မြန်မာနိုင်ငံအရေးအတွက် ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကိုလာရောက်ပြီး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံဝန်ကြီးတွေနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ထိုင်းအစိုးရက ဖိတ်ကြားထားတဲ့ ကိစ္စအပေါ် စိတ်ပျက်မိကြောင်းနဲ့ အဲဒီဆွေးနွေးပွဲကို အချိန်မီဖျက်သိမ်းဖို့ NUG အစိုးရက ကြေညာချက် တစ်စောင်ကို မနေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အာဆီယံက ဘုံသဘောတူညီချက်ငါးချက်ချမှတ်ထားပြီး ဖြစ်တဲ့အတွက် ထိုင်းအစိုးရရဲ့အစီအစဉ်ဟာ အဲဒီသဘောတူညီချက်တွေနဲ့ ကွဲလွဲနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောပါတယ်။
“သတင်းတွေအရ သိရတယ် ထိုင်းနိုင်ငံကနေပြီးတော့ ကမကထလုပ်မယ့် နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြားတယ်လို့ ကျွန်မတို့သိရတယ် အဲဒီချဉ်းကပ်ပုံဟာ အာဆီယံကနေပြီးတော့ ဆုံးဖြတ်ချက်ချထားတဲ့ Five point consensus ပေါ့နော် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့လည်းပဲ လျော်ညီမှုမရှိဘူးဆိုတာ ကျွန်မတို့ တွေ့ရတယ်ပေါ့လေ။”
ဒီအစည်းအဝေးဟာ စစ်ကောင်စီကကျူးလွန်နေတဲ့ ရွာမီးရှို့မှုတွေ သတ်ဖြတ်မှုတွေဖြစ်တဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေကို ထိုင်းအစိုးရအနေနဲ့ အားပေးရာရောက်တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောပါတယ်။
“ဒီချဉ်းကပ်ပုံက ဘယ်လိုအခြေခံကနေပြီးတော့ ဖိတ်ကြားတာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်တယ် ဒါဆို အာဆီယံထိပ်သီးအစည်းအဝေးက ဆုံးဖြတ်တာတွေက ထိုင်းအစိုးရကနေပြီးတော့ ကမကထ လုပ်တဲ့ဟာတွေက တစ်မျိုးဆိုတော့ အာဆီယံထဲမှာကိုတောင်မှပဲ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ချဉ်းကပ်ပုံက နှစ်မျိုး နှစ်စားဖြစ်နေသလားဆိုတာ ကျွန်မတို့က မေးခွန်းထုတ်စရာဖြစ်တယ် ဒီချဉ်းကပ်ပုံကတော့ မြန်မာပြည်သူလူထုရဲ့ သဘောထားတွေကို လုံးဝထင်ဟပ်မှု မရှိဘူး လက်ရှိမြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ခံစားနေရတဲ့ ပြည်သူလူထုရဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေ ရွာမီးရှို့မှုတွေ ဒါတွေကို ရပ်တန့်နိုင်မှာ မဟုတ်တဲ့အပြင် ဒီလိုမျိုး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုပြီးတော့ နေရာ ပေးခြင်းအားဖြင့် ဒီအကြမ်းဖက်မှုတွေကိုပါ သွယ်ဝိုက်သောနည်းဖြင့် အားပေးသလိုမျိုး ဖြစ်နေတယ် ဆိုတာကိုတော့ ကျွန်မတို့ ရိပ်မိတယ် ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီကြေညာချက်ကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်လို့”
အာဏာသိမ်းမြန်မာစစ်ကောင်စီနဲ့ သံတမန်ရေးအရ အပြည့်အဝပြန်လည်ဆက်ဆံဖို့ အာဆီယံကိုလည်း ထိုင်းအစိုးရက စာပေးပို့တိုက်တွန်းထားပါတယ်။
အခုလို စစ်ကောင်စီကို အပြည့်အဝအသိအမှတ်ပြုဆက်ဆံဖို့ အဆိုပြုတဲ့စာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရက်ဝင်နိုင်က ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးပြီး အာဆီယံအဖွဲ့ကို ပေးပို့ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းအစိုးရက အခုအဆိုပြုလိုက်တဲ့ အစည်းအဝေးကို လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တက်ရောက်မှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောကြားထားပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီဖိတ်ကြားစာအကြောင်း မသိဘူးလို့ ဖြေကြားထားပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကိုမေးမြန်းရာမှာတော့ မြန်မာပြည်ရဲ့အခြေအနေတွေက တစ်စုံတရာတိုးတက်မှုမရှိတဲ့အတွက် အခုအချိန်မှာ အာဆီယံထိပ်သီးအဆင့် အစည်းအဝေးဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်စေ မြန်မာစစ်ကောင်စီပါဝင်ဖို့ အချိန်မတန်သေးတဲ့ အကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကို အလည်အပတ်ရောက်ချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်ကတော့ လက်ရှိမဲရှုံးထားတဲ့ ဝန်ကြီးချုပ်ပရာယွတ် ဦးဆောင်တဲ့ ထိုင်းအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဟာ မကြာခင်ရာထူးကဆင်းရမယ့်သူဖြစ်တာကြောင့် ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ထိုင်းပြည်သူတွေအနေနဲ့လက်မခံဖို့ စည်းလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်နှစ်တာကာလ အာဆီယံရဲ့ သဘောတူညီချက် ငါးချက်ပေါ့နော် မအောင်မြင်ခဲ့ဘူး ကျရှုံးတယ် ကျွန်မတို့ ဖြစ်စေချင်တာက မအောင်မြင်ခဲ့ဘူး ကျရှုံးတယ်ဆိုရင် ဒီ့ထက်ပိုပြီးတော့ တိုးတက်တဲ့ စဉ်းစားချက်တွေ ဖြစ်လာစေချင်တယ် အခုက မဟုတ်ဘူး ငါး ချက်ချလိုက်တယ် ငါးချက်မအောင်မြင်ဘူးဆိုရင် ငါတို့ စစ်အုပ်စုနဲ့ လက်ဆွဲနှုတ်ဆက်မှ ဖြစ်မယ်ဆိုတဲ့ဘက်ကို ပြန်ရောက်သွားတယ် ပြောချင်တာက သူတို့အရင် သတ်မှတ်ထားတဲ့ စစ်အုပ်စုကို မဖိတ်ဘူး အာဆီယံ summit က လုပ်ခဲ့သမျှသော ရာဇဝတ်မှုတွေကြောင့်မို့လို့ အဆက်အဆံ မလုပ်ဖူးဆိုတဲ့ မူကလုံးဝကျိုးပျက်သွားတယ် အခုလက်ရှိနိုင်ငံခြားရေးဝန်ကြီးဆိုတာက သိပ်မကြာခင် သူတို့ရာထူးကဆင်းရတော့မှာ အသစ်တက်လာမယ့် အစိုးရမတိုင်ခင်ကို သူတို့မဆင်းခင်လေးမှာ မြန်မာပြည်က အာဏာရှင်တွေအတွက်ကို သူခိုး ဓားရိုးကမ်းတဲ့ လုပ်ငန်းမျိုးလုပ်ချင်တဲ့ အနေအထားပေါ့နော် ဒါကိုကျွန်မတို့ မြင်ရတော့ ထိုင်းပြည်သူတွေကပါ ဒီကိစ္စကို ထကြရပ်ကြပြောကြဖို့ လိုတယ် ကျွန်မတို့ နှိုးဆော်လျက် ရှိပါတယ်။”

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ဟာ ထိုင်းနိုင်ငံကိုအာဏာသိမ်းပြီး တက်လာတဲ့သူဖြစ်တာကြောင့် ဒီလုပ်ဆောင်မှုဟာ အာဏာရှင်အချင်းချင်း ထောက်ခံပေးတာသာ ဖြစ်တယ်လို့ လူမျိုးတုံး သတ်ဖြတ်မှု စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဇာနည်က ပြောပါတယ်။
“ဒီအလုပ်လုပ်တာက ထိုင်းက သူကိုယ်တိုင် လုပ်တာဖြစ်တယ် အာဆီယံရဲ့ ထောက်ခံမှုမရှိဘူး သူ့အနောက်မှာ ပါတဲ့လူတွေတော့ ရှိမှာပေါ့ လာအိုတို့ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့လည်း ပါရင်ပါမှာပေါ့ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေကလည်း အာဏာရှင်စနစ်ဆန်ဆန် တစ်ပါတီတည်း အုပ်ချုပ်နေတဲ့ နိုင်ငံတွေဆိုတော့ မသူတော် အချင်းချင်း သတင်းလွေ့လွေ့ ပုံစံပေါ့ ဒီဟာက ထိုင်းပြည်သူတွေကို ကိုယ်စားပြုပြီးတော့ တက်လာတဲ့ အစိုးရ လုပ်တာမဟုတ်ဘူး ဒီလုပ်တာက ပရာယွတ်ဆိုတဲ့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က ကမကထ လုပ်ပြီးတော့ လုပ်တာဖြစ်တယ် အမြှီးပြတ်နေတဲ့ခွေးက တခြားခွေးတွေကိုလည်း အမြှီးပြတ်တာပဲ မြင်စေချင်တာပေါ့။”
ဒေသတွင်းအာဆီယံ ခေါင်းဆောင်အချို့ မတက်ရောက်တဲ့ အစည်းအဝေးကို ထိုင်းအစိုးရ စီစဉ်တာဟာ နိုင်ငံရေး ထွက်ပေါက်တစ်ခုအနေနဲ့ မဟာမိတ်ရှာတဲ့ သဘောဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ CDM ဗိုလ်ကြီးနတ်သားက မှတ်ချက်ပြုပါတယ်။
“သူ့ဟာသူဘယ်သူခေါ်တွေ့တွေ့ ဟွန်ဆန်လည်း စစ်ကောင်စီကို ခေါ်ပြီးတော့ လူရာသွင်းတယ် အခုလည်း ပရာယွတ်လည်း လူရာသွင်းတယ် ကျန်တဲ့ဒီမိုကရေစီ လိုလားတဲ့ မလေးရှားတို့ အင်ဒိုနီးရှားတို့ တခြားနိုင်ငံတွေက အသိအမှတ်မပြုတဲ့အတွက်ကြောင့်မို့လို့ သူတို့ဘာမှအရာမဝင်ခဲ့ဘူး ထိုင်းကစစ်ကောင်စီ လူရာသွင်းရမယ်ဆိုတဲ့ အကြောင်းအရင်းက ပထမအချက်သည် နယ်စပ်မျဉ်းတစ်လျှောက်မှာ ဒေသတည်ငြိမ်ရေး စီးပွားရေး အခြေအနေကောင်းဖို့ရယ် နောက်တစ်ချက်ကတော့ ပရာယွတ်အစိုးရရဲ့ နိုင်ငံရေးထွက်ပေါက်ရှာတာ မဟာမိတ်ရှာတာ သေချာတာ တစ်ခုကတော့ မင်းအောင်လှိုင် လူရာမဝင်လို့ ရှိရင် ထိုင်းက ပရာယွတ်ကလည်း သိပ်အခြေအနေ မကောင်းဘူး သူ့သောကနဲ့ သူဖြေရှင်းတယ်လို့ပဲ ကျွန်တော်မြင်တယ် ကျွန်တော်တို့ တော်လှန်ရေးကိုတော့ ဘာမှ အကျိုးသက်ရောက်မှု များများစားစား ရှိမယ်လို့တော့ ကျွန်တော်မထင်ဘူး။”
ထိုင်းအစိုးရဲ့ အစည်းအဝေးဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကို RFA ကဆက်သွယ်လို့ မရခဲ့ပါဘူး။
HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ဖီလ် ရော်ဘတ်ဆင်က တခြားအာဆီယံနိုင်ငံတွေက ဥပက္ခာပြုထားတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားလိုက်တာဟာ ပမာမခန့်လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။