မြန်မာ့အရေးအတွက် ခွန်အားဖြစ်တယ်လို့ ဒေါက်တာစင်သီယာမောင်ပြော

ခင်မောင်စိုး ( ဝါရှင်တန်ဒီစီ )
2022.05.18
မြန်မာ့အရေးအတွက် ခွန်အားဖြစ်တယ်လို့ ဒေါက်တာစင်သီယာမောင်ပြော ၂ဝ၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ ဂွမ်ဂျူးလူ့အခွင့်အရေးဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို တွေ့ရစဉ်။
Photo:Gil Taek Lim/ Facebook

တောင်ကိုရီးယားနိုင်ငံ Gwangju ဂွမ်ဂျူးမြို့မှာ စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေအကြား ၁၉၈၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီတိုက်ပွဲစိတ်ဓာတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မေလ ၁၈ ရက်နေ့မှာ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းက နှစ်စဉ်ချီးမြှင့်တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို အခု ၂ဝ၂၂ ခုနှစ်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ရရှိခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၁ဝ ရက်ကြာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအုံကြွမှု အရေးတော်ပုံအတွင်း အာဏာသိမ်းဗိုလ်ချုပ်ချန်ဒူးဝမ် ဦးဆောင်တဲ့ စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးသူဦးရေကို အစိုးရက ၁၇ဝ ခန့်ရှိတယ်လို့ ကြေညာခဲ့ပေမယ့် တခြား သတင်းတွေမှာတော့ လူရာပေါင်းများစွာသေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို မနေ့ကလက်ခံရယူခဲ့တဲ့ ဒေါက်တာစင်သီယာမောင်က ဒီဆုဟာ မိမိတို့အတွက် ခွန်အားတစ်ခုဖြစ်တဲ့အပြင် မြန်မာပြည်ရဲ့ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်မှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတာလည်းဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာပြည်ရဲ့လူအခွင့်အရေး၊ ဒီမိုကရေစီအရေး ငြိမ်းချမ်းရေးမှာပေါ့နော် တစိုက်မတ်မတ်နဲ့ သူတို့ကူညီသွားဖို့ကိုလည်း သူတို့အားလုံးက ဝိုင်းပြီးတော့အားပေးကြပါတယ်။ ကျမတို့မြန်မာပြည်သားတွေအားလုံးအနေနဲ့လည်း စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ပြီးတော့ ဒီတိုင်းရင်းသားတွေ၊ အမျိုးသမီးလူငယ်ကလေးတွေ အားလုံးအတွက် အာမခံချက်ရှိတဲ့ထပ်တူညီမျှမှုတွေ၊ နောက်တော့ ဒီကျမတို့နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေအတွက်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး တွေမှာပေါ့နော် ကြိုးစားပြီးတော့ ကျမတို့ဆောင်ရွက်သွားဖို့ သတိပေးရာရောက်သလို အားပေးအားမြှောက်တာလည်း ဖြစ်ပါတယ်။”

ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို အရင်ကရရှိဖူးတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးမင်းကိုနိုင် ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင် အခုလို ဆုရရှိတဲ့အတွက် ဦးမင်းကိုနိုင်က ဂုဏ်ယူတယ်လို့ပြောပါတယ်။

“တကယ် အလုပ်လုပ်နေတဲ့ တိုင်းရင်းသူတစ်ဦးဖြစ်နေတော့ ပိုပြီးဂုဏ်ယူတယ်ဗျ။ ဆရာမဟာ အနှစ် ၃ဝ ကျော်ပြီ အဲ့ဒေသမှာ သူ့တစ်ဘဝလုံးကို ပုံပြီးနှစ်ပြီးလုပ်ခဲ့တာ။ ပြောချင်တာကဗျာ ဒါခ အလှမျိုး မဟုတ်ဘူးဗျ တစ်ဘဝ စာလုပ်ခဲ့တာ။ အဲ့ဒီအတွက် သူ့စေတနာတွေက သူ့ကိုပြန်ပြီး အကျိုးပေးခဲ့တာ။ ကျနော် အရင်ကတည်းက တွေ့ခဲ့ပြီးပြီ။ အဲ့ဒေသမှာရှိတဲ့ အထူးသဖြင့် တိုင်းရင်းသားတွေ ဒေသခံ တခြား တိုင်းရင်းသားတွေပါ အကုန်ပါပါတယ်။ သူ့ကိုအားကိုးယုံကြည်မှုဆိုတဲ့ တန်ဖိုးတွေ ဆရာမရခဲ့တာ။ ကျနော် ဒါကို အထူးပြောချင်တာပါ။ လူတစ်ယောက် တခြားသော အာဏာတို့၊ ငွေကြေးတို့ ရှိတာ၊ မရှိတာထက် လူတွေရဲ့ယုံကြည်မှုကိုရတယ်ဆိုတဲ့ တန်ဖိုးကတော့ အမြင့်ဆုံးပဲလို့ မြင်ပါတယ်။ ဆရာမသည် အမြင့်ဆုံးသော တန်ဖိုးကို ရခဲ့ပြီးသားပါ။ ဆရာမရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ လူတွေကနေ နှင်းအပ်တာ ယုံကြည်မှုပါ အဲ့တန်ဖိုးကို ကျနော် ပြောတာပါ။ ဆရာမအနေနဲ့ သူယုံကြည်မြတ်နိုးတဲ့ အလုပ်ကိုပဲ သူ့တစ်သက်တာမှာ ကိုယ်စွမ်းဉာဏ်စွမ်း အပြည့်နဲ့ ဆက်လုပ်သွားမယ်လို့လည်း ယုံပါတယ်။”

000_Was6905949.jpg
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ US Capitol မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ကို ဂုဏ်ပြုတဲ့ ပွဲမှာတွေ့ခဲ့ရတဲ့ ဒေါက်တာစင်သီယာမောင်။ Photo-AFP

မနေ့က ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားကို အထူးဖိတ်ကြားခံရသူတစ်ဦးကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရစ်တစ်တပ်ဦး ဥက္ကဋ္ဌ ဦးသံခဲ ဖြစ်ပါတယ်။

“ဂွမ်ဂျူးဆိုတာ ဒီမိုကရေစီတိုက်ပွဲမှာ ၁၉၈ဝ ဝန်းကျင်မှာ အင်မတန်ထင်ရှားခဲ့တဲ့မြို့ကြီး တစ်မြို့ဖြစ်ပါတယ်။ မေလ ၁၈ ရက်နေ့မှာစခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲက ကိုရီးယားတစ်နိုင်ငံလုံးကို ပျံ့နှံ့ သွားတယ်။ ဒီမြို့ကြီးမှာပဲ တစ်မြို့လုံးက ရရာလက်နက်ကိုဆုပ်ကိုင်ပြီးတော့မှ တော်လှန်ခဲ့ကြရတာဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုလည်း ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်ပြီးတော့ လူပေါင်းနှစ်ရာကျော် အသက်ဆုံးရှုံးရတာဖြစ်ပါတယ်။ ရာပေါင်းများစွာ လည်းပျောက်ဆုံးခဲ့တယ် နောက်ပြီးတော့ မိသားစုတွေ ထောင်ပေါင်းများစွာလည်း အလူးအလှိမ့် စစ်အာဏာရှင်စနစ်ဒဏ်ကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဂွမ်ဂျူးစိတ်ဓာတ် ဂွမ်ဂျူးဒီမိုကရေစီ လှုပ်ရှားမှုဆိုတာ ကိုရီးယားတစ်နိုင်ငံလုံးက တန်ဖိုးထားရသလို ဂွမ်ဂျူးစိတ်ဓာတ်ဆိုတာကလည်း ဒီမိုကရေစီလှုပ်ရှားသူတွေအားလုံးအတွက် တန်ဖိုးထားမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ ဒီလိုမျိုး နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။”

“ဂွမ်ဂျူးဆိုတာက ကိုရီးယားတစ်နိုင်ငံတည်းနဲ့တင်ဆိုင်တာ မဟုတ်ဘူး ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့မှတ်တိုင်တစ်ခုအနေနဲ့ သမိုင်းတွင်ကျန်ခဲ့တာဖြစ်ပါတယ်။ အခုတော့ သူတို့ကနှစ်ပေါင်း ၄၁ နှစ်အကြာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ပါပြီ။ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှု ၈၈ မှာစခဲ့တယ် နှစ်ပေါင်း ၃၄ နှစ်ကျော်ကြာခဲ့ပြီ။ ဒါပေမဲ့ ကျနော်တို့ သမိုင်းတစ်ပတ်လည်ပြီးတော့ စစ်အာဏာရှင်စနစ်အောက်မှာ ပြန်လည်ပြီးတော်လှန်နေရတဲ့ ကာလဖြစ်ပါတယ်။ ပြောချင်တာက ကျနော်တို့ရဲ့ဒီမိုကရေစီလှုပ်ရှားမှုကို ဂွမ်ဂျူးပြည်သူတွေကနားလည်တယ်။ တောင်ကိုရီးယားက စာနာတယ်ဆိုတာကို အပြည့်အဝ ပြသလိုက်တာဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း အခုလို ဒေါက်တာစင်သီယာမောင်ကို ဆုချီးမြှင့်တာဟာ နွေဦးတော်လှန်ရေးကို အားပေးချီး မြှောက်ရာရောက်တယ်လို့ သုံးသပ်ပါတယ်။

“ဒီနေ့ပွဲကိုလည်း ထိုက်ထိုက်တန်တန်ကြီးကြီးကျယ်ကျယ်ပေါ့လေ သူတို့ကျင်းပပြုလုပ်ပေးပါတယ်။ အဲ့ဒီအတွက်လည်း ကိုရီးယားနိုင်ငံရဲ့ ပံ့ပိုးကူညီအားပေးမှုတွေက ကျနော်တို့မြန်မာနိုင်ငံအတွက်၊ ဒီမိုကရေစီအရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပြီးတော့ ဆောင်ရွက်ပေးလိုက်ပါတယ်လို့ ကျနော့်အနေနဲ့ မှတ်ယူပါတယ်ခင်ဗျ။”

ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ဒေါက်တာစင်သီယာမောင်ဟာ ရွှေတံဆိပ်ဆုနဲ့အတူ အမေရိကန် ဒေါ်လာငါးသောင်းကိုလည်း ဆုငွေအဖြစ်လက်ခံရရှိတယ်လို့ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။