မဲခေါင်မြစ်ဝှမ်းတစ်လျှောက်က နိုင်ငံဖြတ်ကျော်မှုခင်းများ
2023.08.18

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံရှိ ဘိုကီယိုပြည်နယ်တွေဟာ မှုခင်းထူပြောပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အာဏာစက် မသက်ရောက်တဲ့ ဘုံအန္တရာယ်ဇုန်တစ်ခု ဖြစ်လာနေပါတယ်။
ဒေသတွင်းမှာ အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုကြောင့် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းပြီး ရာဇဝတ်မှု တိုက်ဖျက်ရေးလုပ်ဖို့ ခရီးမတွင်ဘဲ ဖြစ်နေတယ်လို့ သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်တဲ့ International Crisis Group (ICG) အဖွဲ့ရဲ့ အစီရင်ခံစာမှာ သုံးသပ် ဖော်ပြထားပါတယ်။
“ဒီဒေသတွင်းမှာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ငွေတွေကို ငွေသားနဲ့ရော ကာစီနိုလောင်းကစားရုံတွေမှာ သုံးတဲ့ ချစ်ပ်ပြားတွေအနေနဲ့ပါ လဲလှယ် ရွှေ့ပြောင်းနေကြပါတယ်။ ဒီမှာ တရားမဝင် ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချ လျှော်ဖွတ်တဲ့ လုပ်ငန်းတွေ လုပ်နေတာသေချာပါတယ်။ ဒီဒေသမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး ပြတင်းပေါက်တွေကို သံပန်းနဲ့ ပိတ်ထားတဲ့ အဆောက်အအုံတွေလည်း တွေ့ရပါတယ်။ ဒီအဆောက်အအုံတွေထဲမှာ လူမှောင်ခိုကူးခံထားရတဲ့သူတွေကို အတင်းအကျပ် ချုပ်နှောင်ထားတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီကနေ မဲခေါင်မြစ်အတိုင်း ဆန်တက်သွားမယ်ဆိုရင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကို ရောက်ပါမယ်။ ရှမ်းပြည်နယ်ဟာ အာရှ-ပစိဖိတ် ဒေသတစ်ခုလုံးအတွက် မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေးတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံကြီး ဖြစ်ပါတယ်။”
ဒါကတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း ပါဝင်တဲ့ မဲခေါင်မြစ်ရဲ့ အစိတ်အပိုင်းဒေသဟာ နိုင်ငံဖြတ်ကျော် မှုခင်း အမျိုးမျိုး ကျူးလွန်နေတဲ့ အန္တရာယ်ဇုန်ကြီးတစ်ခု ဖြစ်လာနေတဲ့အကြောင်း ICG အဖွဲ့က ကျွမ်းကျင်သူ ရစ်ချတ် ဟော်ဆေ က ပြောသွားပါတယ်။
ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံမြောက်ပိုင်းမှာ အကြီးအကျယ် ဖြစ်ထွန်းနေတဲ့ ဒီတရားမဝင် စီးပွားရေးလုပ်ငန်းတွေဟာ ဒေသတွင်းက တရားဝင် စီးပွားရေးလုပ်ငန်းတွေကို နှောင့်နှေးစေတဲ့အပြင် နှစ်နိုင်ငံလုံးမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ အုပ်ချုပ်မှုယန္တရား ထိခိုက်ပျက်စီးစေပြီး လူ့အသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတဖြစ်မှု ပျက်စီးရကြောင်း ဒီဒေသရဲ့ ဆိုးကျိုးတွေကို နှစ်နိုင်ငံလုံးအတွက်တင်မကဘဲ ဒေသတစ်ခုလုံး ခံစားနေရတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
ဒီလို ဒေသတွင်းက နယ်စပ်ဖြတ်ကျော် မှုခင်းတွေနဲ့ တရားမဝင်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်နေပေမယ့် လက်ရှိ ပထဝီနိုင်ငံရေးအခင်းအကျင်းတွေကြောင့် ဒီလို နိုင်ငံပေါင်းစုံ ညှိနှိုင်းတိုက်ဖျက်ရေးအစီအစဉ်တွေ မလုပ်နိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသက နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှု၊ ဒေသတွင်း ဩဇာတည်ဆောက်မှုကို လက်ခံဖို့နဲ့ အမေရိကန်နိုင်ငံနဲ့ ရှိရင်းစွဲ ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ တွန်းအားနှစ်ခုကြားမှာ သွေးတိုးစမ်း အားပြိုင်နေတဲ့ နေရာတစ်ခုလည်း ဖြစ်နေပါတယ်။
ဒီလို အင်အားကြီးနှစ်နိုင်ငံအကြား အင်အားပြိုင်ဆိုင်မှုကြောင့် မဲခေါင်မြစ်တစ်လျှောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်ခံထားနေရတယ်လို့ ICG ရဲ့ ကျွမ်းကျင်သူ ရစ်ချတ် ဟော်ဆေ က ပြောပါတယ်။
“မဲခေါင်မြစ်ဟာ ဒေသတွင်းမှာ အမေရိကန်နဲ့ တရုတ်လို အင်အားကြီးနိုင်ငံတွေ အားပြိုင်တဲ့ နေရာလည်း ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဟာ ဒေသတွင်းက ဒီလို အန္တရာယ် ဇုန်တွေကို ထိန်းချုပ်မှု ရှိနေပါတယ်။ ဒီလိုဇုန်တွေ တိုးလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ သြဇာကလည်း ကြီးထွားလာနေပါတယ်။ အမေရိကန်၊ ထိုင်းနဲ့ အနောက်နိုင်ငံတွေကတော့ ဒေသတွင်းမှာ ဒီလိုအစိုးရအာဏာစက် မသက်ရောက်တဲ့ ဇုန်တွေ တိုးလာတာကို မြန်မာနဲ့ လာအိုနိုင်ငံရဲ့ အစိတ်အပိုင်းတွေကို တရုတ်နိုင်ငံရဲ့ ကျူးကျော်မှုတစ်ခုအဖြစ်နဲ့ ရှုမြင်နေကြပါတယ်။ ဒီကိစ္စဟာ အာဆီယံအတွက် တရုတ်နဲ့ ဆက်ဆံရေးရော အမေရိကန်နဲ့ ဆက်ဆံရေးကိုပါ သက်ရောက်မှု ရှိလာပါတယ်။”
မဲခေါင်မြစ်ကို အခြေပြုပြီး ရှင်သန်လှုပ်ရှားနေကြတဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းတွေကို နှိမ်နင်းဖို့ဟာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပေမဲ့ ဒီပြဿနာကို မဖြေရှင်းဘဲထားလိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဟာ အလွန်ကြီးမားလှတဲ့အတွက် ဒေသတွင်းနိုင်ငံတွေအကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုရှိမှသာ ပြဿနာကို အဖြေရှာနိုင်လိမ့်မယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။