လူနာနဲ့ ကလေးငယ်တွေဟာ HIV/AIDS ဝေဒနာရှင်တွေဖြစ်လို့ ဂေဟာဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့ရင် ရောဂါအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုဆိုးလာနိုင်သလို မိဘဆွေမျိုးအသိုင်းအဝိုင်းကလည်း စွန့်ပစ်ထားတာ ကြောင့် ပြန်စရာအိမ်မရှိတော့တဲ့ သူတွေဖြစ်ပါတယ်။

ဂေဟာမှာ သူငယ်တန်းကနေ တက္ကသိုလ်တန်းထိ စာသင်ကြားနေသူတွေရှိပြီး အင်္ဂလိပ်စာနဲ့ အသက်မွေး ဝမ်းကျောင်းပညာတွေကိုပါ သင်ကြားပေးနေတာပါ။

nac-center.jpg
ရန်ကုန်မြို့တွင် HIV/AIDS ဝေဒနာရှင်များ ခိုလှုံသည့် Nurture Aid Center ကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ဂေဟာမှာ ပညာသင်နေတဲ့ ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား ကိုဝေယံမိုးကလည်း ဂေဟာပိတ်သိမ်း လိုက်ရမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

"အုပ်ချုပ်မယ့် လူတစ်ယောက် လျော့သွားတော့ ဂေဟာက ပျက်မလိုလို ဖြစ်နေတယ်၊ ဒီဂေဟာကြီး ဘယ်လို ပျက်စီးသွားမလဲ၊ အဘပြန်မလာမှာကို စိုးရိမ်မိတယ်၊ သားဆိုရင် ပြန်စရာ အိမ်မရှိဘူး၊ သွားစရာလည်း မရှိဘူး၊ အဘလက်အောက်မှာပဲ နေနေတာ"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒီဂေဟာမှာ HIV/AIDS ဝေဒနာရှင်တွေကို စတင်လက်ခံပြီး အကူအညီတွေ ပေးခဲ့တာပါ။

အဲဒီကာလက ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေကို NLD လူငယ်တွေနဲ့ စတင်ခဲ့တာ ကြောင့် အာဏာပိုင်တွေရဲ့ နှောင့်ယှက် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခု စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဂေဟာ တာဝန်ရှိသူတွေအပေါ် စစ်ကောင်စီရဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရေရှည်ရပ်တည်ရေးအတွက်ပါ ခက်ခဲလာနေ တယ်လို့ ဂေဟာအတွက် ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။