ပြည်နယ်နဲ့ တိုင်းလေးခုမှာ ရေကြီးမှုကြောင့် လူဦးရေ သုံးသောင်းခန့် ဒုက္ခကြုံနေရ

RFA Burmese
2024.07.11
ပြည်နယ်နဲ့ တိုင်းလေးခုမှာ ရေကြီးမှုကြောင့် လူဦးရေ သုံးသောင်းခန့် ဒုက္ခကြုံနေရ မြစ်ကြီးနားမြို့တွင် ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာ ဇွန်လကနေ ဒီနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး လူပေါင်း သုံးသောင်းကျော် ဒုက္ခရောက်နေပါတယ်။

ဇူလိုင်လ ၉ ရက်နေ့အထိ RFA က ရရှိထားတဲ့စာရင်းတွေအရ ကချင်ပြည်နယ်မှာ နှစ်သောင်းကျော် (၂၃,၂၉၈ ဦး)၊ စစ်ကိုင်းတိုင်းမှာ ခုနစ်ထောင်ကျော် (၇၄၇၈ ဦး)၊ မကွေးတိုင်းမှာ တစ်ရာကျော် (၁၄၆ ဦး) နဲ့ မန္တလေးတိုင်းမှာ ငါးဆယ်ကျော် (၅၆ ဦး) ရေဘေးဒဏ်ခံနေရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပြန်ကျလို့ ရှင်းလင်းရေးလုပ်ချိန် အလောင်းငါးလောင်းထက်မနည်းကို တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ဇူလိုင်လ ၁၀ ရက်မှာ ဖြေဆိုထားပါတယ်။

"ရွာတွေဘက်ကတော့ အိမ်ခေါင်တွေကအစ မြုပ်တာဗျ။ မနေ့ညကကို တစ်ပေကျော်ကျော်လောက်ကို တက်လာတာ အိမ်တွေထဲဝင်လို့"

ချင်းတွင်းမြစ်အထက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ကလေးဝမြို့တွေမှာလည်း ရေကြီးမှုတစ်ပတ်ကျော်လာတာကြောင့် စားသောက်နေထိုင်ရေးကအစ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခန္တီးမြို့ပေါ်ရပ်ကွက်တွေအပါအဝင် ချင်းတွင်းမြစ်အနီးက ရွာဆယ်ရွာထက်မနည်း ရေနစ်မြုပ်နေပြီး လူဦးရေ နှစ်ထောင်ခန့် ရေဘေးဒဏ်ခံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ခန္တီးမြို့နယ်၊ နမ်မုံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"နံပါတ်တစ် ရေသန့်မရနိုင်ဘူး။ ရေသန့်ရှားတယ်။ အခုလိုအပ်နေတာက ဆေးဝါး၊ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှော ဒီဟာတွေအတွက် ကျွန်တော်တို့ ဓာတ်ဆားထုပ်လေးတွေရယ်၊ ဆေးဝါးတွေရယ်၊ ပြီးတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်တွေပေါ့။ အဝတ်အစား၊ တချို့တွေဆို ညတွင်းချင်း ပြေးလာတာတွေရှိတော့ သူတို့အတွက် အဝတ်အစားလေးတွေတော့ အရေးပေါ် လိုအပ်တဲ့အခြေအနေမှာ ရှိတာပေါ့လေ"

အရင်က နှစ်ရက်၊ သုံးရက်နဲ့ ရေပြန်ကျသွားပေမဲ့ အခုလို တစ်ပတ်ကျော်အထိ ရေမတက်ဖူးဘူးလို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Facebook/အညာပစ်တိုင်းထောင်လေးများအဖွဲ့)
ဆားလင်းကြီးမြို့နယ်အတွင်း ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Facebook/အညာပစ်တိုင်းထောင်လေးများအဖွဲ့)

ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ မြောင်မြို့နယ်မှာလည်း ရေကြီးရေလျှံဖြစ်နေတာကြောင့် ပဲစိုက်ခင်း ဧက ရာနဲ့ချီ ဆုံးရှုံးခဲ့တယ်လို့ မြောင်မြို့နယ်၊ ညောင်ကားယား ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကကတော့ ကျွန်တော်တို့ ပဲတွေ ပျက်စီးတာ များတာပေါ့။ ရေလွတ်တယ်ဆိုပြီး ပုံထားပြီးတော့ ခြွေမယ်ဗျာ ခြွေနေရင်းကို ရှေ့ကခြွေ နောက်ကရေက တန်းဝင်တာပဲ အဲလိုမျိုးဖြစ်တာ။ အခု ကျွန်တော်တို့ ပန်းညိုရွာက တော်တော်များများ ရေမြုပ်နေတယ်ဗျ။ တချို့ကျလည်း မရိတ်ရသေးဘဲနဲ့ အဲလိုမြုပ်သွားတာတို့ အဲလိုမျိုးတွေပေါ့ဗျာ "

ဇူလိုင်လ ၁ ရက်နေ့ကတည်းက မြစ်ရေစတက်ခဲ့ပြီး မြောင်မြို့နယ်အောက်ပိုင်း၊ မကွေးတိုင်းအစပ်က ရွာတွေအထိ ရေဘေးကြုံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိလည်း မြောင်နဲ့ ရေစကြိုမြို့နယ်က ရွာပေါင်း ခုနစ်ဆယ်ထက်မနည်း ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့မှာလည်း မနေ့ကစလို့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေထဲအထိ မြစ်ရေတစ်ပေခွဲ မြင့်တက်လာတာကြောင့် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ပခုက္ကူမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကယ်ဆယ်ရေးကတော့ ကျွန်တော်တို့ အခုအချိန် ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ ဘုတ်တွေနဲ့လှည့်နေရတာပေါ့။ ရွာဘက်တွေက အိမ်တွေမြုပ်သွားတာ ရှိတယ်လေ။ ရွာတွေဘက်ကတော့ နီးစပ်ရာအိမ်တွေ ရွှေ့ပေးထားတယ်ဗျ။ ရွာတွေဘက်ကတော့ အိမ်ခေါင်တွေကအစ မြုပ်တာဗျ။ မနေ့ညကကို တစ်ပေကျော်ကျော်လောက်ကို တက်လာတာ အိမ်တွေထဲဝင်လို့"

မြို့ပေါ်က ကမ္မ၊ ရွှေချောင်းနဲ့ လယ်ယာရပ်ကွက်တွေအထိ ရေဝင်နေသလို ဈေးအနီးကနေအိမ်တွေအထိ ရေတက်နေတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပခုက္ကူတံတားအောက်ဘက်က ရွာပေါင်း ၁၅ ရွာခန့်လည်း အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။

ညောင်ဦးမြို့ပေါ်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်လို့ ညောင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"များတာတော့ တော်တော်များတယ် တစ်ခါမှကို အဲလောက် မတက်ဖူးဘူး။ ဝက်ကြီးအင်းချောင်း ကြီးမယ်။ ဘုရားတွေတော့ ရေတက်တာမရှိဘူး။ မနေ့ညနေ ကျွန်တော် ချောင်းဖြတ်မောင်းတော့ ဘီးအောက်နှုတ်ခမ်းတွေ အိပ်ဇောတွေ ဘာတွေပါ မြုပ်တာပေါ့"

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

ညောင်ဦးမြို့မှာ စိုးရိမ်ရေမှတ်အထက် သုံးပေနီးပါး၊ ပခုက္ကူမြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေနီးပါး မြင့်တက်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ ဇူလိုင်လ ၉ ရက်နေ့အထိ ရေဘေးသင့်သူတွေကို ကျပ်သန်းပေါင် ၁၈၀ ကျော် ထောက်ပံ့ထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ခန့်မှန်းချက်အရ ရောဝတီမြစ်ရေဟာ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နဲ့ မကွေးမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲကနေ သုံးပေခွဲခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။