နိုင်ငံခြားကုမ္ပဏီတွေ မြန်မာက ဘာကြောင့် ပြန်ထွက်နေတာလဲ

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021.09.13
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာက ဘာကြောင့် ပြန်ထွက်နေတာလဲ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီရဲ့ ရှမ်းပြည်နယ် နမ္မတူဘော်တွင်းစီမံကိန်းကို တွေ့ရစဉ်
Photo: RFA

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခုနစ်လကျော်ကာလအတွင်း နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းကြီးတွေ မြန်မာနိုင်ငံကနေ တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းနေပြီး အဲဒီထဲမှာ ဩစတြေး လျအခြေစိုက် Myanmar Metals ကုမ္ပဏီလည်း ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ပြန်ရုပ်သိမ်းဖို့ နော်ဝေ အခြေ စိုက် တယ်လီနောကုမ္ပဏီက ပထမဆုံး ကြေညာခဲ့ပြီး၊ ဩစတြေးလျအခြေစိုက် Myanmar Metals က ဒုတိယမြောက်ကြေညာခဲ့တဲ့ နိုင်ငံတကာအဆင့် ကုမ္ပဏီကြီးဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိ ရင်း နှီးမြှုပ်နှံရမယ့် သူ့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး အစုရှယ်ယာတွေကို ပြန်ရောင်းချမယ်လို့ Myanmar Metals ကုမ္ပဏီက ဇူလိုင် ၂၁ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကြောင့် ဆယ်စုနှစ်တစ်စုကြာအထိ မျှော်လင့်ခဲ့ရတဲ့ မိသားစုအနာဂတ်တွေ မျှော်လင့်ချက်မဲ့ပြီး ပျက်စီးသွားတယ်လို့ နမ္မတူမြို့ ဖြူစင်ကြယ် အလုပ်သမားအဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမျိုးသက်ထွန်း က RFA ကို ပြောပါတယ်။

“လက်တွေ့အနေနဲ့ Myanmar Metals ထွက်သွားတဲ့အခါကျတော့ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ မျှော်လင့်ချက် ပျက်သွားလိုဖြစ်တာပေါ့ဗျာ။ ပထမဆုံးအချက်က မျှော်လင့်ချက်ပျက်သွားတယ်။ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ဒါကိုအများကြီး မျှော်လင့်ထားတာကိုး။ ကျွန်တော်တို့ ဒေသခံတွေက ဖက်စပ်ဝင်ရင် အလုပ်မရှိသူတွေလည်း အလုပ်အကိုင်တွေဘာတွေရမယ်။ လူနေမှုပုံစံလည်း ပြောင်း သွားမယ် ဒီလိုမျိုးမျှော်လင့်ထားတာပေါ့။ အခုတော့ Myanmar Metals က ထွက်သွားပြီဆိုတော့ မျှော်လင့်ချက်မဲ့သလိုဖြစ်တာပေါ့၊ မြို့ပေါ်ရပ်ကွက်ကလည်း သတ္တုတွင်းကို မှီပြီးမှဖြစ်တာလေ။ မိုင်းကြီးသာ ပြန်စည်လာရင် မြို့ပေါ်နေပြည် သူလူထုအတွက် အကျိုးရှိကြမှာပဲလေ။ အခုက သူတို့က ထွက်သွားတယ်ဆိုတော့ မျှောင်လင့်ချက်မဲ့ရသလို ဖြစ်သွားတာပေါ့”

ရှမ်းပြည်နယ် နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာမှာရှိတဲ့ Myanmar Metals ရဲ့ သတ္တုတူးဖော်ရေး လုပ်ငန်း တွေဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ဇန်နဝါရီလကုန်အထိ အရှိန်အဟုန် ကောင်းနေခဲ့ပြီး ကောင်းမွန် တဲ့ရလဒ်တွေကို မြင်ခဲ့ရတယ်လို့ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းနောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်လို့ မဖြစ်နိုင်တော့တာကြောင့် လုပ်ငန်းရပ်ဆိုင်းပြီး အစုရှယ်ယာတွေကို ပြန်ရောင်းထုတ်ဖို့ စီစဉ်ရတာလို့လည်း Myanmar Metals ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကစလို့ ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ ဝင်းမြင့်မိုရ် ကုမ္ပဏီ၊ EAP Global Mining Company Limited စတဲ့ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းပြီး Bawdwin Joint Venture အမည်နဲ့ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာမှာ နိုင်ငံတကာအဆင့် သတ္တု တူးဖော်ရေး လုပ်ငန်းတွေကို စတင်ခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းစပြီး သုံးနှစ်နီးပါးအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီး ခြောက်လနီးပါးအကြာ ၂၀၂၁ ဇူလိုင် ၂၁ ရက်နေ့မှာ Myanmar Metals ကုမ္ပဏီက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို မိတ်ဖက်ကုမ္ပဏီတွေကို ပြန်ရောင်းပြီး မြန်မာပြည်က အပြီးပြန်ထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့တုံ့ပြန်ချက်နဲ့ အသေးစိတ်အချက်အလက်တွေ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ရော အီးမေးနဲ့ပါ ဆက် သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားချက် မရခဲ့ပါဘူး။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှူး ဦးမျိုးမင်း က ပြန် ထွက်မယ့် ကုမ္ပဏီတွေအတွက် အစားထိုးလုပ်ကိုင်မယ့် ကုမ္ပဏီတွေရှိတာကြောင့် ပြဿနာမရှိလှပေမယ့် နောက်ထပ်အသစ်ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ တန့်သွားနိုင်တဲ့အတွက် မြန်မာ့စီးပွားရေး ကျုံ့သွား နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တယ်လီနောလိုဟာမျိုး ထွက်သွားတယ်ဆိုတာက တယ်လီနောတော့ ထွက်သွားရင် ထွက်သွားလိမ့်မယ် သူနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံထားတဲ့နေရာကို နောက်ထပ်တစ်ယောက်က ပြန်လုပ်မယ့် တစ်ယောက်က ရှိတယ်ပေါ့ဗျာ။ ရှိပြီးသားအခြေအနေကတော့ အဲဒီရှိတဲ့အခြေအနေတိုင်း တန့်နေလိမ့်မယ်။ ဒါပေမဲ့ ဝင်မလာရသေးတဲ့ အခြေအနေအကုန်လုံးကတော့ အခုလို အခင်းအကျင်းနဲ့ ဝင်လာချင်မှတော့ ဝင်လာ တော့မယ်။ ထွက်သွားတယ် ဆိုတာကတော့ မြန်မာအများစု နားလည်သလို ရှိသမျှပိုက်ဆံတွေ ရင်းနှီးမြှုပ် နှံထားတာတွေကိုထုတ်ပြီး ပြန်ထွက်သွားတာတော့ မဟုတ်ဘူး။ ကြာရင်တော့ ကျုံ့လာလိမ့်မယ်။ စီးပွား ရေးမကောင်းတာ ဖြစ်တဲ့အတွက် ကြာရင်ကျုံ့လာလိမ့်မယ်။ သို့သော်ထပ်ဝင်မလာမချင်း အဲစီးပွားရေး တွေက အဲလိုတန့်နေလိမ့်မယ် အဲလိုပဲ ပြောချင်တယ်”

နမ္မတူ ဘော်တွင်းလုပ်ငန်းတစ်ခုလုံးရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို မြန်မာပြည်ကနေ ပြန်ထွက်ဖို့ကြိုး စားနေတဲ့ Myanmar Metals ကုမ္ပဏီက ပိုင်ဆိုင်ပြီး ဝင်းမြင့်မိုရ်နဲ့ EAP ကုမ္ပဏီတွေက ၂၄.၅ ရာခိုင်နှုန်းစီ အချိုးကျ ပိုင်ဆိုင်ထားကြောင်း Myanmar Metals ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ Myanmar Metals ရဲ့ ဘော်တွင်း အစုရှယ်ယာအားလုံးကို တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် Yaitai Gold Company က အမေရိကန်ဒေါ်လာ ၆၆.၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ Myanmar Metals ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Myanmar Metals ထွက်ခွာသွားပြီးတဲ့နောက် လုပ်ငန်းဆက်လုပ်မယ့် အခြေနေတွေနဲ့ပတ်သက်ပြီး အသေး စိတ်သိနိုင်ဖို့ ဝင်းမြင့်မိုရ်ကုမ္ပဏီ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိ ကိုဗစ် ကပ်ရောဂါကာလ ဖြစ်နေတာကြောင့် လုပ်ငန်းတွေရပ်ဆိုင်းထားရသလို ဘယ်လိုရှေ့ဆက် လုပ်ဆောင်မယ် ဆိုတာကို သူ့အနေနဲ့ တိတိကျကျ မသိရသေးဘူးလို့ စီမံကိန်းမန်နေဂျာတစ်ဦးက ပြောပါတယ်။

"စီးပွားရေးမကောင်းတာဖြစ်တဲ့အတွက် ကြာရင်ကျုံ့လာလိမ့်မယ်"

Myanmar Metals ကုမ္ပဏီက သူ့ရဲ့ပြည်တွင်းလုပ်ငန်းတွေကို ပြန်ရောင်းချဖို့ ဆုံးဖြတ်လိုက်သလို လက်ရှိ နမ္မတူမြို့မှာ သတ္တုတူးဖော်ရေး ဆက်လက်လုပ်နေတဲ့ ဝင်းမြင့်မိုရ်ကုမ္ပဏီကလည်း ဝန်ထမ်းတွေကို တဖြည်း ဖြည်းချင်း လျှော့ချပြီး လုပ်ငန်းရပ်ဆိုင်းလုနီးပါးဖြစ်နေတဲ့အတွက် နမ္မတူဘော်တွင်းက အလုပ်သမားတွေဟာ နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီကြီးတွေ ဝင်လာဖို့ကို မျှော်လင့်နေခဲ့ကြတာလို့ ဘော်တွင်းဒေသလုပ်သား တစ်ဦးဖြစ်တဲ့ ကိုထူးအောင်က ပြောပါတယ်။

အရင်က နမ္မတူဘော်တွင်းဒေသမှာ သတ္တုတွင်းလုပ်သား နှစ်ထောင်ကျော်ရှိခဲ့ပေမယ့် ဝင်းမြင့်မိုရ် ကုမ္ပဏီ ဝင်လာပြီးနောက်မှာ လုပ်သား ကိုးရာလောက်ပဲ ကျန်တော့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ကုမ္ပဏီဘက်က လုပ်ငန်းရပ်ဆိုင်းလုနီးပါး ဖြစ်နေပေမယ့် ခန့်ထားတဲ့ ဝန်ထမ်းတွေကိုတော့ အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ လစာအတိုင်း ဆက်ပေးထားတယ်လို့ ကိုထူးအောင် က ပြောပါတယ်။

“ဒီ Myanmar Metals ဆိုတာ သူတို့ပြောတာ သြစတြေးလျအခြေစိုက်ဆိုတော့ နိုင်ငံခြား ကုမ္ပဏီဆိုတော့ လက်ရှိကုမ္ပဏီတွေနဲ့စာရင် နည်းနည်းမျှော်လင့်ချက် ထားတာပေါ့ဗျာ။ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အရေးတို့၊ ဥပဒေတို့၊ လုပ်သား လုံခြုံရေးအပိုင်းတို့၊ စည်းကမ်းပိုင်းတို့ကျတော့ နိုင်ငံခြား ကုမ္ပဏီတွေက ပိုတိကျတာကိုး။ လစာဆိုရင်လည်း သူတို့က ဒေါ်လာတွေဘာတွေနဲ့ တွက်မှာဆိုတော့ လက်ရှိနှုန်းထားထက် ပိုရမယ်ပေါ့ဗျာ၊ ကျွန်တော်တို့ဆီက လူတွေက။ ပုံမှန်အနေအထားဆိုရင် ဒီမှာလုပ် နေတဲ့ ကုမ္ပဏီက တခြားသတ္တုမိုင်းတွေနဲ့စာရင် လစာနှုန်းထားက တအားကွာနေတယ်။ သူတို့ကတော့ ကုမ္ပဏီကတော့ ဘယ်လိုအကြောင်းပြလဲဆိုရင် ကုမ္ပဏီကတော့ ထုတ်လုပ်ရေး မစတင်နိုင်သေးလို့ မပေးနိုင်သေးဘူးလို့ပဲ အကြောင်းပြတာလေ။ ကျွန်တော်တို့ကတော့ မြန်မာပြည်တစ်ဝှမ်းမှာရှိတဲ့ သတ္တုမိုင်းတွေမှာပေးတဲ့ နှုန်းထားမရရင်တောင် သင့်တင့်တဲ့နှုန်းထားလေး ရဖို့မျှော်မှန်းတာပေါ့ဗျာ”

လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ စီးပွားရေးစံနှုန်းတွေအရ လက်တွေ့ထိထိရောက်ရောက် မလည်ပတ်နိုင်သေးတာကို တွေ့ရတယ်လို့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနရဲ့ ညွှန်ကြားရေးမှူး Vicky Bowman က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ စီးပွားရေးအနေအထားနဲ့ စီပွားရေး (စံ) တွေအရ ထိထိရောက်ရောက် မလည်ပတ်နိုင်တာမျိုးကို တွေ့ကြုံနေရပါတယ်။ ဥပမာ Metro လို ပြန်ထွက်သွားရတော့မယ့် အနေအထားလိုပေါ့။ ဟိုတယ်တွေ၊ အစားအသောက် ဝန်ဆောင်မှု လုပ်ငန်း တွေကို အားပြုဖို့ပဲ၊ ဒါပေမဲ့ ခရီးသွားဧည့်သည်တွေ မလာတော့ အခက်အခဲတွေ ဖြစ်ကုန်တယ်။ အခြား လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားတယ်။ Telenor လည်း ဒီလိုပဲ၊ ဆက်ပြီး မလည်ပတ်နိုင်တော့ဘူး။ သူတို့ရဲ့ လူ့အခွင့်အရေး (စံ) တွေအရပေါ့”

စစ်အာဏာသိမ်းပြီး ခုနစ်လကျော်အကြာမှာ တယ်လီနောနဲ့ Myanmar Metals သာမက ရန်ကုန်နဲ့ အခြား မြို့ကြီးတွေမှာ အစားအသောက်လုပ်ငန်းစုကြီးကို လည်ပတ်ရောင်းချနေတဲ့ ဂျာမဏီအခြေစိုက် METRO ကုမ္ပဏီကလည်း သူ့ရဲ့လုပ်ငန်းတွေကို လာမယ့် အောက်တိုဘာလမှာ ပြန်ရုပ်သိမ်းတော့မယ့်အကြောင်း မကြာသေးခင်ကပဲ တရားဝင် ကြေညာခဲ့ပါတယ်။

telenor-myanmar.jpg
(ရန်ကုန်မြို့၊ စက်မှု (၁) လမ်း‌ပေါ်မှာရှိတဲ့ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ ရုံးကို တွေ့ရစဉ်)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းဇယားတွေအရ NLD အစိုးရလက်ထက် ၂၀၁၉ အောက်တိုဘာ ကနေ ၂၀၂၀ ဒီဇင်ဘာအထိ တစ်နှစ်တာကာလအတွင်း အိမ်ယာအဆောက်အအုံလုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်နဲ့ အခြားကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၂၄ ခုအထိ ခွင့်ပြုပေးခဲ့တာကို တွေ့ရပါတယ်။

ဒီလုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံသား တစ်သိန်းတစ်သောင်းနီးပါးကို အလုပ်အကိုင်အခွင့်လမ်းတွေ ဖန်တီး ပေးနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံပေါင်း ၅၁ နိုင်ငံရှိနေပြီး၊ အဲဒီထဲမှာ တရုတ်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေက လျှပ်စစ်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့နဲ့ အခြားကုန်ထုတ်လုပ်မှု လုပ်ငန်း တွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စီးပွားရေးသုံးသပ်သူတွေကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်မယ့် စီးပွားရေးဝန်းကျင် မျှတမှုအခြေအနေ၊ တရားဥပဒေစိုးမိုးမှုနဲ့ အကျင့်ပျက်ခြစားမှု အခြေအနေ ဘယ်လောက်ထိ ရှိ၊ မရှိ ဆိုတဲ့ အချက်တွေအပေါ်မှာ စဉ်းစားပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ဆက်လုပ်မလုပ် ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။