လေးပွင့်ဆိုင်တွေ့ဆုံပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဒီနေ့ နေပြည်တော် ပညာရေဝန်ကြီးဌာနရုံးမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် nner နဲ့ ကျောင်း သား ကျောင်းသူ ကိုယ်စားလှယ်တွေ လေးပွင့် ဆိုင်တွေ့ ဆုံဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့် နိုင်ငံတော်သမ္မတက ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် ပညာရေဝန်ကြီးဌာနရုံးမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် nner နဲ့ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့် နိုင်ငံတော်သမ္မတက ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် အစိုးရ လွှတ်တော် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော် မှာ ဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့်  ပျက်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စက အရေးကြီးနေတဲ့အတွက် လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှသာ ဆွေးနွေးဖို့ကို နိုင်ငံတော်သမ္မတက ဆုံးဖြတ်လိုက်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးပျက်သွားရတဲ့ အကြောင်းကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့  တက်ရောက် ဖို့ ပြင်ဆင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလို ရှင်းပြပါတယ်။

ဒေါ်ခင်စောဝေ။           ။ပိုတောင်းတယ်ပေါ့ သူတို့ဘက်က ကျောင်းသားအများကြီးတက်ခွင့်ပြုပါပေါ့နော်၊ ဒီဘက်မှာကလည်း သူတို့က အဲ့ကျောင်းသားအများကြီးတက်ဖို့ အခြေအနေတွေက မပေးဘူးပေါ့နော်၊ ညှိတဲ့အခါကျတော့ ၁၂ နာရီအထိ အဖြေပေါ်မလာဘူး၊ ညှိလို့လည်းမရသေးတဲ့ အခြေအနေဖြစ်နေ တယ်ဆိုရင်တော့ ရွေ့ဆိုင်းလိုက်ပါ၊ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ပြီးတဲ့နေ့ နောက်ပိုင်းမှာ ကြိုက်တဲ့ရက် ကိုပြောပါ၊ သူတို့ တွေ့ဆုံဆွေးနွေးပါ့မယ်ဆိုပြီးတော့ ဦးအောင်မင်းက ပြောတာလေ၊ အစိုရဘက်က ညွှန်ကြားချက်လာတယ်ပေါ့နော်၊ ၁၂ ရက်နေ့နောက်ပိုင်း အချိန်ပေးတာပေါ့၊ ဒီကြားထဲမှာတော့ ဦးအောင်မင်းက မလုပ်ပါနဲ့ပေါ့နော်၊ သူကအဲ့လိုမျိုး ပြောပြတယ်ပေါ့နော်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်စိန်ရတုခန်းမမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ မူလက ကျောင်းသူ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေးတဲ့အထိ မရောက်ပဲ အကြိုသဘောတူချက် ၉ ချက်ကိုသာ ဆွေးနွေးနိုင်ခဲ့ပါတယ်။

အဲ့ဒီ သဘောတူညီချက်တွေထဲမှာ အမျိုးသားပညရေးဆိုင်ရာ မူဝါဒ နည်းဥပဒေတွေ ဆွေးနွေးတဲ့ အခါ ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခွင့်ရရေး၊ ရက်ပေါင်း ၃ဝ အတွင်း နည်းဥပဒေကြမ်း ထွက်ပေါ်လာဖို့နဲ့ ကျောင်းသားထုရဲ့ လိုလားချက်နဲ့ကိုက်ညီမှ လွှတ်တော်ကအတည်ပြုဖို့ စတဲ့အချက်တွေကို သဘောတူခဲ့ကြပါတယ်။

ဒီနေ့ ကျောင်းသူ ကျောင်းသားတွေက ဆွေးနွေးပွဲ ပျက်သွားတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပ ခဲ့ပါတယ်။ ကျောင်းသားတွေက ကိုယ်စားလှယ် အရေအတွက် တိုးတောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေကို ကိုယ်စားပြု တက်ရောက်ဖို့ ပြင်ဆင်ခဲ့တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုမင်းသွေးသစ်က အခုလို ပြောပါတယ်။

ကိုမင်းသွေးသစ်။                   ။ကျနော်တို့ ကျောင်းသားထုရှေ့မှာ ဆွေးနွေးပွဲလုပ်ချင်တယ်၊ အရင်စိန်ရတု မှာကျင်းပသလိုပဲ ကျနော်တို့ ၁၅ ဦးကော်မတီကပဲ ဆွေးနွေးမယ်၊ ဒါပေမယ့် ကျန်တဲ့ ကျောင်းသားတွေက နားထောင်ခွင့်ရှိရမယ်၊ အခန်းကျန်းနေလို့ အပြင်မှာ စီစဉ်မယ်ဆိုရင်လည်း အပြင်မှာ သူတို့ ထိုင်ပေးမယ်လို့ ကျနော်တို့ဘက်က အဲ့လောက်အထိ လိုက်လျောပေးထားတယ်၊ သူတို့ဘက်က ကျနော်တို့ ၁၅ ဦးကလွဲလို့ နောက် ထပ် ကျနော်တို့ထပ်တိုးတောင်းတယ်၊ အယောက် ၂ဝ ပဲဝင်ခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာတယ်၊ အဲ့ဒီတော့ ပျဉ်းမနားခရိုင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားအယောက် ၃ဝ နီးပါးလောက်က အထဲကိုဝင်ခွင့်မရဘူး၊ ကျနော်တို့ အနေနဲ့ကလည်း ကျောင်းသားထုကို ကိုယ်စားပြုပြီး ဆွေးနွေးပွဲလုပ်တာဖြစ်တဲ့အတွက် ကျောင်းသားထု ရဲ့ ရှေ့မှာပဲလုပ်ချင်တယ်ဆိုတဲ့ အရင်ကတည်းက စည်ကမ်းချက်ကို ကျနော်တို့က လိုက်နာဖို့ အစိုးရကိုပြောတယ်၊ ဒါပေမယ့် သူတို့က အခေါက်ခေါက်အခါခါ သွားပြန်ညှိလိုက် ကျနော်တို့ဆီလာပြန်ပြောလိုက် နောက်ဆုံးဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေဖြစ်လာတယ်ပေါ့။

ဒီနေ့ ဆွေးနွေးပွဲမှာ တက်ရောက်ဖို့ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်တို့လည်း ပါဝင်ပါတယ်။ သူ့အနေ နဲ့ ကျောင်းသားတွေနဲ့ ဆက်လက်လက်တွဲသွားမှာဖြစ်ကြောင်း NNER အဖွဲ့က ဒေါက်တာ သိန်းလွင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒေါက်တာ သိန်းလွင်။              ။ကျနော်တစ်ဦးချင်းအနေနဲ့က ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ကျနော်ယုံကြည် တယ်၊ ကျောင်းသားများရဲ့ တောင်းဆိုချက်က မှန်ကန်တယ်၊ တရားမျှတတယ်၊ ပညာရေး ပြုပြင်ပြောင်းလဲဖို့ လုပ်တာဖြစ်တယ်၊ အဲ့ဒီအတွက် ကျနော်ဆက်လက် ပါဝင်နေမှာဖြစ်ပါတယ်၊ ကျနော် NNER မှာ ရှိနေဆဲဖြစ်တယ်၊ NNER က စုပေါင်းခေါင်းဆောင်တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ကျနော်ရဲ့ လုပ်ဖော်ကိုင်ဘက်များနဲ့အတူ NNER ရဲ့ လုပ်ငန်းများ၊ လှုပ်ရှားမှုများကို ကျနော်တို့ ခေါင်းဆောင်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက အထက်မြန်မာပြည်ကနေ ရန်ကုန်မြို့အထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကလည်း ရေနံချောင်းမြို့ကနေ ထွက်ခွာလာနေပါတယ်။

ဒါ့အပြင် ထားဝယ်၊ ဧရာဝတီ စတဲ့ဒေသတွေက ကျောင်းသား တွေဟာလည်း ရန်ကုန်အထိ ဆက်လက်ချီတက် ကြပြီး အထက်မြန်မာပြည်အဖွဲ့နဲ့ ရန်ကုန်မှာ ဆုံကြဖို့လာနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org