တိုက်ပွဲတွေကြားထဲက ပလက်ဝမှာ ရိက္ခာပြတ်တဲ့ရွာ ၂၀၀ ကျော်ရှိ

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်တွေမသွားနိုင်ဘဲ ပိတ်မိနေကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကျေးရွာ ၂၀၀ ကျော်လောက် စားနပ်ရိက္ခာဆန်နဲ့ အခြားသော ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။

ချင်းပြည်နယ် ဆမီးမြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာ ကလေးတွေကို ၂၀၂၀ မေ ၂၈ ရက်နေ့ကတွေ့ရစဉ် Photo: Wai Mar Tun/RFA

တိုက်ပွဲနယ်မြေဖြစ်နေတာကြောင့် ဒေသခံတွေ ကူးသန်းသွားလာဖို့ခက်ခဲနေပြီး ကျေးရွာလေးရာနီးပါးရှိတဲ့ ပလက်ဝမြို့နယ်မှာ  ရိက္ခာပြတ်တောက်နေတာကြောင့် ဆန် အရေးတကြီး လိုအပ်တဲ့ ကျေးရွာအရေအတွက် နှစ်ရာကျော်ရှိတယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ RRCCI ကနေ သိရပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာပဲ ပိတ်မိနေတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် နှစ်သောင်းကနေ ခြောက်သောင်းကြားရှိပြီး မြို့ပေါ် စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတာက တစ်သောင်း ရှစ်ထောင်ကျော် ရှိတယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ  မိုင်နန်းဝေက ရိက္ခာလိုအပ်သလို  သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးလည်း လိုအပ်နေပြီလို့ ပြောပါတယ်။

"ပိတ်မိကျေးရွာတွေကတော့ ပလက်ဝတစ်မြို့နယ်လုံးမှာ ရွာပေါင်း လေးရာကျော်ရှိတဲ့အထဲမှာ ပိတ်မိရွာတွေ ကို ပြောမယ်ဆိုရင်တော့ ရွာပေါင်းနှစ်ရာကျော်လောက်ကတော့ ဒါပိတ်မိစာရင်းထဲမှာတော့ ပါနေမှာပေါ့နော်၊ နှစ်ရာကျော် သုံးရာနီးပါးကတော့ ရွာတိုင်းလိုလိုပဲ ပလက်ဝနဲ့အနီးဆုံးကပေ့ါနော်၊ အခုဆိုရင် ဒီတုံ့မဝရွာဆိုရင် လည်း ဆန်မရှိဘူးဆိုပြီးမှ ဆက်သွယ်လာတယ်၊ နောက်ဆမီးအောက်ပိုင်းက ရွာတွေပေါ့နော် ဆမီးမြို့နဲ့ နည်းနည်းအလှမ်းဝေးတဲ့ရွာတွေပေါ့နော်၊ နောက်ပီချောင်းတဝိုက်ဆိုရင် လုံး၀ ဆန်ပြတ်လပ်သွားတာ၊ ပလပ်ဝ ဘက်နဲ့လည်း သွားလို့မရဘူး၊ အဲနားတဝိုက်မှာဆိုရင်တော့ ကျောက်တော်ဘက်နဲ့တော့နီးတယ်၊ ဒါပေမဲ့ AA တွေ အများကြီးရှိတယ်ပေါ့နော်၊ အဲဘက်လည်း ကျွန်မတို့ပို့ပေးဖို့လည်း အဆင်မပြေဘူး၊ နောက်ကုလားတန် တောက်လျှောက်က ရွာတွေကလည်း ဆန်စားနပ်ရိက္ခာလုံးဝမရှိတော့ဘူး၊ မြို့ကိုလည်းဆင်းလာလို့မရဘူး၊ ဆန်တွေအပြင် နောက်တချို့သော သက်ကြီးရွယ်အိုတွေ လေဖြတ်တာတို့ လေဖြန်းတာတို့ နောက်ဆီးချိုဖြစ် တာမျိုး အဲလိုရောဂါဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေဆိုလို့ရှိရင်လည်း တချို့ဆို ဆေးဝါးတွေ လုံးဝ ပြတ်လပ်သွားပြီ၊ ဆေးကုဖို့မြို့ပေါ် ဆင်းလို့လည်းမရဘူး၊ ဒီဘက်ကဆေးမှာရင်လည်း ပို့ပေးလို့ အဆင်မပြေ ဘူး၊ အဲလိုအခက်အခဲတွေကတော့ အများကြီးကြုံတွေ့နေရတယ် ဒီကာလမှာပေါ့။"

ဆန်ဝယ်လို့ရမယ့်ဒေသကို သွားမယ်ဆိုရင်လည်း ပစ်ခတ်တိုက်ခိုက်ခံရနိုင်တာကြောင့် မသွားရဲတော့တဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲနဲ့အလှမ်းဝေးလို့ တောင်ယာလုပ်ကိုင်နိုင်တဲ့ ကျေးရွာ တစ်ရာခန့်လောက်ပဲ စားဝတ်နေရေး အနည်းငယ် အဆင်ပြေနေသေးတာဖြစ်တယ်လို့ မိုင်နန်းဝေက ဆိုပါတယ်။

လက်ရှိရှိတာနဲ့ စားနေရပြီး ဘယ်မှသွားလို့ ဝယ်လို့ မရဘူးလို့ ပလက်ဝမြို့နယ် ကေသရွာဒေသခံ ဦးတောင်မင်းက RFA ကို ပြောပါတယ်။

"အကုန်လုံးပိတ်ထားပါတယ် လမ်းတွေက ဘယ်မှသွားလို့မရပါဘူး၊ လောလောဆယ်ကတော့ ရှိတာလေး တွေနဲ့ပဲ စားနေရတာပဲ၊ ရိက္ခာတွေကတော့ ပြတ်တဲ့အဆင့်ဖြစ်နေပါပြီ၊ ဆင်းလာလို့ကလည်းမရ ဆင်းလာ လည်းပစ်မှာပဲ၊ အခက်အခဲကတော့ အများကြီးရှိမှာပါ၊ လောလောဆယ်တစ်ခုမှ ဝယ်စရာလမ်းပေါက်ကို မရှိတာ၊ အကုန်လုံးကပိတ်ပိတ်ပိတ်ပဲ၊ ဟိုဘက်က ဒရွယ်အိုင်ဘက်ကလည်း ပိတ်ထားတယ်၊ ဒီဘက်ကလည်း ကေသရွာဘက်က ပိတ်ထားတယ်၊ ဘယ်နေရာမှ ဘာမှဝယ်လို့မရဘူး။"

ဝယ်ရတဲ့အချိန်ကလည်း ရိုးရိုးဆန်အကြမ်း တစ်အိတ်ကို ခြောက်သောင်းခွဲနီးပါး ပေးခဲ့ရတယ်လို့ ဦးတောင်မင်းက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝဒေသခံ ခရစ်ယာန်ဆရာတော်တစ်ပါးက အကူအညီလိုအပ်နေတဲ့ရွာ သူတို့လက်လှမ်းမီသလောက် လေးဆယ်နီးပါးရှိပြီး အစွန်အဖျားဘက်တွေတော့ သေချာမသိဘူးလို့ ပြောပါတယ်။

"အခြေအနေက တော်တော်ဆိုးတယ်၊ အခုပလက်ဝမြို့ပေါ်မှာတောင် ဆန်က ခြောက်သောင်းခွဲလောက်ရှိတယ် ပေါ့နော်၊ အခုလမ်းတွေက အကုန်ပိတ်တဲ့အခါကျတော့ သွားလို့မရဘူးလေ၊ ပီချောင်း ဘေးကတော့ ကျွန်တော် တို့ မပြောတတ်ဘူး၊ ဟိုဘက်ကတော့ လုံးဝသွားလို့မရဘူးလေ၊ သူတို့အားလုံးက နေရာယူထားတဲ့နေရာတွေ ဖြစ်တယ်၊ ကျွန်တော်တို့သိသလောက်ဆို ရွာပေါင်းသုံးလေးဆယ်တော့ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ဟိုးအစွန် အဖျားတော့ ကျွန်တော်တို့လည်း မသွားနိုင်ဘူးလေ လက်လှမ်းမမီဘူးပေါ့။"

နောက်ထပ်အမည်မဖော်လိုတဲ့ စစ်ဘေးသင့်ကူညီပေးနေသူ တစ်ယောက်ကလည်း သူတို့သိရသလောက်တော့ ပလက်ဝမြို့နယ်ထဲမှာ ဆန်ရိက္ခာလိုနေတဲ့ရွာ တစ်ရာဝန်းကျင်ရှိပေမယ့် လုံခြုံရေး အခက်အခဲကြောင့် အခု ချိန်ဆန်တွေ မရောက်နိုင်သေးဘဲ အောက်တိုဘာလာလောက်မှ ဆန်တွေရောက်နိုင်မယ်လို့ ပြောပါတယ်။

ပလက်ဝ ကျေးလက်ဒေသခံတွေဟာ ဝေးလံတဲ့နေရာတွေအထိ သွားရောက်ပြီး ဆန်ဝယ်ယူပေမယ့် အိမ်အပြန် လမ်းမှာ ဆန်အိတ်လုယက်ခံရသလို ပလက်ဝမြို့နယ်ကို အကူအညီ သွားရောက်တောင်းခံရာမှာလည်း ကပ်ဘေး ကာလ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေရှိတာကြောင့် မြို့ထဲဝင်လို့မရဘူးလို့ သိရကြောင်း ရွာလူကြီးတွေကို ကိုးကားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က သူ့ရဲ့  facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးစိုးထက်က နယ်မြေလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ် ရေး အခက်အခဲကြောင့် စေတနာရှင်တွေ လှူဒါန်းထားတဲ့ငွေကြေး ပို့ပေးတာပဲ လုပ်နိုင်တယ်လို့ RFA ကို စက်တင်ဘာလ ၁၉ ရက်နေ့က ဖြေဆိုထားပါတယ်။

"နယ်မြေမလုံခြုံတာအပြင် လမ်းမကောင်းတာလည်း ပါတာပေါ့နော်၊ အဲဒါကြောင့် ကျွန်တော်တို့က အခု လတ်တလောဖြေရှင်းတဲ့အနေနဲ့ကတော့ တချို့ကျေးရွာတွေကို ကျွန်တော်တို့ ပြည်နယ်အစိုးရကနေပြီးတော့ လူထုကထည့်ဝင်တဲ့လှူတဲ့ဟာတွေနဲ့ နောက်ပြီးတော့ RRCCI ကနေ လှူတဲ့ဟာတွေနဲ့ ကျေးရွာတွေကို ပိုက်ဆံ ပို့ပေးပြီးမှ ပိုက်ဆံနဲ့ နီးစပ်ရာဝယ်စားတဲ့စနစ်ပေါ့နော်၊ သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ဝယ်စားတဲ့စနစ်မျိုး ကို ကျင့်သုံးနေတယ်၊ ကျွန်တော်တို့ကိုကူညီတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်းရှိတယ်၊ နောက်ငွေကြေး လှူဒါန်းတာတွေလည်းရှိတယ်၊ ဆန်လှူဒါန်းတာတွေလည်းရှိတယ်၊ လက်ရှိကတော့ WFP ကတော့ တောက် လျှောက် IDP Camp မှာရှိတဲ့လူတွေအတွက်က သူတို့ကူညီဖို့လုပ်နေတယ်၊ အဲဒါတွေလည်း လုံခြုံရေးကန့်သတ် ချက်ကြောင့် သွားရလာရခက်ခဲတာတွေရှိပါတယ်၊ IDP ထဲမှာရှိတဲ့သူတွေအတွက် ပြဿနာမရှိပေမယ့်  IDP ထဲမှာ မရှိတဲ့သူတွေအတွက်ကျတော့ အခက်အခဲတော်တော်ဖြစ်ပါတယ်။"

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်က ကူညီပေးမှရမှာဖြစ်လို့ ပြည်ထောင်စု အစိုးရထံ တင်ပြထားတယ်လို့လည်း စည်ပင်သာယာရေး၊ လျှစ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဒေသခံတွေကတော့ လက်ရှိမှာ ဆန်ရရှိဖို့ပဲ အဓိကလိုအပ်နေပြီး ငွေကြေးပိုက်ဆံက အသုံးမတည့်တော့တဲ့ အခြေအနေရောက်နေတာကြောင့် ပြတ်လပ်နေတဲ့ ဆန်ရိက္ခာ  အမြန်ဆုံးပို့ပေးဖို့ပဲ အကူအညီတောင်းကြ တာဖြစ်ပါတယ်။

ပလက်ဝမှာ သမားရိုးကျ ရွှေ့ပြောင်းတောင်ယာကိုပဲ လုပ်ကိုင်ကြတယ်၊  မြေဆီလွှာ ခမ်းခြောက်ညံ့ဖျင်းလာတယ်၊ စပါးမျိုးကောင်းမျိုးသန့် မရရှိနိုင်ဘူးဆိုတဲ့ အခြေအနေကြောင့်  သီးနှံအထွက်နှုန်း အလွန်နိမ့်ကျတယ်လို့ ပလက်ဝ မဲဆန္ဒနယ် အမတ် ဦးစိန်အောင်က ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။ ဒေသတွင်း စပါးထွက်ရှိမှုဟာ ဒေသလိုအပ်ချက်ရဲ့  ၄၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဦးစိန်အောင်က ဆို ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီနှစ်ထဲ ထုတ်ပြန်တဲ့ မှတ်တမ်းအရ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှတို့နဲ့ နယ်ခြင်း ထိစပ်နေတဲ့ ပလက်ဝမှာ လူဦးရေ တစ်သိန်းတစ်သောင်း နီးပါး ရှိပါတယ်။  ကျေးရွာပေါင်း ၃၈၈ ရွာ ရှိရာမှာ လူဦးရေ ကိုးသောင်းကျော်က ကျေးလက်ဒေသမှာ နေထိုင်ပြီး ပလက်ဝမြို့ပေါ်မှာတော့ တစ်သောင်းကျော် နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org