အာဏာသိမ်းကာလ သီတင်းကျွတ်မှာ ပြန်မဆုံနိုင်တဲ့မိသားစုများ
မြန်မာ့ရိုးရာအစဉ်အလာအရ သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်တွေမှာ မိဘ၊ ဆွေမျိုးတွေရှိတဲ့ နယ်တွေကို ပြန်တာ၊ လူကြီးမိဘတွေကို ကန်တော့တာတွေနဲ့ ဖြတ်သန်းလေ့ ရှိခဲ့ကြတာပါ။
ဒါပေမဲ့ စစ်အာဏာရှင်လက်အောက်က ဒီနေ့သီတင်းကျွတ်မှာတော့ တချို့မိသားစုဝင်တွေဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့တာ၊ အချုပ်နှောင်ခံနေရလို့ ပြန်မဆုံနိုင်ကြသေးတာ၊ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ရှောင်တိမ်းနေရတာ၊ ဖမ်းဝရမ်းထုတ်ခံထားရလို့ ပုန်းရှောင်နေရတာတွေကြောင့် ပြန်မဆုံနိုင်တဲ့ မိသားစုတွေ ရှိနေကြပါတယ်။
ဧရာဝတီတိုင်း၊ ဇလွန်မြို့ ၊ ကျုံခမွန်ကျေးရွာက ဦးဌေးဝင်းကတော့ ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ သားဖြစ်သူ ကိုရာဇာမင်းကို ဒီနေ့ ပြန်သတိရနေပါတယ်။
"သတိကတော့ နေ့တိုင်းရတာပေါ့။ သားကြီးနဲ့ သမီးလေး လုပ်စာပဲစားရတာ။ ညတိုင်း ဘုရားရှိခိုးပြီး သူ့ကို အမျှအတန်းပေးဝေတာပဲလေ။ နေ့တိုင်းသတိရတာပေါ့"
အသက် ၃၃ နှစ်အရွယ် ကိုရာဇာမင်းဟာ အခုလို သီတင်းကျွတ်ကာလတိုင်း ရန်ကုန်မြို့ကနေ သူ့ရဲ့မိဘတွေဆီ ကို ပြန်ခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ရင်း မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီးမှာ ပစ်ခတ်ဖြိုခွင်းခံရရင်း သေဆုံးခဲ့ပါတယ်။

အခုလို သီတင်းကျွတ်ကာလမှာ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ နောက်ထပ် မိသားစုတစ်စုကတော့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ ရှိနေပါတယ်။
အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကျပန်းအလုပ်သမား ကိုတင်ထွဋ်ဟိန်း ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရွှေပြည်သာက ရပ်ကွက်လုံခြုံရေးစောင့်ရင်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
ဇနီးဖြစ်သူ မသင်းသင်းကတော့ သီတင်းကျွတ်နေ့မှာ ဘယ်တော့မှ ပြန်မလာနိုင်တဲ့ ကိုတင်ထွဋ်ဟိန်းအတွက် အသက် ၅ နှစ်အရွယ် သားဖြစ်သူရဲ့မေးခွန်းကို ဖြေရခက်နေပါတယ်။
"သီတင်းကျွတ်ဆိုရင်တော့ နှစ်ဘက်မိဘကို သွားကန်တော့တာပေါ့လေ။ အခုကတော့ သူမရှိဘူး ဆိုတော့လည်း တစ်မျိုးတော့ ဖြစ်တာပေါ့။ ကျမတို့ဘက်မှာ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ရှိတယ်လေ။ အဲဒီဘက်တွေ သွားတယ်။ အရင်တုန်းက ကိုဗစ်တွေဘာတွေ မရှိတော့ ပွဲဈေးတန်း ရှိတယ်လေ။ မုန့်တွေ စားကြတယ်။ ကလေးလိုချင်တဲ့ အရုပ်တွေဘာတွေ ဝယ်ပေးတာပေါ့နော်။ မိသားစုတွေ သွားကြတယ်။ အခုတော့ သူမရှိတော့ဘူး။ သူမရှိတော့ ဘယ်မှလည်း မသွားချင်တော့ပါဘူး။ ကလေးကတော့ မေးတာပေါ့။ သူမသိဘူး။ ပြန်လာမယ်လို့ပဲ သူထင်နေတာ"
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ကိုတင်ထွဋ်ဟိန်းနဲ့ ကိုရာဇာမင်း တို့အပါအဝင် အာဏာသိမ်းပြီးနောက် သေဆုံးသူအရေအတွက် ၁၁၂၀ ကျော် ရှိနေပါတယ်။
သူတို့လို မိသားစုနဲ့ ပြန်မဆုံနိုင်တော့သူတွေရှိသလို အဖမ်းဆီး၊ အချုပ်နှောင်ခံထားရလို့ တစ်နေ့ ပြန်လွတ်နိုးနဲ့ မျှော်လင့်ရင်း မိသားစုပြန်ဆုံနိုင်ဖို့ စောင့်နေတဲ့အထဲမှာ သေဒဏ်ချခံထားရတဲ့ သားလေးယောက်ရဲ့ မိခင် တောင်ဒဂုံမြို့နယ်က ဒေါ်စန်းစန်းအေးလည်း ပါဝင်ပါတယ်။
လူသတ်မှုနဲ့စွပ်စွဲခံရပြီး ပြီးခဲ့တဲ့ ဧပြီလက အဖမ်းခံလိုက်ရတဲ့ ရွှေငါး (ခေါ်) နိုင်းနိုင်း၊ ခိုင်မြဲ (ခေါ်) သော်ဇင်နိုင်၊ စိုးပြည်အောင် (ခေါ်) အောင်အောင်၊ အောင်မျိုးလင်း (ခေါ်) ကြက်ဖ သားလေးယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေး၊ တောင်ငူ၊ မြင်းခြံ၊ ကျိုက်မရော စတဲ့ အကျဉ်းထောင်အသီးသီးကို ပြောင်းရွှေ့ ခံထားရပါတယ်။
သူ့သားတွေက သီတင်းကျွတ်တိုင်း အဖွားဖြစ်သူကို ကန်တော့နေကျဖြစ်လို့ ဒီနှစ်သီတင်းကျွတ်မှာလည်း ထောင်ထဲကနေ စာရေးပြီး လှမ်းကန်တော့ထားကြပါတယ်။
"သီတင်းဝါလကျွတ်သွားရင် သားသမီးတွေ စုံစုံလင်လင် ရှိချင်တာပေါ့။ မျှော်လင့်တာပေါ့"
ဒါပေမဲ့ သူတို့ရဲ့ အဘွားက ဆုံးသွားပြီဆိုတာကို သူ့သားတွေကို ပြန်အကြောင်းမကြားရက် ဖြစ်နေတယ်လို့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောပါတယ်။
“ကလေးတွေက သီတင်းကျွတ်လတိုင်းမှာ သူတို့ရတဲ့ ပိုက်ဆံလေးတွေနဲ့ သူ့တို့ ဖွားအေကို ကန်တော့တာ ရှိတယ်။ မိဘကို ကန်တော့တာရှိတယ်။ စာထဲမှာတော့ ထည့်ရေးပါတယ်။ သီတင်းကျွတ်ကို အပြင်မှာတော့ ဖွားဖွားကြီးကို မကန်တော့ရတော့ဘူး။ ထောင်ထဲကနေပြီး မှန်းကန်တော့မယ်လို့ ပြောတယ်။ သူတို့ ဖွားအေကြီးက ဆုံးသွားပြီ။ အန်တီတို့က မပြောဘူး။ အန်တီအမေက ဆုံးသွားတဲ့ အဲဒီလိုစိတ်တွေနဲ့ ပေါ့နော်။ အမေဆုံးတာ သုံးလရှိသွားပြီ။ လတိုင်း ပို့တဲ့စာထဲမှာ အဖွားကို ကျန်းမာရေး ဂရုစိုက်ပေးပါ။ နေကောင်းအောင် ပြောပေးပါ။ အဲလိုပြောတယ်။ ဒါပေမဲ့ အန်တီတို့က သေတဲ့အကြောင်း ထည့်မရေးဘူး။ စိတ်ဓာတ်ကျသွားမှာစိုးလို့။ သီတင်းဝါလကျွတ်သွားရင် သားသမီးတွေ စုံစုံလင်လင် ရှိချင်တာပေါ့။ မျှော်လင့်တာပေါ့။ စိတ်ထဲတော့ မကောင်းဘူးပေါ့"
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းတွေမှာ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၃၁၆ ယောက်ကို ပြန်လွှတ်ပေးပြီး အမှုရင်ဆိုင် နေရသူ ၄၃၂၀ ကိုလည်း အမှုတွေ ပြန်ရုပ်သိမ်းဖို့ အောက်တိုဘာ ၁၈ ရက်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဆန္ဒပြပွဲတွေကြောင့် ဖမ်းဆီးအရေးယူခံရသူတွေကိုသာ လွှတ်ပေးတာဖြစ်လို့ အဲဒီအထဲမှာ ဒေါ်စန်းစန်းအေး ရဲ့သားတွေအပါဝင် အခြားစွပ်စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့သူ ၆၄ ယောက် မပါပါဘူး။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကဗျာဆရာ မောင်မိုးပွင့် (ရေကြည်) ကလည်း ယခင်နှစ်တွေက သီတင်းကျွတ်ကာလမှာ မောင်နှမတွေဆီ လက်ဆောင်ပို့၊ မိတ်ဆွေတွေနဲ့ ဆုံခဲ့ကြပေမယ့် အခု စစ်အာဏာရှင်လက်အောက်မှာ ကိုယ်တိုင်က တိမ်းရှောင်နေရတာအပြင် သူ့ရဲ့ညီမဖြစ်သူ နာရေးကိုတောင် သွားခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။
"ကျနော်လည်း ဟိုရှောင်ဒီရှောင် လျှောက်ပြောင်းနေရတယ်။ သီတင်းကျွတ်ကတော့ မကောင်းပါဘူး။ အခါတိုင်းနှစ်တွေက သီတင်းကျွတ်ဆိုရင် မောင်နှမတွေ မတွေ့တာတောင်မှပဲ၊ လှမ်းပြီးတော့ လက်ဆောင် ပို့လိုက်တာတွေ ဘာတွေပေါ့နော်။ သူတို့ကလည်း ပြန်ထည့်ပေးတယ်ပေါ့နော်။ အခု နာရေးကျတော့ သူလည်းမရှိတော့ဘူးဆိုတော့ ကိုယ်လည်း ဝမ်းနည်းစရာကလွဲလို့ ထူးပြီးမရှိတော့ပါဘူး။ စိတ်ထဲမှာတော့ မကောင်းဘူး။ သူဆုံးတယ်ဆိုတဲ့ သတင်းကြားပြီးတဲ့နေ့ကတည်းက မနေ့ကအထိ ကျနော် ထမင်းတောင် မစားဘူး"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းးတွေအရ စစ်အာဏာရှင်ကို ဆန့်ကျင်တာကြောင့် ဖမ်းဝရမ်းထုတ်ခံရလို့ မိသားစုနဲ့ခွဲပြီး နေအိမ်ကနေ ရှောင်တိမ်းနေရတဲ့သူ ၁၉၈၉ ယောက် ရှိပါတယ်။
ရန်ကုန်၊ မန္တလေးအပါဝင် တချို့မြို့က လူငယ်တွေဟာလည်း သီတင်းကျွတ်လမှာ တော်လှန်ရေးသီတင်းကျွတ် ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာသိမ်းမှုကို နေ့တိုင်းလိုလို ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြပွဲတွေမှာပါဝင်ရင်း လုံခြုံရေးအတွက် တိမ်းရှောင်နေရတဲ့ မန္တလေးမြို့က အထက်တန်းကျောင်းသား တစ်ဦးကတော့ နောင်နှစ်တွေမှာမှ မိသားစုနဲ့ပြန်ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်။
"မိသားစုကို ဖုန်းထဲကနေပြီးတော့ပဲ ကန်တော့လိုက်တာရှိတယ်ဗျ။ လူကိုယ်တိုင်တော့ မသွားနိုင်ဘူးပေါ့ ဗျာ။ တကယ်လို့ ဒီနှစ်ထဲမှာ အာဏာရှင်တော်လှန်ရေးက ပြီးသွားရင် နောင်နှစ်မှာတော့ မိသားစုနဲ့ အတူတူပေါ့၊ စားလိုက်၊ သွားလိုက်၊ ဘုရားသွား ကျောင်းတက် အဲလိုမျိုး ပျော်ပျော်ပါးပါးပဲ ပြန်နေချင် တယ်။ အခု သီတင်းကျွတ်ကတော့ သီတင်းကျွတ်မှာလည်း တော်လှန်နေရမယ်၊ ဘယ်ရောက်နေ ရောက်နေ တော်လှန်နေရမယ်လို့ သိထားတယ်ဗျ"
စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဒီနှစ် သီတင်းကျွတ်လပြည့်နေ့ဟာ အရင်နှစ်တွေလို မစည်ကားဘဲ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
တချို့လမ်းတွေ၊ အိမ်တွေမှာ ဆီမီးပူဇော်တာတွေ ရှိပေမဲ့ တချိန်က မီးပုံး၊ ဆီမီး၊ မီးပုံးပျံတွေနဲ့ ဘုရားကို ပူဇော်ကြတာတွေ၊ ပွဲစျေးတန်းတွေနဲ့ စည်ကားခဲ့တဲ့ သီတင်းကျွတ်ညတွေကတော့ ပျောက်ဆုံးနေပါတယ်။
မြန်မာ့ရိုးရာအတိုင်း ဒီနှစ်သီတင်းကျွတ်လပြည့်နေ့မှာ လူကြီးမိဘတွေကို ကန်တော့တဲ့အခါ ကြားနေရတဲ့ ဆုတောင်းတွေကတော့ ကောင်းကောင်းမွန်မွန်၊ ကျန်းကျန်း မာမာနဲ့ မိသားစုတွေ ပြန်ဆုံခွင့်ရကြပါစေ ဆိုတာမျိုးသာ ဖြစ်နေပါတယ်။