EU အထူးကုန်သွယ်ခွင့် ရုပ်သိမ်းခံရရင် ဘယ်သူတွေထိခိုက်နစ်နာမလဲ

ဖြူဖြူခိုင်
2019.11.15
garment-factory-622.jpg ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ အလုပ်ခွင်မြင်ကွင်းတစ်ခု။
Photo: AFP

မြန်မာနိုင်ငံဟာ နိုင်ငံတကာက ဖိအားပေးမှုတွေရင်ဆိုင်နေရချိန်မှာပဲ အီးယူက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ဥရောပ ငါးနိုင်ငံခရီးစဉ်အတွင်း ဥရောပခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်လို့ ဒါကာ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို ဥရောပနိုင်ငံတွေက သိရှိထားပြီဖြစ်ပြီး ဘင်္ဂလားဒေ့ ရှ်က ရိုဟင်ဂျာတွေကို ပြန်မခေါ်မချင်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်တဲ့အနေနဲ့ အီးယူကပေးအပ်ထားတဲ့ အထူး ကုန်သွယ်ခွင့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီ မြန်မာနိုင်ငံကတင်ပို့တဲ့ ပို့ကုန်တွေအထဲမှာ ၆၀ ရာခိုင်နှုန်းကျော်က အထည်ချုပ် လုပ်ငန်းဖြစ်ပြီး ဒုတိယအများဆုံးက ငါးလုပ်ငန်းနဲ့ ဆန်တို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက မြန်မာကနေ EU ကို တင်ပို့တဲ့ အထည်ချုပ်လုပ်ငန်းရဲ့ ဝင်ငွေဟာ ကန်ဒေါ်လာ ၄ ဘီလီယံ ဝန်းကျင်ရှိခဲ့ကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက တပ်မတော်က ရိုဟင်ဂျာ ၇ သိန်းကျော်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့ကြောင်းနဲ့ ရှင်းလင်းရေးစစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

ဂမ်ဘီယားနိုင်ငံက ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာခုံရုံး ICJ မှာ မြန်မာကို အမှုဖွင့်ထားသလို၊ ရိုဟင်ဂျာ အဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့်တို့ကိုပါ အာဂျင်တီးနားတရားရုံးမှာ စွဲဆိုထားပါတယ်။ မနေ့ကလည်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က မြန်မာအမှုကို စစ်ဆေးဖို့ စတင်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ဖိအားတွေ ပြင်းထန်နေချိန်၊ မြန်မာအပေါ် ထပ်မံပိတ်ဆို့ အရေးယူမယ့်အစီအစဉ်ကိုပါ ဘင်္ဂလားဒေ့ရှ်ဘက်က ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြိုးပမ်းမှုကို မကြိုဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းလည်း ရှိနေပါတယ်။ အဲဒါက လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ပါ။

Burma Campaign UK အဖွဲ့ ဒါရိုက်တာ Mark Farmaner ကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကြိုးပမ်းချက်က ဆိုးရွားတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ချမှတ်မယ့်အစား တပ်မတော်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ၊ အစိုးရတွေကို အကူအညီပေးနေတဲ့ဟာကို ရပ်ဆိုင်းလိုက်တာကမှ ပိုပြီးတော့ထိရောက်မှု ရှိမယ်လို့မြင်ကြောင်း ပြောပါတယ်။ GSP ကိုရုပ်သိမ်းလိုက်ရင် သာမန်လူတန်းစားတွေပဲ ထိခိုက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဲဒါက ဆိုးရွားတဲ့ အစီအစဉ်ပါ။ အဲဒါက အလုပ်သမားတွေကိုပဲ တိုက်ရိုက်ထိပါလိမ့်မယ်။ တပ်မတော် ဒါမှမဟုတ် အစိုးရကို ထိစရာ ဘာမှမရှိပါဘူး။ အဲဒါကမှားယွင်းတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုပါပဲ“

ကုန်သွယ်ရေးပိတ်ဆို့မှု လုပ်မယ်ဆိုရင် ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေက ထိခိုက်နစ်နာမှု ရှိလာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

“ရုပ်သိမ်းရင်တော့ ထိခိုက်မှုရှိတယ်။ ဆန်ဆိုရင် အီးယူကို တန်ချိန်နှစ်သိန်းခွဲ၊ သုံးသိန်းလောက်ပို့တာဆိုတော့ ဒါတွေကိုသွားပြီး ထိခိုက်နိုင်တယ်။ လက်ရှိ တရုတ်ကလည်း နယ်စပ်ကုန်သွယ်ရေးမှာ ဆန်တင်ပို့မှုအတွက် အကန့်အသတ်တွေဖြစ်လာတဲ့အခါ လက်ရှိဆို စပါးဈေးကျတာတွေဖြစ်နေတယ်။ ဒီလိုအနေအထားမှာ အီးယူက GSP ရုပ်မယ်ဆိုရင် ပိုထိခိုက်လာမယ့် အနေအထားတော့မြင်ပါတယ်“

ဒေါက်တာ စိုးထွန်း ပြောသွားတာပါ။

မြန်မာနိုင်ငံကို အီးယူက ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းမယ်ဆိုတာဟာ  ဥရောပ သမဂ္ဂမှာ ပါဝင်တဲ့ နိုင်ငံတွေ အကုန်လုံး သဘောတူမှဖြစ်တဲ့အတွက် တကယ်လို့ ပိတ်ဆို့အရေးယူခဲ့မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကြိုတင်ပြင်ဆင်မယ့် အစားမရုပ်သိမ်းအောင် ပထမဦးစားပေး ကြိုးစားနေတယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံကို ပိတ်ဆို့မယ်ဆိုရင် အီးယူမှာ စုစုပေါင်း ပါဝင်တဲ့နိုင်ငံ အကုန်လုံးသဘောတူမှ ဖြစ်တဲ့အတွက် ဒီကိစ္စက ဒုက္ခပေါ်ဒုက္ခဆင့်တဲ့ ဒုက္ခပါ“

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကြိုးပမ်းချက်နဲ့ပတ်သက်ပြီး EURO-Cham Myanmar အဖွဲ့ကို RFA က ဆက်သွယ်မေး မြန်းပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ရုံးကို ဆက်သွယ်မေးမြန်းပေမယ့်လည်း ဖြေဆိုမယ့်သူ မရှိပါဘူး။

မြန်မာနိုင်ငံကနေ ဥရောပနိုင်ငံတွေကို ပို့ဆောင်နေတဲ့ ထုတ်ကုန်တွေကို အခွန်သက်သာခွင့် ပေးထားတာဖြစ်ပြီး ၁၇ ရာခိုင်နှုန်းကနေ ၂၄ ရာခိုင်နှုန်းအထိ ပုံမှန်ကောက်ခံနေတဲ့ အကောက်ခွန်ကို ၅ ရာခိုင်နှုန်းအောက်ပ ဲပေးဆောင်နေရတာပါ။

တပ်မတော်အုပ်ချုပ်ရေး စနစ်ကနေ အရပ်သားအစိုးရ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲလာတာကြောင့် အီးယူက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် လက်နက်ခဲယမ်းတွေကလွဲပြီး ကျန်ကုန်စည်အားလုံးကို ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကိုပြန်လည်ပေးအပ်ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှအထဲမှာ မြန်မာနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး ပေးထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။