ရခိုင်တိုက်ပွဲမှာ ၁၂ ရက်အတွင်း အရပ်သား ခုနှစ်ဦးသေ၊ ၃၀ ဝန်းကျင် ဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အချိန် ၁၁ ရက်တာကာလအတွင်းမှာ အရပ်သား သေဆုံးသူ ခုနှစ်ဦး၊ ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိပါတယ်။

ရသေ့တောင်မြို့နယ်က ဒဏ်ရာရလူနာတစ်ဦးကို စစ်တွေဆေးရုံကြီးကို ၂၀၂၀ ဖေဖော်ဝါရီလ ၇ ရက်နေ့က သယ်ယူလာစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အချိန် ၁၁ ရက်တာကာလအတွင်းမှာ အရပ်သား သေဆုံးသူ ခုနှစ်ဦး၊ ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ကစပြီး ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ  ပြင်းထန်နေတာ အခုနှစ်ဆန်းပိုင်းမှာဆိုရင် အရပ်သားတွေထိခိုက်မှုက ပိုများလာနေပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ အချိန် ၁၁ ရက်တာကာလမှာ သေဆုံးသူ ခုနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဝန်းကျင်အထိရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ မွတ်စလင် လေးဦးနဲ့ ဒဏ်ရာရသူ ငါးဦးပါဝင်ပါတယ်။

ကျောက်တော်မြို့က ဖြူစင်မေတ္တာပရဟိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက အချိန်တပတ်အတွင်းမှာ သူတို့အသင်းကကူညီခဲ့တာ ဒဏ်ရာရလူနာ ၁၀ ကျော်အထိ ရှိခဲ့တယ်လို့ပြောပါတယ်။

ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာ၊ မိုင်းနင်းမိတာ၊ မသင်္ကာလို့ သေနတ်နဲ့ပစ်ခတ်ခံရတာ၊  မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေကို  ကောက်ယူလာရာကနေ ပေါက်ကွဲတာ စတာတွေကြောင့် ထိခိုက်တာတွေပါ။

အရပ်သားတွေထိခိုက်မှုမရှိအောင် တင်းကျပ်တဲ့စည်းမျဉ်းနဲ့ စစ်ဆင်ရေးကို ဆောင်ရွက်တာလို့ နှစ်ဘက်စလုံးက ပြောဆိုကြပေမယ့် လက်တွေမှာတော့ အရပ်သားတွေထိခိုက်မှု တနေ့တခြားများလာနေဆဲပါ။

ဒဏ်ရာရ လူနာကျောင်းသားတွေကို ကျောက်တော်ဆေးရုံကိုပို့ဆောင်ဖို့ ကားနဲ့တင်ဆောင်လာရာမှာ တပ်မတော်က မသွားရဘူးလို့ တားဆီးခံခဲ့ရတယ်လို့ ဒဏ်ရာရလူနာတစ်ဦးရဲ့မိခင် ဒေါ်လှစိန်ဖြူ ပြောပါတယ်။

“အခု သက်တပင်နဲ့ ပြင်လှရွာနားကိုရောက်နေပါပြီ။ အခြေအနေကတော့ ၃၇၆ တပ်ကို  ဖြတ်ခွင့်မရလို့ ကျွန်မတို့ ရပ်နေရပါတယ်။ တုံးတွေတားထားပါတယ်။ မဖြတ်နဲ့ပြန်သွားကြလို့ပြောပါတယ်။ ကားသမားက  လူနာတင် ဖို့လာကတည်းက လူနာနဲ့ပြန်လာမယ်လို့ ကြိုပြောထားခဲ့တာကို  လူနာတင်ပြီးလာတဲ့အခါ သူတို့ကဖြတ်ခွင့် မပေးပါဘူး။ ပြန်သွားလို့ပဲပြောနေတယ်။ ဖြတ်သွားခွင့်မပြုဘူး”

တပ်မတော်လုံခြုံရေးဂိတ် သုံးခုလောက်မှာ အချိန် ၂ နာရီကျော်ကြာအောင် ထပ်မံအစစ်ဆေးခံနေရတဲ့အတွက် ည ၇ နာရီလောက်ကနေထွက်လာတဲ့ လူနာတင်ကားဟာ ည ၁၀ နာရီလောက်မှာမှ  ဆေးရုံကို  ပြန်ရောက်ပါတယ်။

ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၁၀ ရက် တစ်နေ့တည်းမှာ  လက်နက်ကြီးကြောင့်  သေဆုံးသူ တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့ပါတယ်။

အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ထားတာ၊ စစ်ရေးအခြေအနေတွေ ပိုမိုပြင်းထန်လာနေတာတွေကြောင့် ဒဏ်ရာရလူနာတွေကို ဆေးရုံကို အချိန်မီပို့ဆောင်ရေးမှာ အဟန့်အတားတွေရှိခဲ့ပါတယ်။

ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှာဆိုရင် ညနေ ၄ နာရီခွဲလောက်က ကုလားတန်မြစ်ကမ်းဘေး ကျောင်းသားတွေ ဘောလုံးကန်နေကြတဲ့နေရာကို လက်နက်ကြီးကျရောက်လာလို့ အသက်  ၁၀ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသား လေးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက အရပ်သားတွေ မထိခိုက်အောင်ရှောင်ရှားဖို့ ပြောပါတယ်။

လူနာတွေကို အချိန်မီဆေးကုသခွင့်ရအောင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် ကို အကူအညီတောင်းပြီး ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မြို့နယ် ငါးခုမှာ မိုဘိုင်းအင်တာနက်တွေကို အစိုးရကပိတ်လိုက်ပြီးတဲ့နောက် ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဦးတည်တိုက်ခိုက်ခံရတာကြောင့်  အရပ်သားတွေထိခိုက်မှု ပိုများလာနေတာကို တွေ့ရပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေ များလာတဲ့ကိစ္စက ရွာသားတွေကို မနေရဲအောင်လုပ်ဆောင်နေတာလို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခ ကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာ ရွာတွေနဲ့ဝေးတာကြောင့် ကျေးရွာတွေထဲကို လက်နက်ကြီးကျတယ်ဆိုတာကို လက်မခံဘူးလို့ပြောပါတယ်။

မနေ့က ဒဏ်ရာရလူနာတွေကို တားဆီးစစ်ဆေးတယ်ဆိုတာကလည်း လိုအပ်ချက်အရစစ်ဆေးတာ လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အရပ်သား သေဆုံးသူ ၁၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org