ရခိုင်နဲ့ ချင်းပြည်နယ်မှာ လှုပ်ရှားခဲ့တဲ့ Free Burma Ranger အဖွဲ့

မြန်မာနိုင်ငံသာမက နိုင်ငံတကာက စစ်ရေးပဋိပက္ခတွေကြားထဲက ဒုက္ခရောက်နေ သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ Free Burma Rangers အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လှုပ်ရှားမှုတွေ လတ်တလော လှုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း Free Burma Rangers အဖွဲ့က စားနပ်ရိက္ခာ ထောက်ပံ့မှုတွေပြုလုပ်ခဲ့စဉ် Photo: Free Burma Rangers

မြန်မာနိုင်ငံသာမက နိုင်ငံတကာက စစ်ရေးပဋိပက္ခတွေကြားထဲက ဒုက္ခရောက်နေသူတွေကို ကူညီကယ် ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ Free Burma Rangers အဖွဲ့ဝင်တွေဟာ  ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လှုပ်ရှားမှုတွေ လတ်တလော လှုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

ဒါပေမဲ့ အဖွဲ့ကိုဦးစီးတဲ့ အမေရိကန်စစ်ပြန်တွေအစား၊ ဒေသခံ တိုင်းရင်းသားတွေကို ရိန်းဂျားအဖြစ် သုံးထားတဲ့ အကြောင်းကို Free Burma Ranger အဖွဲ့ရဲ့ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားတချို့ဆိုရင် နိုင်ငံတကာ စစ်မြေပြင်ထိသွားပြီးတော့ ကူညီပေးရေးတွေ လုပ်နေကြ တာရှိပါတယ်။ အဲဒီထဲမှာ ကချင်အမျိုးသား ဇော်ဆိုင်းဆိုသူလည်း ပါပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာပဲ သူဟာ ကယ်ဆယ်ရေးတွေလုပ်ရင်း ဆီးရီးယားစစ်မြေပြင်မှာ တူရကီတပ်တွေ ပစ်လိုက်တဲ့မော်တာထိလို့ ကွန်လွယ်သွားခဲ့ပါတယ်။

ချင်းရိန်းဂျားအဖွဲ့ဝင်တွေဟာ ကန့်သတ်ခံထားရတဲ့ ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှာင်စခန်းတွေကို သြဂုတ်လ အတွင်းက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေလုပ်ခဲ့တယ်လို့ ဒီလ ဒုတိယအပတ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ချင်းရိန်းဂျားအဖွဲ့ဝင်တွေဟာ လူဦးရေ ၈၀၀ ကျော်၊ မိသားစု ၁၇၇ စု နေထိုင်တဲ့ ဒုက္ခသည်စခန်း  ၂ ခုက လူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်ဘေးရှောင်တွေဟာ အနေအထိုင်အစားအသောက် ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက် နေအိမ် ၂၇ လုံးဆောက်ပေးဖို့ တင်ပြကြပေမယ့် သူတို့အဖွဲ့အနေနဲ့ ဆန် ၁၃၂ အိတ် ထောက်ပံ့ပေးခဲ့ တယ်လို့ ရေးသားထားပါတယ်။

FBR အဖွဲ့ဟာ အစိုးရဆီမှာ မှတ်ပုံတင်ထားမျိုး မဟုတ်လို့၊ စစ်ပွဲဖြစ်ပွားရာဒေသတွေမှာ တိတ်တဆိတ် လှုပ်ရှားလေ့ရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်မှာလည်း လုံခြုံရေးကြောင့် နေရာအတိအကျ ထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။ တပ်မတော်ဖက်ကလည်း FBR အဖွဲ့ကို လုံးဝလက်မခံကြောင်း သတင်းမီဒီယာမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း စစ်ဘေးရှောင်တွေ တကယ်ဒုက္ခရောက်နေတဲ့အချိန် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကူညီထောက်ပံ့ပေး တာမျိုးကို ကြိုဆိုတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

“သတင်းတော့ကြားတယ်။ ဒါပေမဲ့ ချင်းပြည်နယ်ဘက်မှာသွားတဲ့အဖွဲ့က သူတို့ဘယ်လိုပုံစံမျိုး ရိက္ခာတွေ ထောက်ပံ့ပြီးတော့ ဘယ်လိုကူညီပေးသွားတယ်ဆိုတာ  ရှင်းရှင်းလင်းလင်း မသိရဘူး။ အဝေးသတင်း ဖြစ်နေတဲ့အတွက် အဲဒီအပေါ်မှာ အတည်ပြုချက်တော့ မရရှိထားဘူး။ ပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကူညီထောက်ပံ့ပေးတာကို လက်ခံပါတယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ၉ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ဘက်တွေမှာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် ၁၀ လကျော်လာပြီးတော့ တိုက်ပွဲရှောင်ဦးရေဟာလည်း ၆ သောင်းကျော်ထိ တိုးလာပြီဖြစ်ပါတယ်။

ယာယီဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေနဲ့ ကျေးရွာသားတွေဟာ စပါးရိတ်သိမ်းခွင့်၊ တောထဲမှာ ဟင်းသီး ဟင်းရွက်နဲ့ မျှစ်တွေ ခူးခွင့်မရှိတော့တာကြောင့် အစားအသောက် ပြတ်လတ်မှုကြုံနေရပြီး တောထဲမှာ ဟင်းသီးဟင်းရွက်ရှာနေချိန်မှာ မြေမြှုပ်မိုင်း အန္တရာယ်၊ တပ်မတော် စစ်ကြောင်းနဲ့ AA အဖွဲ့တို့ရဲ့ ဖမ်းဆီးတာကို ခံရနိုင်တာကြောင့် တောထဲမသွားရဲကြဘူးလို့ ဖော်ပြထားပါတယ်။

တပ်မတော်က ကန့်သတ်ထားတာမို့လို့ အစားအသောက်တွေကို တိတ်တဆိတ်ပို့ခဲ့ရပြီး တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ဟယ်လီကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

FBR ဟာ လက်တွေ့မှာ စစ်သွေးကြွတွေသာဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားတဲ့၊ ကရင်အမျိုးသားအစည်းအရုံး KNU ကိုလည်း အရင်တုန်းက စစ်သင်တန်းပေးခဲ့တာကြောင့် ပြည်တွင်းမှာ ပဋိပက္ခပိုဖြစ်လာနိုင်လို့ FBR တွေကို နိုင်ငံတွင်းသို့ ဝင်ခွင့်မပေးဘူးလို့ တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောခဲ့ဖူးတာ ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ အရင်ရပ်တည်ချက် အတိုင်းပါပဲလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

တပ်မတော်သားတွေဟာ AA ရဲ့ စစ်ရေးလှုပ်ရှားမှုအကြောင်းကို စစ်ဘေးရှောင်စခန်းတွေ မေးမြန်းလေ့ရှိတယ်လို့ ရေးသားထားပါတယ်။ တချို့အခြေအနေတွေမှာ စစ်ဘေးရှောင်စခန်းက လူတချို့ AA စစ်သားနဲ့ သိကျွမ်းတဲ့ သူတွေဖြစ်နေရင် တပ်မတော်ရဲ့ ဖမ်းဆီးခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း ခံရကြောင်းလည်း ဖော်ပြထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒါဟာလိုအပ်တဲ့  စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ စစ်ဘေးရှောင် အရေအတွက် လေးထောင်ကနေ ခြောက်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတချို့က FBR ကို ကြိုဆိုပေမယ့်၊ တပ်မတော်နဲ့ တစ်သဘောထားရှိတဲ့သူက ချင်းပြည်နယ် အစိုးရ ပြောခွင့်ရ စည်ပင်သာယာဝန်ကြီး ဦးစိုးထက် ဖြစ်ပါတယ်။

“ဒီဟာက နိုင်ငံရေးကိစ္စရော၊ စစ်ရေးကိစ္စရော ဒီလိုအဖွဲ့အစည်းက ကျွန်တေ်ာတို့ဒေသမှာ မရောက်တာပဲ ကောင်းပါတယ်။ ရောက်လို့ရှိရင် ရှုပ်ထွေးမှုတွေ ပိုဖြစ်နိုင်တယ်လို့ ထင်တယ်“

Free Burma Rangers အဖွဲ့ဟာ ကရင်ပြည်နယ်မှာ အခြေစိုက်ပြီးတော့ ပြည်တွင်းစစ်အတွင်း ဒုက္ခသည်တွေကို ဆေးဝါးကုသမှု အပါအဝင် လိုအပ်တဲ့အကူအညီတွေကို ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အဖွဲ့ကို ထူထောင်ခဲ့တာ ၂၅ နှစ်ရှိသွားခဲ့ပါပြီ။ ဒီကာလတစ်လျှောက် အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်းတွေကိုယ်တိုင် လေ့ကျင့်သင် ကြားပေးထားတဲ့ Free Burma Rangers အဖွဲ့ခွဲပေါင်း ၃၀၀ လောက်ရှိပြီးတော့ ဒီအထဲက အခုလက်ရှိ လုပ်ဆောင်နေတာ အဖွဲ့ခွဲပေါင်း ၇၀ လောက် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org