ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ဧည့်သည်လက်မခံဖို့ စစ်ကောင်စီတားမြစ်
ရန်ကုန်တိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ညအိပ် လာရောက်နေထိုင်သူတွေကြောင့် လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ဒုစရိုက်မှုတွေဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက စွပ်စွဲပြီး ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ကို လျှောက်ထားခဲ့ပါတယ်။ ဒီအပေါ် အဲဒီသံဃမဟာနာယကအဖွဲ့က လက်ခံခဲ့ပြီးနောက် ရန်ကုန်တိုင်းထဲက ဘုန်းကြီးကျောင်းတွေအနေနဲ့ ခေတ္တနေထိုင်မယ့်သူတွေကို လက်မခံဖို့နဲ့ လက်ခံမယ်ဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားရမယ်ဆိုပြီး နိုဝင်ဘာလထဲမှာပဲ စာထုတ်ပြန်ခဲ့ပါတယ်။
-
RFA Burmese
2022-12-13 -
-
-
ရန်ကုန်တိုင်းက ဘုန်းကြီးကျောင်းတွေမှာ ညအိပ်၊ ညနေ ဧည့်သည်လက်မခံဖို့နဲ့ နေထိုင် မယ်ဆိုရင်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားဖို့ဆိုပြီး ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီစာထဲမှာ ညအိပ်၊ ညနေ လာရောက်နေထိုင်သူတွေကြောင့် လုယက်မှု၊ ခိုက်ရန် ဖြစ်ပွားမှုတွေနဲ့ ဒုစရိုက်မှုတွေဖြစ်တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေက စွပ်စွဲ လျှောက်ထားလာတာလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘုန်းကြီးကျောင်းတွေမှာ လာရောက်နေထိုင်သူတွေဟာ ကျန်းမာရေးနဲ့ ပညာရေး ကိစ္စကြောင့်ဖြစ်ပြီး သိတဲ့သူကိုပဲ လက်ခံတာလို့ ရန်ကုန်မြို့တွင်း ဘုန်းကြီးကျောင်းတစ်ခုက ဆရာတော်တစ်ပါးက မိန့်ပါတယ်။
"တချို့တွေလည်း နေမကောင်းလို့ လာတာမျိုးတွေ ရှိကြတယ်လေ။ ကျန်းမာရေးပေါ့။ ကျန်းမာရေး သိပ်မကောင်းလို့ လာပြတာ။ ဆေးခန်းပြ၊ ပြန်၊ ဒါပဲရှိတာများတယ်လေ။ ကျန်တဲ့အချိန် နေစရာမရှိလို့ တအောင့် ဝင်အိပ်တာ အဲဒါပဲရှိတယ်လေ။ အဲဒါလည်း သိမှလေ။ မသိရင် ဘယ်သူကမှ မဝင်ဘူးလေ။ ကိုယ်နဲ့ပတ်သက်တာ ဘယ်သူတို့၊ ကိုယ့်ကျောင်းမှာရှိတဲ့ ဦးဇင်းတွေနဲ့ ပတ်သက်တာ၊ ရဟန်းအစ်မတွေနဲ့ ပတ်သက်တာ အဲဒါဆိုရင်တော့ လက်ခံတယ်။ မသိရင်တော့ လက်မခံဘူးလေ။ ဒါအခုမှမဟုတ်ဘူး ဟိုတုန်းကတည်းက မသိရင် လက်မခံတာ"
နယ်မြို့တွေကနေ ရန်ကုန်မြို့ကို လာရောက်ဆေးကုသသူတွေနဲ့ သင်တန်း၊ ကျောင်းတက် ရသူတွေဟာ အသိအကျွမ်းရှိရာ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တတည်းခိုလေ့ ရှိကြပါတယ်။
အာဏာမသိမ်းခင်ကတည်းက ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ တည်းခိုနေထိုင်ပြီး ပညာရေးအတွက် သင်တန်းတက်ခဲ့ရတဲ့ မကွေးတိုင်းဇာတိ ကိုအောင်ကတော့ လုယက်မှုနဲ့ ရာဇဝတ်မှုတွေဟာ ဘုန်းကြီးကျောင်းမှာ တည်းခိုသူတွေကြောင့် မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
"ကျနော့်အနေနဲ့ ပြောချင်တာကတော့ ဘုန်းကြီးကျောင်းတွေမှာ နယ်ကလာတဲ့ သူတွေကို လက်ခံစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာဆို ဘုန်းကြီးကျောင်း တွေ အများကြီးရှိတာကိုး။ အများကြီးရှိတဲ့အထဲမှာ ကျောင်းတိုက်ဆိုတာက နေရာ အကျယ်ကြီးတွေလေ။ ကျနော်ကိုယ်တိုင်လည်း တည်းခဲ့ဖူးတယ်။ နေရာ တော်တော် ကျယ်တယ်။ ခိုးဆိုးလုနှိုက်ဆိုတာကတော့ တစ်ခုရှိတာက သူတို့ (စစ်ကောင်စီ) က အကြောင်းပြချက် ပိုရသွားတာပေါ့။ အဲဒါပဲဖြစ်မယ်။ ခိုးဆိုးလုနှိုက်ဆိုတာက ထောင်က လွှတ်တဲ့သူတွေနဲ့ ဆိုင်တာကိုး"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဘုန်းကြီးကျောင်းမှာ ခေတ္တ တည်းခိုခဲ့ပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေကို အကြောင်းကြားရတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အခုလိုလက်မခံဖို့ စာထုတ်ပြန်ထားပေမယ့်လည်း ခေတ္တလာရောက်တည်းခိုသူတွေကို အရေးယူလို့ မရနိုင်ဘူးလို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကျောင်းထိုင်ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။
"ကျန်းမာရေး ပြုစုစောင့်ရှောက်တာတို့ မပါဘူး။ တို့ကျောင်းမှာလည်း အမြဲနေတဲ့ပုဂ္ဂိုလ် ရှိမှမရှိတာ။ အမြဲနေတဲ့ ပုဂ္ဂိုလ်မရှိဘူး။ ဒကာ၊ ဒကာမ မရှိဘူး။ ခဏလာတည်းတဲ့သူပဲ ရှိတယ်။ အခွင့်မတိုင်လည်း ဘာမှမဖြစ်ပါဘူး။ သူတို့လာလည်း ဘာမှမဖြစ်ပါဘူး။ အဲဒီလိုမျိုး သူတို့အရေးမယူပါဘူး။ သူတို့က ဟိုလိုအမြဲနေတဲ့ ပုဂ္ဂိုလ်ကို ပြောတာ"
စစ်ကောင်စီဟာ လုယက်မှုနဲ့ ဒုစရိုက်မှုတွေကြောင့် အခုလို ဘုန်းကြီးကျောင်းမှာ ညအိပ်၊ ညနေ နေထိုင်သူတွေကို ကန့်သတ်တာလို့ စွပ်စွဲထားပေမယ့် ဒါဟာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
"ဘာသာရေးကို သက်သက်လုပ်ချင်တဲ့ပုံမျိုးနဲ့ ဒီလို ခိုးဆိုးလုနှိုက်တွေကို လက်ခံထားတယ်ဆိုပြီး စာထုတ်တာက ဦးဇင်းတို့အနေနဲ့ လက်မခံပါဘူး"
မန္တလေးသံဃသမဂ္ဂ သံဃာတော်တစ်ပါးကတော့ ဒီလျှောက်ထားချက်ဟာ ဘုန်းကြီး ကျောင်းတွေမှာ လုယက်သူ၊ ရာဇဝတ်မှုကျုးလွန်သူတွေ လက်ခံတဲ့သဘော သက်ရောက် နေလို့ လက်မခံဘူးလို့ မိန့်ပါတယ်။
"ပြောလို့ရှိရင် ဘုန်းကြီးကျောင်းတွေကို သက်သက်မဲ့မကောင်းအောင် ပြောဆိုတယ် ဆိုတာ အဲဒီအချက်ကိုလည်း ဦးဇင်းတို့ သတိထားမိပါတယ်။ ကိုယ့်ရပ်ရွာက ဒကာ၊ ဒကာမတွေအတွက် အားထားရာဖြစ်တဲ့အတွက်ကြောင့်မို့ ဘုန်းကြီးတွေလည်း လက်ခံကြတာပေါ့။ ဒါကိုသူတို့က ဒီဘာသာရေးကို သက်သက်လုပ်ချင်တဲ့ပုံမျိုးနဲ့ ဒီလို ခိုးဆိုးလုနှိုက်တွေကို လက်ခံထားတယ်ဆိုပြီး စာထုတ်တာက ဦးဇင်းတို့အနေနဲ့ လက်မခံပါဘူး"
ဘုန်းကြီးကျောင်းမှာ ခေတ္တနေထိုင်သူတွေကို လက်မခံဖို့ထုတ်ပြန်ချက်ဟာ ရန်ကုန်တိုင်း အတွင်း ဘုန်းကြီးကျောင်းတွေကိုသာ လိပ်မူထားတာတွေ့ရပြီး တခြား တိုင်းနဲ့ ပြည်နယ် တွေကို ထုတ်ပြန်မှု ရှိ၊ မရှိကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ကတော့ ဧရာဝတီတိုင်းအတွင်းက ဘုန်းကြီး ကျောင်းတွေမှာ နေထိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ဖယ်ရှားဖို့နဲ့ ညအိပ်၊ ညနေ တည်းခိုခွင့်မပြုဖို့ ဧရာဝတီတိုင်း သံဃနာယကအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က နိုင်ငံရေးအခြေအနေ တင်းမာမှုလျော့ပါးတဲ့အထိ၊ ပြည်သူတွေ လွတ်လပ်စွာ သွားလာ၊ ရောင်းဝယ်ဖောက်ကားနိုင်တဲ့အထိ လုပ်ငန်းတွေရပ်ဆိုင်းထားမယ် လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်း ပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံဃာ ၅၆ ပါး ဖမ်းဆီး ခံရပြီး ငါးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။