G7 ထိပ်သီးညီလာခံကနေ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူဖို့ တွမ်အင်ဒရူး တောင်းဆို
ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာ G7 ထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ယူကရိန်းဘက်က ရပ်တည်ကူညီခဲ့သလို မြန်မာပြည်သူတွေကိုလည်း ကူညီဖို့ တွမ်အင်ဒရူး က တောင်းဆိုခဲ့ပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023-04-30 -
-
-
အခုမေလလယ်ပိုင်းမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပဖို့ရှိနေတဲ့ G7 လို့ခေါ်တဲ့ စက်မှုထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ ညီလာခံကနေ မြန်မာစစ်တပ်အပေါ် ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ချမှတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
G7 ညီလာခံကို လက်ခံကျင်းပခွင့်ရထားတဲ့ အိမ်ရှင် ဥက္ကဋ္ဌ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဦးဆောင်ဆွေးနွေးဖို့လိုကြောင်း ဆယ်ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ်အပြီး ပြီးခဲ့တဲ့သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ တွမ်အင်ဒရူးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ဟီရိုရှီးမားမှာ ကျင်းပမယ့် G7 နိုင်ငံတွေရဲ့ ထိပ်သီးညီလာခံကြီးမှာ မြန်မာအရေးကို ကမ္ဘာကသိအောင်ပြောဆိုဖို့ ဂျပန်အစိုးရက အခွင့်အလမ်း ရထားပါတယ်။ ဒီအခွင့်အလမ်းကို ကောင်းကောင်းအသုံးချဖို့ ၊ G7 ထိပ်သီးညီလာခံမှာ မြန်မာအရေး အာဂျင်တာတစ်ရပ်အနေနဲ့ ပါအောင်လုပ်ဖို့ ကျွန်တော် ဂျပန်ဝန်ကြီးချုပ် ကီးရှီးဒါးကို တိုက်တွန်းပါတယ်။ ဒီညီလာခံကနေ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ သတင်းစကားတစ်ရပ် တစ်ညီတစ်ညွတ်တည်း ချမှတ်နိုင်ဖို့နဲ့ အရေးယူဆောင်ရွက်တာတွေပေါ်လာဖို့ တိုက်တွန်းပါတယ်"
ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာ G7 ထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ယူကရိန်းဘက်က ရပ်တည်ကူညီခဲ့သလို မြန်မာပြည်သူတွေကိုလည်း ကူညီဖို့ သူကတောင်းဆိုခဲ့ပါတယ်။
"G7 နိုင်ငံတွေ ပေါင်းပြီး မြန်မာစစ်တပ်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာမျိုးဖြစ်လာအောင် ဂျပန်အစိုးရဘက်က ကြိုးပမ်းဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရလမ်းပေါက်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ရပါမယ်။ ယူကရိန်းအရေးမှာ အရေးယူတုံ့ပြန်ခဲ့ကြသလို လုပ်ဖို့လိုပါတယ်။တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေလို တန်ဖိုးကြီးစစ်လက်နက်တွေ မဝယ်ယူနိုင်အောင် ပိတ်ပင်ဖို့ လိုပါတယ်။"
အဲဒီလို ငွေရပေါက်တွေကို ပိတ်နိုင်မှ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အင်အားချည့်နဲ့လာအောင် လုပ်နိုင်မယ်လို့လည်း သူကပြောပါတယ်။ ဒါကြောင့် ကမ္ဘာ့အင်အားကြီး ထိပ်သီးနိုင်ငံတွေ ဆုံကြချိန်မှာ မြန်မာပြည်နဲ့ ပတ်သက်လို့ ပြင်းထန်တဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
"ဘာကြောင့်မြန်မာ့အရေးကို ယူကရိန်းလို နိုင်ငံတကာက မတုံ့ပြန်ကြတာလဲလို့ မြန်မာပြည်သူပြည်သားတွေက ကျွန်တော့်ကို အမြဲမေးကြပါတယ်။ ယူကရိန်းပြည်သူတွေပေါ် ကြဲချနေတဲ့ ဗုံးအမျိုးအစားနဲ့ ဆင်တူဗုံးတွေကို မြန်မာပြည်သူတွေ ကြဲချခံနေရတာပါလို့တောင် တချို့က ထောက်ပြကြပါတယ်။ ဒီမေးခွန်းတွေ ပြန်ဖြေဖို့ ကျွန်တော့်မှာ အဖြေမရှိပါဘူး။"
မစ္စတာ တွမ်အင်ဒရူးဟာ သူ့ရဲ့ ၁ဝ ရက်တာခရီးစဉ်အတွင်း ဂျပန်အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကနေ မြန်မာစစ်တပ်အရာရှိတွေကို ဆက်ပြီး စစ်သင်တန်းပေးတာတွေ မလုပ်ဖို့လည်း သူကတောင်းဆိုခဲ့ပါတယ်။
"ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပေးတဲ့သင်တန်းတွေမှာ တက်ခဲ့တဲ့ မြန်မာစစ်တပ်အရာရှိတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတွေလည်း ထွက်လာနေပါတယ်။ ဒါကြောင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီမြန်မာအရာရှိတွေကို ဆက်ပြီး သင်တန်းပေးနေသမျှ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေမှာ ဂျပန်က ပါဝင်ပတ်သက်နေတယ်လို့ ပြောရမှာပဲ"
G7 ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လက်ရှိအချိန်ဟာ ဂျပန်နိုင်ငံမှာ ထိပ်သီးညီလာခံမတိုင်ခင် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးနေကြချိန်ဖြစ်ပါတယ်။
G7 နိုင်ငံခြားရေးဝန်ကြီးတွေ ရောက်နေချိန် တိုကျိုမြို့ပေါ်မှာ မြန်မာ့အရေး ဆန္ဒပြလှုပ်ရှားတာတွေလည်း ရှိပြီး မနေ့ကလည်း မြန်မာနိုင်ငံသား အယောက် ၁ဝဝ လောက် လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတကာက အရေးယူဖို့ မြန်မာပြည်သူတွေ ဘယ်လောက်ထပ်သေပေးရဦးမလဲလို့ ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဒုတိယပတ်အတွင်း ပဇီကြီးရွာ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် လူပေါင်း ၂ဝဝ ကျော်သေဆုံးခဲ့ရတဲ့အကြောင်း ဆန္ဒပြသူတွေက သတင်းစကားပေးခဲ့ကြပါတယ်။
မစ္စတာ တွမ်အင်ဒရူးကလည်း သူ့ရဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးဒေသခံတွေ သေဆုံးခဲ့ရတဲ့အကြောင်း အဓိကထားပြောဆိုခဲ့သလို အရပ်သားတွေကို တိုက်ခိုက်နေတာဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဟာ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေပြီးတော့ တစ်ချိန်တည်းမှာ တရားမျှတတဲ့ ရွေးကောက်ပွဲပြန်ကျင်းပမယ်ဆိုပြီး ပြောနေတာဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးမှာ အဓိကကြတဲ့ ပါတီကြီးတွေ ဖျက်သိမ်းခံနေရချိန်၊ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူလို့မရဘဲ ဖမ်းဆီးထောင်ချခံနေရချိန်၊ စစ်တပ်ကို ဝေဖန်ထောက်ပြလို့ မရတဲ့ အခြေအနေမျိုးမှာ ရွေးကောက်ပွဲပြန်ကျင်းပမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း မစ္စတာ တွမ်အင်ဒရူးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
G7 လို့ခေါ်တဲ့ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ အီတလီနဲ့ ကနေဒါ နိုင်ငံ ၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ညီလာခံကို မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပဖို့ရှိပါတယ်။
ဒီညီလာခံကို ပေးပို့တဲ့ ဂျပန်ဝန်ကြီးချုပ် ကီးရှီးဒါးရဲ့ ကြိုဆိုနှုတ်ဆက်တဲ့ မိန့်ခွန်းထဲမှာတော့ ယူကရိန်းအရေးကိုပဲ အဓိက ပြောထားတာတွေ့ရပြီး၊ ဒေသတွင်းက မြန်မာပြည်အရေးကို ပြောဆိုထားတာ မတွေ့ရပါဘူး။