ထိပ်သီးဆွေးနွေးပွဲ ထင်သလောက် ခရီးပေါက်ခဲ့ပါရဲ့လား

နေပြည်တော်မှာ အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက် ၂ ရက်ဆက်တိုက်ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောာင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပါပြီ။ အစဉ်မပြေမှုတွေရှိခဲ့သလို တစ်စုံတရာတော့ အောင်မြင်မှုရရှိခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဦးခင်မောင်စိုးက ဆက်လက် တင်ပြပါလိမ့်မယ်။

နေပြည်တော်မှာ အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက် ၂ ရက်ဆက်တိုက်ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောာင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပါပြီ။ အစဉ်မပြေမှုတွေရှိခဲ့သလို တစ်စုံတရာတော့ အောင်မြင်မှုရရှိခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဦးခင်မောင်စိုးက ဆက်လက် တင်ပြပါလိမ့်မယ်။
-------

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ ဒီထိပ်သီးဆွေးနွေးပွဲ ပထမနေ့ကို တပ်မတော်နဲ့ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီအကြား အဆင်မပြေမှုတချို့နဲ့ စတင်ခဲ့ပါတယ်။ ဦးယွက်ဆစ်ကို နေရာချထားရေးအတွက် စီစဉ်သူတွေ တော်တော်လေး အကျပ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်က RCSS ကို အပစ်တင်စကား ပြောခဲ့ဲပြီးနောက် အစည်းအဝေးကို နေ့လည်ပိုင်းပြန်စတဲ့အခါ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဌ ဦးယွက်ဆစ်တို့ မတက်ပါဘူး။ ဒါပေမဲ့ ညစာစားပွဲကို သူတို့နှစ်ဦးလုံး တက်ရောက်လာတဲ့အတွက် အတော်လေး စိတ်သက်သာသွားခဲ့ကြတယ်လို့ ပါဝင်တက်ရောက်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့မှာ တခြားခေါင်းဆောင်အားလုံးနဲ့အတူ RCSS ဥက္ကဌ ဦးယွက်ဆစ်တက်ပေမယ့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ရှမ်းပြည်နယ်က အင်းလေး ဖောင်တော်ဦးဘုရား ပင့်ဆောင်ပွဲ တက်ရောက်နေတယ်လို့ ပြောပါတယ်။

ပြည်သူတွေ အများကြီးမျှော်လင့်ခဲ့ကြတဲ့ ဒီထိပ်သီးဆွေးနွေးပွဲကနေ ဘာတွေ အောင်မြင်မှုရခဲ့ပါသလဲ။ အစိုးရငြိမ်းချမ်းရေးကော်မရှင်မှာ ပါဝင်နေတဲ့ ဦးလှမောင်ရွှွေကို နေပြည်တော်က ရန်ကုန်အပြန်လမ်းမှာ ကျနော် မနေ့ညက အဆက်အသွယ်ရရှိခဲ့ပါတယ်။

“တိုင်းရင်းသားတွေက တခုတည်းသော တပ်မတော်ထားရှိရေးကို မူအားဖြင့်သဘောတူတယ်။ ဒါပေမဲ့ ခွဲမထွက်ဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စကိုတော့ အချိန်ယူစဉ်းစားလိုတယ်။ NCA မထိုးသေးတဲ့အဖွဲ့တွေနဲ့လည်း သူတို့ တိုင်ပင်ချင်တယ်ဆိုပြီး နိုဝင်္ဘာလကုန်ပိုင်း ပြန်ဆုံဖို့ သဘောတူခဲ့တယ်။ ကျနော့်ရဲ့ ၇ နှစ်တာ ငြိမ်းချမ်းရေးဖြတ်သန်းမှုမှာ ဒီလိုမျိုး အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေအတူထိုင်ပြီး ဆွေးနွေးတာ ပထမဆုံးအကြိမ်ဖြစ်လို့ ဝမ်းသာစရာကောင်းပါတယ်။ နောက်ပြီး ဒီပွဲမှာ အားလုံးပွင့်လင်းစွာ ပြောကြတယ်။”

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယဝံသာဘိဝံသကတော့ ဆွေးနွေးပွဲဟာ တစ်စုံတရာ အကျိုးရှိပေမယ့် ဒုတိယနေ့မှာ တပ်ချုပ်ကိုယ်တိုင် မတက်ရောက်တာကတောာ့ မဖြစ်သင့်ဘူးလို့ မိန့်ကြားခဲ့ပါတယ်။

“ထိပ်ပိုင်းခေါင်းဆောင်တွေ အကုန်ဆုံကြတွေ့ကြတယ်။ သဘောတူညီချက်တွေလည်း ရတယ်ဆိုလို့ ဝမ်းသာတယ်။ ဒါပေမဲ့ ဒုတိယနေ့မှာ တပ်ချုပ် မတက်တာ စိတ်မကောင်းဘူး။ ဒီအချိန်ဟာ လေးလေးစားစားနဲ့ ပါဝင်ရမယ့် ကာလကြီး၊ ဒီထက်အရေးကြီးတာ ဘာမှ မရှိတာပဲ။”

နိုင်ငံရေးဆောင်းပါးရှင် စာရေးဆရာ လင်းထင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ မပျက်မကွက် တက်ရောက်သင့်ပါတယ်လို့ ဝေဖန်ပါတယ်။

“ကာချုပ်က ထပ်တက်မလာတော့ ဘာတွေအလုပ်ရှုပ်နေသလဲပေါ့။ ကျနော်စိတ်ထဲမှာ မကောင်းဘူးဗျ။ အမှန်ကတော့ ဒီပွဲမျိုးက သူလာမှကောင်းမယ့်ပွဲမျိုးပေါ့လေ။”

ဒုတိယနေ့မှာ တပ်ချုပ်မတက်ပေမယ့် ဒု တပ်ချုပ်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ပြီး တနေ့လုံး စိတ်ဝင်တစား ဆွေးနွေးသွားတယ်လို့ ကြားရပါတယ်။ သူ့ရဲ့ သဘာနဲ့ ရင့်ကျက်မှုကို ပြသွားတဲ့အတွက် တက်ရောက်သူတွေက အတော်ပဲ အားရခဲ့ကြတယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ဆိုင်ရာကိစ္စတွေကို ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဗိုလ်ချုပ်ကြီး တင်မောင်ဦးတို့က ရှင်းပြခဲ့ဲပြီး ဒုတိယ တပ်ချုပ်က လိုအပ်မှပဲ ဝင်ရောက်ဆွေးနွေးတယ်လို့ တက်ရောက်သူတချိ့က အပြုသဘော ပြောဆိုပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲမှာ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့အချက်ကို တိုင်းရင်းသားတွေက မူအားဖြင့် လက်ခံပေမယ့် အတိအကျလက်မှတ်ထိုးဖို့အတွက် အဆင်သင့်မဖြစ်ဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ထင်သာမြင်သာ အောင်မြင်မှုတွေကို အချိန်တိုတိုနဲ့ ရရှိရေးအတွက် အဓိက လိုအပ်ချက်ကတော့ အတ္တတွေကို လျှော့ချရေးပဲလို့ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။

“အဲဒီ အတ္တနည်းနည်းလျှော့လိုက်ရင်ကို အဆင်ပြေမှုတွေ ရှိလာမယ်။ အဲဒီ အတ္တလျှော့လိုက်ရင်ကို တယောက်နဲ့ တယောက် နီးစပ်မှုတွေ ဆက်ဆံမှုတွေ ပိုကောင်းလာမယ်။ အဲဒီ အတ္တလျှော့လိုက်ရင်ကို သူနဲ့ကိုယ်နဲ့ ခွဲမရအောင် ချစ်ကြခင်ကြပြီးတော့ မလိုက်လျှောနိုင်စရာ ဘာမှမရှိဘူးဆိုတာ ကောင်းကောင်းကြီး သိလာနိုင်ပါတယ်။ အမှန်တော့ ဒီ အတ္တပြသနာပါပဲ။”

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ နှစ်မျက်နှာပါ ကြေညာချက်မှာတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဆက်လက်ကြိုးပမ်းသွားကြမယ်လို့ ယေဘုယျဆန်ဆန် ဖေါ်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီအစည်းအဝေးကို တနိုင်ငံလုံးက တိုင်းရင်းသားပြည်သူတွေဟာ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်သလောက် ခရီးပေါက်ခဲ့ပါရဲ့လားဆိုတာ စဉ်းစားနေမိကြောင်းပါခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org