ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲ မကျင်းပနိုင်မှာ စိုးရိမ်
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပေမယ့် ဒေသခံတွေကတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိ ဖြစ်နေပါတယ်။
-
ဝေယံမိုးမြင့်
2019-11-04 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဍားကျွန်း စတဲ့ မြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြို့နယ် ၉ မြို့ နယ်ရှိတာဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဲဒီမြို့နယ်တွေမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေး ပါတီတွေက စိုးရိမ်နေကြပါတယ်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးဆိုရင် ပြည်နယ်လွှတ်တော်မှာ မဲနန္ဒနယ် တစ်ဝက်ကျော်နီးပါး ဆုံးရှုံး မှာဖြစ်ပါတယ်။
ရခိုင်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မြိုအမျိုးသား ဒီမိုကရေစီပါတီအနေနဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်မှာကို စိုးရိမ်နေတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးဦးမြထွန်းက ပြောပါတယ်။
"ကျွန်တော်တို့ စိုးရိမ်တာက ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဒေသတည်ငြိမ်ရေး မရှိလို့ရှိရင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုပြီး ကြေညာရင် ကျွန်တော်တို့ က ပါတီအပျက်မခံနိုင်ဘူးလေ။ ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာမဝင်ရင် ပါတီအပျက်မခံနိုင်တာဖြစ်တဲ့အတွက် ရန်ကုန် ဖြစ်ဖြစ် နေပြည်တော်ဖြစ်ဖြစ် ဝင်ရတော့မယ်လေ။"
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ ၆၄ ခုရှိခဲ့တာမှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၂ နေရာနဲ့ အများဆုံးအနိုင်ရရှိထား တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမဖြစ်ခဲ့ရင် ရခိုင်အမျိုးသားပါတီအနေနဲ့ နစ်နာမှုတွေရှိလာနိုင်သလို ရခိုင်နိုင်ငံရေးအခြေအနေ လည်း ပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးဆိုရင် ကျန်တဲ့မြို့နယ်တွေနဲ့ အစိုးရအဖွဲ့ ဖွဲ့နိုင်မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော ကပြောပါတယ်။
"မြောက်ပိုင်းမှာ မဖြစ်ဘူးဆိုရင် တောင်ပိုင်းမှာ ဖြစ်အောင် လုပ်မယ်၊ အဲဒီတော့ စဉ်းစားစရာက တောင်ပိုင်းမှာ မြို့နယ် နည်းနည်းနဲ့ လုပ်ပြီးတော့ပဲ အစိုးရဖွဲ့လို့ရမလား။ ၇ မြို့နယ် ၈ မြို့နယ်က လူနဲ့ ရွေးကောက်ပွဲနိုင်ရင် လွှတ်တော်ဖွဲ့လို့ရမလား အစိုးရဖွဲ့လို့ရမလား ဒါလဲ စဉ်းစားစရာပါပဲ။ ဒါတွေက ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ဆိုင်ပါတယ်။"
ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေအနေနဲ့လည်း အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲမဖြစ်မှာကို စိုးရိမ်ပြီး ပြည်သူတွေ ကိုယ်စားလှယ်ဆုံးရှုံးမှာကို မလိုလားဘူးလို့ ပြောကြပါတယ်။
အရင် ရခိုင်အမျိုးသားပါတီဝင်ဖြစ်ခဲ့ပြီး လက်ရှိမှာ တစ်သီးပုဂ္ဂလအဖြစ်ရပ်တည်နေတဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရွေးကောက်ပွဲဖြစ် မဖြစ်ဆိုတာကို ပြည်သူတွေက အထူးတလည် စိတ်ဝင်စားတာမရှိဘူးလို့ ပြောပါတယ်။
"ပြည်သူတွေက စိတ်ဝင်စားမှုမရှိဘူး၊ ကျွန်တော်တို့ ဘာမှမလုပ် နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ၂၀၀၈ ရဲ့ အဟန့်အတားတွေကြောင့် ဘာမှမလုပ်နိုင်ဘူးလေ။ အဲဒီဘာမှမလုပ်နိုင်တဲ့နေရာမှာ ထပ်ပြီး တော့ အမတ်တွေ လုပ်မယ်ဆိုရင် ဒါဘာထူးလာမလဲ၊ ပြည်သူတွေ က ဒါတွေကို စိတ်မဝင်စားဘူး ရွေးကောက်ပွဲကိစ္စတွေ ပါတီ နိုင်ငံရေးကိစ္စတွေကို လုံးဝစိတ်ဝင်စားမှု အားနည်းနေတယ်။"
တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဍားကျွန်းမြို့နယ်တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာတွေဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေမှာ တစ်ဦးတစ်ယောက်ချင်းသွားကြတဲ့လူတွေ ပျောက်သွားတာတွေရှိနေပြီး တစ်ဦးချင်း မသွားဝံ့ကြသလို ၆ ဦး လောက်စုပြီးသွားတာမျိုးဆိုရင်လည်း တပ်မတော်က မသင်္ကာတာတွေရှိတာကြောင့် စားဝတ်နေရေးအတွက် သွားလာရှာဖွေဖို့ ခက်ခဲနေရတယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်းက ဦးညီပုက ပြောပါတယ်။
ဒေသခံတွေမှာ စစ်ပြေးအခြေအနေတွေနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ဘူးလို့ ဦးညီပုက ဆိုပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်နိုင်မယ်လို့ မထင်တော့ပါဘူး
"ရွေးကောက်ပွဲကို စိတ်ဝင်စား စိတ်မဝင်စားဆိုတာထက် ဒီဖြစ်နေတဲ့ပြသနာတွေကို ဘယ်လိုပြေလည်အောင် ဖြေရှင်း ရမလဲဆိုတာပဲ ခေါင်းထဲမှ ထည့်ထားရတယ်။ စစ်ပြေးဒဏ် ကိုခံနေရတဲ့ ပြည်သူတွေကလည်း အနေအထိုင် အစား အသောက် အကုန်လုံး အကျပ်အတည်းတွေခံနေရတယ်၊ ကျန်းမာရေး လူမှုရေး စီးပွားရေးတွေကအစ အကုန်လုံး အဲဒါကို လုံ့လဝိရိယ ထုတ်နေရတယ်ဆိုတော့ အဲဒါကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်နိုင်မယ်လို့ မထင်တော့ပါဘူး။ အဲဒီအချက်ကို စိတ်မဝင်စားဘူး မိမိအသက်အိုးအိမ်ကို ကာကွယ်ဖို့ကိုပဲ ကြိုးစားနေရတဲ့အချိန်မို့ပါ။"
လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေအရဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေမရှိဘူးလို့ စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
ရွေးကောက်ပွဲမကျင်းပဖြစ်ရင် ပြည်သူတွေပဲ နစ်နာရမှာဖြစ်တယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
"သူတို့ဆန္ဒကိုဖော်ပြလို့မရတော့ဘူး သူတို့တင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တင်လို့မရတော့ဘူး ဖြစ်သွားနိုင်ပါတယ်။ လောလောဆယ် အင်တာနက်ဖြတ် စစ်ပွဲလည်း ဖြစ်နေတဲ့အချိန် မျိုးမှာ ရွေးကောက်ပွဲ ကျင်းပဖို့က လက်ရှိအခြေအနေနဲ့ဆို မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီကြားထဲမှာ စေ့စပ်ဆွေးနွေးပွဲ အောင်မြင် သွားရင် ရွေးကောက်ပွဲကျင်းပလို့ရနိုင်မှာပါ။ အခုလို စစ်ပွဲဖြစ်နေရင်တော့ ရွေးကောက်ပွဲလုပ်ဖို့က အလားအလာမရှိပါဘူး။"
မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်တဲ့ KIA၊ MNDAA၊ AA ၊ TNLA အဖွဲ့တွေက ပမာဏအပစ်ရပ်လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေကြ တာရှိပြီး ပြောင်းလဲသွားနိုင်တဲ့ အခြေအနေတွေကြောင့် ရွေးကောက်ပွဲမတိုင်ခင် ပြောင်းသွားမလားဆိုတာပြောလို့ မရနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောခွင့်ရ ဦးမြင့်နိုင်က လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် တပ်မတော်နဲ့ AA တို့ အပစ်ရပ်ကြဖို့ အရင်ဆုံး လိုအပ်နေတာ ဖြစ်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရွေးကောက်ပွဲလုပ်ဖို့လည်း လိုပါသေးတယ်၊ အခြေအနေတွေလည်း အသေးစိတ်မသိရသေးတဲ့အတွက် ဘာမှ မပြောလိုကြောင်း ပြောပါတယ်။
ရခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရခိုင်တိုင်းရင်းသားတွေ ရွေးကောက်ပွဲမှာ မဲနိုင်ပြီး တော့လည်း ဘာမှ လုပ်ပိုင်ခွင့်ရမှာမဟုတ်ဘူးတဲ့အတွက် ရွေးကောက်ပွဲဖြစ်ခြင်း မဖြစ်ခြင်း နိုင်ခြင်း မနိုင်ခြင်း တွေက ရခိုင်တွေအတွက် သိပ်ပြီး မထူးခြားဘူးလို့ထင်ကြောင်းနဲ့ရွေးကောက်ပွဲကိစ္စကို စိတ်မဝင်စားကြောင်းနဲ့ ရခိုင်ပြည်သူတွေကလည်း စိတ်မဝင်စားမယ်လို့ မထင်ကြောင်းပြောပါတယ်။
တိုက်ပွဲတွေ ရပ်တန့်နိုင်မယ်ဆိုရင် ညမထွက်ရအမိန့်တွေ ရုပ်သိမ်းနိုင်ပြီး အင်တာနက် ပြန်လည်ဖွင့်ပေးနိုင်မယ် ဆိုရင် ရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်တယ်လို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၇ သောင်းကျော်ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။