NLD ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက် ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်လိုမျှော်လင့်နိုင် မလဲဆိုတာကို ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်တွေကို စုစည်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်လိုမျှော်လင့်နိုင်မလဲဆိုတာကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်တွေကို စုစည်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးမှာ ရှေ့ဆောင်ပါတီအဖြစ်ရပ်တည်နေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ နေရာအများစု ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မနေ့က ကြေညာလိုက်ပါပြီ။

မပြီးသေးတဲ့ ဒီမိုကရေစီရေးအတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဇူလိုင် ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။            ။ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်တယ်ဆိုတာ အဒီကကတော့ မပြီးသေးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ။

ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် နိုင်ငံသားတိုင်း တန်းတူသမ္မတဖြစ်ခွင့်မရှိတဲ့၊ အကန့်အသတ် အချုပ်အချယ်များတဲ့ ၂ဝဝ၈ အခြေခံဥပဒေအောက်မှာ ထပ်ပြီးကျင်းပမယ့်ရွေးကောက်ပွဲဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ စနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ စားဝတ်နေရေး ချောင်လည်တဲ့ ဘဝထူထောင်ရေးတွေအတွက် ဘယ်လိုမျှော်လင့်ချက်ရနိုင်မလဲဆိုတာက ပြည်သူတွေကြားမှာ မေးခွန်းတွေဖြစ်နေပါတယ်။

ဒီလိုအခြေအနေတွေမှာ ရွေးကောက်ပွဲနဲ့ကနေ ဘယ်လိုမျှော်လင့်ချက် ရနိုင်မလဲဆိုတာ ၈၈ မျိုးဆက် ခေါင်းဆောင် တချို့ကိုမေးကြည့်တော့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီးက

ကိုကိုကြီး။            ။ကျနော်တို့ကိုယ်တိုင်က ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင်ဖို့ဆိုတာ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီးတော့ လက်မှတ် ၅ သန်းကျော်ကောက်ခဲ့တယ်၊ အဲ့ဒီတော့ လောလောဆယ်တော့ မအောင်မြင်ဘူး၊ မအောင်မြင်ဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ လွှတ်တော် အတွင်းမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က အရေအတွက်တော်တော်နည်းတယ်၊ အဲ့ဒီတော့ ကျနော်တို့က ဒါကိုပြင်ဆင်ဖို့ဆက်ကြိုးစားတဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ အများစုအနိုင်ရအောင်လုပ်တာဟာ ဒါဖွဲ့စည်းပုံကိုပြင်ဆင်ဖို့အတွက် နောက်ထပ် ထပ်ပြီးကြိုးစားမှု တစ်ခုပဲလို့ ကျနော်အဲ့ဒီလိုမြင်ပါတယ်။

NLD ဟာ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလွဲလို့ တခြားနည်းလမ်း မရှိသလို၊ လွန်ခဲ့တဲ့နှစ်တွေအတွင်းဖြစ်ခဲ့တဲ့ လယ်သမား၊ အလုပ်သမား၊ ပညာရေးနဲ့ တိုင်းရင်းသားရေးတွေမှာ NLD ရပ်တည်ခဲ့တဲ့အပေါ် နားလည်မှုလွဲတာတွေရှိခဲ့တဲ့အတွက် အစိုးရဖွဲ့နိုင်မယ့်အခြေအနေရောက်ဖို့ ပွင့်ပွင့်လင်းလင်း နဲ့ ကြိုးစားဖို့လိုတယ်လို့ ကိုမိုးသီးဇွန်က သုံးသပ်ပါတယ်။

ကိုမိုးသီးဇွန်။             ။NLD အနေနဲ့ သူလျှောက်ရတဲ့လမ်းက အရမ်းကျဉ်းလွန်းအားကြီးနေတာပေါ့၊ အဲ့ဒီတော့ ကျနော်အနေနဲ့ မြင်တာကတော့ NLD မှာရွေးချယ်စရာလမ်း မရှိတော့ဘူး၊ အဲ့ဒီတော့ ဒီရွေးကောက်ပွဲကို သူဝင်ကိုဝင်ရတော့မယ့် အနေအထားဖြစ်လာတယ်၊ အဲ့ဒီအခါကျတော့ ရွေးကောက်ပွဲနိုင်အောင် သူကြိုးစားရတော့ မယ်၊ သူနိုင်သွားပြီးတော့မှ အခြေခံဥပဒေကိုပြင်ဖို့ ဒုတိယတဆင့် ထပ်ကြိုးစားသင့်တယ်လို့ ကျနော်ကမြင်တယ်၊ အဲ့ဒီတော့ NLD ကို အခုပြည်သူလူထုက တော်တော်လေးအားမရဘူး၊ မြေသိမ်းယာသိမ်းကိစ္စတွေ၊ ပညာရေးပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ ပြဿနာတွေမှာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲနိုင်ပြီးတော့ ပါလီမန်ထဲကိုရောက်ခဲ့တာ ဘာမှကိုမပြောတော့ဘူး၊ အစိုးရတော့ ပိတ်ထားတယ်ဆိုတာ ကျနော်တို့ သိတယ်၊ ဒါပေမယ့် NLD အနေနဲ့က ဆက်ကြိုးပမ်းရမယ်၊ ဒါကြောင့်မို့လို့ ဒီတစ်ခါရွေးကောက်ပွဲ နိုင်အောင်လုပ်မယ် ဆိုရင်လည်း နိုင်အောင်လုပ် အဲ့ဒီတော့ ဝင်သွားတာအပေါ်မှာ ဘယ်လိုဆက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုတာ ပြည်သူကိုစပြီးချပြဖို့လိုတယ်၊ အဲ့ဒါကလည်း တစ်ဘက်ကရှိသေးတယ် ဒီအစိုးရ စစ်တပ်နဲ့ ကြံ့ဖွံ့တွေ ကိုလည်း အသိပေးထားဖို့လိုတယ်၊ ဆိုလိုတဲ့အဓိပ္ပါယ်က ငါတို့ဟာဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ဒီလမ်းကိုသွားမယ် ဒါတွေလုပ်မယ်ဆိုတာကို တစ်ဘက်ကပြိုင်ဘက်ကိုလည်း အသိပေးထားရတော့မယ်၊ ပြည်သူ လူထုကိုလည်း အသိပေးထားရတော့မယ်။

NLD ဟာ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ ရွေးကောက်ပွဲမှာ နေရာအများစုနိုင်ခဲ့ရင်တော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုတဲ့ မဏ္ဍိုင်တွေမှာ အခုထက်ပိုပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေကိုရလာမယ်လို့ မျှော်လင့်ရပေမယ့်၊ မြန်မာ့ နိုင်ငံရေးအကြပ်အတည်း ထွက်ပေါက်ကိုတော့ တစ်စုနဲ့တစ်စုအားပြိုင်နေရုံ အနိုင်/အရှုံးသတ်မှတ်ယုံနဲ့မရနိုင်ပဲ စစ်တပ်ဘက်ကပါ တကယ်ပြုပြင်ပြောင်းလဲရမယ်လို့ လက်ခံပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မှ ရနိုင်မယ်လို့ ဒေါက်တာနိုင်အောင်က သုံးသပ်ပါတယ်။

ဒေါက်တာနိုင်အောင်။             ။ရွေးကောက်ပွဲရလဒ်အပေါ်မှာလည်း မူတည်မှာပေါ့နော်၊ NLD အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ဆိုရင်တော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုနိုင်ရေးအပိုင်းတွေမှာတော့ လုပ်နိုင်မယ့်အနေအထားမျိုးဖြစ်ပါတယ်၊ ဒါပေမယ့် ကျနော်စိုးရိမ်နေတဲ့ဘက်က ဘာလဲဆိုတော့ အခုရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းက ဒီလွှတ်တော်ထဲမှပဲဖြစ်ဖြစ် လက်နက်ကိုင်တိုက်ပွဲတွေမှာပဲဖြစ်ဖြစ် တစ်ဘက်နဲ့တစ်ဘက် အားများအောင်လုပ်ရင်းနဲ့ ပြိုင်ဘက်အနေနဲ့သဘောထားပြီးတော့ မိတ်ဘက်အနေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမယ်ဆိုတဲ့ နိုင်ငံရေးကို သွားမနေတာအခက်အခဲရှိလိမ့်မယ်ထင်တယ်၊ ဆိုတော့ ဒီလွှတ်တော်တွင်းမှာ အမတ်အင်အားအများစုရောက်သွားလည်း ကျနော်ကအဲ့ဒီလောက်အထိ ၂၅ ရာခိုင်နှုန်းနဲ့ ကျနော်တို့က အမြင်တစ်ခုနဲ့တစ်ခု မတူသရွေ့ကတော့ ဖွဲ့စည်းပုံပြုပြင်ရေးလမ်းကြောင်းဆိုတာက ရပ်ကွက်ကိုရောက်နေဦးမှာပဲ၊ နောက်ဒီမိုကရက်တစ် တိုင်ရင်းသားတွေနဲ့ စုပေါင်းပြီးတော့မှ အစိုးရဖွဲ့နိုင်နေဦးတော့လည်း အားလုံးသိကြတဲ့အတိုင်းပဲ ကာလောကိုင်ထားတဲ့ ဝန်ကြီးဌာန ၄ ခုရယ်၊ အစိုးရရဲ့ဗျူရိုကရေစီ ယန္တရားဘက်ကနေပြီးတော့မှ ဆက်ဆံရေးအမိန့်စစ်ဆေးမှုတွေ မပြေလည်တဲ့ကိစ္စမျိုးတွေ အများကြီး မဟုတ်တာတွေရှိတယ်၊ ဆိုတော့ ခေါင်းကြီးပဲသက်သက်မြုပ်နေတဲ့ အနိုင်ရပါတီလိုဖြစ်သွားမှာမျိုးက ပိုပြီးတော့စိုးရိမ်နေရတဲ့အခြေအနေမျိုးလို့ ကျနော်အမြင်ကတော့ တစ်ကယ်လည်း မြန်မာပြည်နိုင်ငံရေးပြဿနာတွေ အဖြေပေးနိုင်တာက လွှတ်တော်ထဲကမဟုတ်ပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကပဲ အဖြေပေးနိုင်လိမ့်မယ် အဲ့ဒါကိုပဲလုပ်ဖို့ပိုပြီးအားထားသင့်တယ်လို့ ထင်ပါတယ်ဗျ။

မြန်မာနိုင်ငံမှာ စစ်တပ်စွက်ဖက်မှုမပါတဲ့ ဒီမိုကရေစီစစ်စစ်ထွန်းကားဖို့အတွက် NLD အနေနဲ့ ရွေးကောက်ပွဲကို ဘယ်လောက်အသုံးချနိုင်မလဲဆိုတာ ပြည်သူတွေကရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ စိတ်ဝင်တစား စောင့် ကြည့်နေကြမှာဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org