မြန်မာ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပါဝင်ပတ်သက်မှု


2019.01.09
shan-state-drug-arrest-622 ရှမ်းပြည်နယ်၊ သိန္နီမြို့နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ ဖမ်းဆီးရမိတဲ့ ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ်
Photo: Ministry of Home Affairs, Myanmar

ရှမ်းပြည်နယ်ဟာ ကမ္ဘာပေါ်မှာ ICE လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အကြီးမားဆုံးနေရာဖြစ်ပြီး အဲဒီလို ထုတ်လုပ်မှုတွေမှာ တပ်မတော်နဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်က တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်နဲ့ အရပ်ဖက်အဖွဲ့တွေက တာဝန်ရှိသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~
မူးယစ်ရောင်းဝယ်မှုမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော် ပါဝင်ပတ်သက်မှု ရှိနေလာ
(ဝေမာထွန်း)

ရှမ်းပြည်နယ်ဟာ အကြီးစားမူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အဖမ်းဆီးမခံရအောင် ဆောင်ရွက်နိုင်တဲ့ အကောင်းဆုံးနေရာနဲ့ အနေအထားတွေ ရှိနေတာကြောင့် ဒီဒေသမှာ အခြားစီးပွားရေးလုပ်ငန်းတွေ အရေးမပါတော့ဘဲ ICE လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကသာ အဓိကလုပ်ငန်း ဖြစ်နေတယ်လို့ ICG ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ဝင်ငွေရလမ်းဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ငြိမ်းချမ်းရေးရဖို့နဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် အတားအဆီးတွေ ဖြစ်လာတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုတွေ ကြီးကြီးမားမားဖြစ်နေတယ်ဆိုတဲ့အပေါ် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် PNLO ရဲ့ ဒု ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က အခုလို မှတ်ချက်ပေးပါတယ်။

"အစီရင်ခံစာ ပြုစုမှုတွေမှာလည်း သူတို့ စနစ်တကျ ပြုစုမှုတွေ လုပ်မှာပါပဲ။ ဒီအပေါ်မှာတော့ ကျနော်တို့က မှန်တယ်၊ မှားတယ် ဆိုတာမျိုးတွေကိုတော့ ပြောဖို့သဘောထားတော့ မရှိပါဘူး။ PNLO ဆိုတဲ့အပေါ်မှာ ပြောထားတာမရှိတဲ့ အတွက်မို့ ကျနော်တို့ ဒါအပေါ်မှာတော့ ဖြေရှင်းဖို့မရှိပါဘူး။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ကတော့ ကျနော်တို့ ပြန်လည်ပြီးတော့ စုဖွဲ့စဉ်အခါကတည်းက အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးသွားတဲ့အခါ ကျနော်တို့ ဒီမူးယစ်ဆေးဝါးကိစ္စကို ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းမပြုရလို့ ပြင်းပြင်းထန်ထန် စည်းကမ်းချက် ထုတ်ထားပါတယ်"

ဒါ့အပြင် ICG ရဲ့ ကြေညာချက်မှာ အစိုးရ တပ်မတော်ဘက်က အရာရှိ၊ အရာခံ၊ တပ်သားတွေလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သက်နေနိုင်တဲ့အတွက် တပ်မတော်က စုံစမ်းပြီး စနစ်တကျ အရေးယူသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

အဲ့ဒီလို တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက အခုလို တုံ့ပြန်ပါတယ်။

"ဒါကတော့ သူတို့ပြောတဲ့ဟာပဲပေါ့လေ။ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုရင်တော့ တိတိကျကျ ပြောပေးနိုင် ရင်တော့ ပြောပေးပေါ့။ ဒါမျိုးပြောတာတော့ မကောင်းဘူး။ ဝါးလုံးချီးသုပ်ရမ်းတဲ့အခါမျိုးတော့ မကောင်း ဘူးပေ့ါ။ ခြုံငုံသုံးသပ်တဲ့ဟာတော့ မကောင်းဘူးပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော် သီးခြားမှတ်ချက်တော့ မပေးလိုပါဘူး"

အစီရင်ခံစာမှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းတွေကိုလည်း အစိုးရက နှစ်ဆမြှင့်ပြီး လုပ်ဆောင် သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းစဉ်ကို အစိုးရတစ်ခုတည်း ဆောင်ရွက်လို့ အောင်မြင်နိုင်မယ့် အနေအထားမရှိဘဲ လူထု ပါဝင်ဖို့လိုအပ်ကြောင်းနဲ့ ပြည်သူတွေပါဝင်နိုင်ရေးအတွက် အစိုးရဘက်က ဘယ်လောက် အတိုင်း အတာအထိ လုပ်ပိုင်ခွင့် ပေးမယ်ဆိုတဲ့ တိကျတဲ့မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့လိုတယ်လို့လည်း အရပ်ဖက်အဖွဲ့တွေက ထောက်ပြကြပါတယ်။

၁၉၉၀ ခုနှစ်ကတည်းက ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက် နေတဲ့ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်း က မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား စပ်ဆက်မှုကို အခုလို ပြောပါတယ်။

"မူးယစ်ဆေးဝါးနဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခ အဲ့တာတွေက တိုက်ရိုက်အချိုးကျနေတယ်။ တိုက်ပွဲတွေ၊ စစ်ပွဲ တွေဖြစ်လာလေလေ မူးယစ်ဆေးဝါးတွေက တိုးပွားလာလေလေပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နယ်မြေအလိုက် မရှိတော့ရင် မူးယစ်ဆေးဝါးက ထုတ်နေဦးမှာပဲ။ သို့သော်လည်း ထုတ်တဲ့ ပမာဏ၊ ထုတ်နိုင်စွမ်းနဲ့ ထုတ်တဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ ဖြန့်ကြက်နိုင်စွမ်းတွေက တဖြည်းဖြည်းလျော့သွားမှာပဲ"

မြန်မာအစိုးရအနေနဲ့ သုံးစွဲသူတွေနဲ့ အသေးစား ရောင်းဝယ်သူတွေကို ပစ်မှတ်ထားအရေးယူနေတာတွေ မလုပ်ဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေလုပ်နေတဲ့ ကွန်ယက်တွေနဲ့ အုပ်စု တွေကို အဓိကထား နှိမ်နှင်းဖို့လိုတယ်လို့လည်း ICG က ထောက်ပြပါတယ်။

ရှမ်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နယ်မြေအကန့်အသတ်တွေရှိတာကြောင့် မူးယစ် ဆေးဝါးတွေ များနေတာလို့ မူဆယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သန်းက ပြောပါ တယ်။

"သူတို့ရဲ့ သုံးသပ်ချက်ကို ကျနော်တို့ ကန့်ကွက်စရာတော့မရှိဘူး။ ရှမ်းပြည်နယ်မှာ လမ်းပန်းဆက်သွယ် ရေးခက်တယ်။ ချောင်ကြိုချောင်ကြားတွေ များတယ်။ ဒါ့ကြောင့် ဒါတွေကို အကာအကွယ်ယူပြီး လုပ်နေ တာတွေများတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့က ပြောတယ်ဆိုတာကိုတော့ ကျနော်တို့က တပ်အပ် ပြောလို့မရဘူး။ ဒီကြားထဲ လက်နက်ကိုင်အဖွဲ့အစည်း မနွယ်တဲ့ ငွေရှင်ကြေးရှင်တွေက လုပ်နိုင်သေးတာပဲ။ ဖမ်းဆီးရမိတဲ့နေရာပေါ် မူတည်ပြီး အစိုးရက ဘယ်လောက်ထိ ဖော်ထုတ်နိုင်မလဲဆိုတာ မူတည်တယ်။ တော်တော်များက ပိုင်ရှင်မဲ့တွေဖြစ်နေတော့ ခန့်မှန်းရခက်နေတာပေါ့"

မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီးရမိတဲ့အခါ အစိုးရ တာဝန်ရှိသူတွေဘက်က ပိုင်ရှင်မဲ့ဆိုပြီး ကြေညာတာမျိုးဟာ မဖြစ်သင့်ကြောင်းနဲ့ ပိုင်ရှင်မိအောင် ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါး အဓိက ရောင်းဝယ်ဖောက်ကားနေမှု လမ်းကြောင်းတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။