ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲ ဖျက်သိမ်းမှုအပေါ် သံသယနဲ့ ဝေဖန်မှုများရှိနေ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ပြည်နယ်လုံးမှာရှိတဲ့ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၄ ပုံ ၃ ပုံနီးပါး) ၇၃ ရာခိုင်နှုန်းကျော် မဲပေးခွင့် ဆုံးရှုံးသွားပါတယ်။ ဒီလိုကြေငြာရာမှာလည်း တိုက်ပွဲမရှိ၊ တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေမှာပါ ဖျက်သိမ်းလိုက်တဲ့အတွက် ကော်မရှင်ရဲ့ ကြေငြာချက်ဟာ သမာသမတ်ကျရဲ့လားလို့ နိုင်ငံရေးခေါင်းဆောင်တချို့က သံသယရှိနေကြပါတယ်။
-
2020-10-19 -
-
-
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ပြည်နယ်လုံးမှာရှိတဲ့ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (လေးပုံ သုံးပုံနီးပါး) ၇၃ ရာခိုင်နှုန်းကျော် မဲပေးခွင့် ဆုံးရှုံးသွားပါတယ်။ ဒီလို ကြေညာရာမှာလည်း တိုက်ပွဲမရှိ၊ တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေမှာပါ ဖျက်သိမ်းလိုက်တဲ့အတွက် ကော်မရှင်ရဲ့ ကြေညာချက်ဟာ သမာသမတ်ကျရဲ့လားလို့ နိုင်ငံရေးခေါင်းဆောင်တချို့က သံသယရှိနေကြပါတယ်။
မြို့နယ် ကိုးမြို့နယ်နဲ့ အခြားမြို့နယ်အချို့က မဲဆန္ဒနယ်အတော်များများမှာ ရွေးကောက်ပွဲ မကျင်းပတာဟာ လက်ရှိအစိုးရရဲ့ စီမံခန့်ခွဲမှုအပိုင်း ညံ့ဖျင်းတာကို ပြသလိုက်တာပဲလို့ ရွေးကောက်ပွဲ ဝင်ခွင့်ဆုံးရှုံးခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်ကြပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ကိုးခုနဲ့ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ စတဲ့မြို့နယ်က ကျေးရွာအုပ်စုပေါင်း ၁၅၂ ခုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ပါတယ်။ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးက မဲပေးခွင့်ရှိသူ ဆယ့်ခြောက်သိန်းလေးသောင်းထဲက ဆယ့်နှစ်သိန်းကျော်ဟာ မဲပေးခွင့်ဆုံးရှုံးသွားပါတယ်။ တစ်နည်းအားဖြင့် ရခိုင်မဲဆန္ဒရှင် လေးပုံ သုံးပုံနီးပါးဖြစ်တဲ့ ၇၃ ရခိုနှုန်းကျော် မဲပေးခွင့်ဆုံးရှုံးသွားတဲ့အပြင် လာမယ့် တတိယအကြိမ် ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် နေရာ အရေအတွက် လေးပုံ သုံးပုံနီးပါးလည်း ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီနယ်မြေတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။ ဒီကြေငြာချက်မှာ ရခိုင်မြောက်ပိုင်းက တိုက်ပွဲမရှိ၊ တည်ငြိမ်အေးချမ်းတဲ့ ပေါက်တောမြို့နယ်ကို ပယ်ဖျက်လိုက်ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပဖို့ ထည့်သွင်းထားဟာလည်း သံသယဖြစ်စရာရှိနေပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ရခိုင့်ဦးဆောင်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ကော်မရှင်ရဲ့ကြေညာချက်ဟာ မူမမှန်ဘူးလို့ ထောက်ပြပါတယ်။
“ပေါက်တောက အရင် ရခိုင်ပါတီနိုင်တဲ့နေရာ။ ပလက်ဝက အရင် NLD ကနိုင်တဲ့နေရာ။ နောင်လည်း NLD နိုင်နိုင်တယ်လို့ ထင်ထားတာပေါ့လေ။ အဲတော့ NLD နိုင်နိုင်ခြေရှိတဲ့ နေရာတွေကိုများ တိုက်ပွဲ ဘယ်လောက်ထိ ရှိနေပါစေ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ NLD နိုင်နိုင်ခြေမရှိ ရခိုင်ပါတီတွေ နိုင်နိုင်တဲ့နေရာကို တိုက်ပွဲ အကြောင်းပြပြီး ပိတ်လိုက်တာလား။ အဲလိုမျိုး သိသာထင်ရှားစွာ မူမမှန်တဲ့ အခြေအနေတွေနဲ့ လုပ်ဆောင် နေတယ်လို့ ထင်ရတယ်”
ပေါက်တောမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအော်ကျော်ထွီးက တည်ငြိမ်အေးချမ်းတဲ့ ပေါက်တောမြို့နယ်ကို ချန်လှပ်ထားတာကို ကြည့်ခြင်းအားဖြင့် ရခိုင်တိုင်းရင်းသားတွေကို နိုင်ငံရေးနယ်ပယ်ထဲကနေ ထုတ်ပစ်လိုတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
“တိုက်ပွဲဆိုလည်း ဘာတစ်ခုမှ မဖြစ်ဖူးတဲ့မြို့၊ သေနတ်ကျည်တောင် တစ်ချက် မကြားဖူးတဲ့မြို့၊ ပြီးတော့ ကိုယ့်မြို့ ကိုယ့်အနေအထားတဲ့ တည်ငြိမ်နေပြီးတော့မှ ပြည်သူတွေကလည်း ကိုယ့်ဟာနဲ့ကိုယ် အေးအေးဆေးဆေး သွားလာလှုပ်ရှားနေကြတဲ့ အနေအထားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ဆိုတာကတော့ ဒါဟာ မြေပြင်အခြေအနေနဲ့ တော်တော်အလှမ်းဝေးနေတဲ့ အနေအထားမှာတော့ ရှိတယ်။ ရခိုင့်နိုင်ငံရေးအသံကို နိုင်ငံရေးနယ်ပယ်ထဲက ပယ်ဖျက်လိုတာလားဆိုပြီး ကျွန်တော်တို့ကတော့ သံသယဝင်မိပါတယ်”
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၇ခုမှာ မဲဆန္ဒရှင် ဦးရေဟာ ဆယ့်ခြောက်သိန်း လေးသောင်းကျော် ရှိပါတယ်။ အဲဒီအထဲက လေးသိန်း ဝန်းကျင်လောက်သာ မဲပေးခွင့်ရတော့မှာဖြစ်ပြီး ကျန်တဲ့မဲဆန္ဒရှင် ဆယ့်နှစ်သိန်းကျော်ကတော့ မဲပေးခွင့် ဆုံးရှုံးရတော့မှာပါ။ ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ်တွေက ပြည်နယ်လွှတ်တော်နေရာ ၂၀၊ ပြည်သူ့လွှတ်တော် ကိုးနေရာနဲ့ အမျိုးသားလွှတ်တော် ခုနှစ်နေရာအတွက် ဆုံးရှုံးသွားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ် ၃၅ ဦးနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ၄၇ ဦးရှိတာပါ။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲ အလွန်ကာလမှာတော့ ရွေးကောက်ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ၁၂ ဦးသာရှိတော့မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးကျော်ဆန်းနိုင်ကတော့ လာမယ့် ရခိုင်ပြည်နယ် လွှတ်တော်ဟာ လူထုကို ကိုယ်စားပြုမှု နည်းသွားတော့မှာ ဖြစ်တယ်လို့ မနေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“၂၀၂၀ နောက်ပိုင်းမှာဆိုရင် ရခိုင်လွှတ်တော်မှာ တပ်မတော် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့ တောင်ဘက်ပိုင်းမှာနိုင်တဲ့ ပြည်မပါတီက ကိုယ်စားလှယ်တွေနဲ့ အဲလိုပဲ ဖြစ်သွားမှာပေါ့။ နောက်ပြီးတော့ လွှတ်တော်မှာ ၃၅ နေရာရှိတဲ့အနက် ၂၀ လောက်က မပြိုင်နိုင်ဆိုတော့ ပြည်သူလူထုအပေါ်မှာ ကိုယ်စားပြုမှုတွေ တော်တော်လေးကို အားနည်းသွားမယ်။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီဖြစ်စဉ်မှာ နှေးသွားမယ်လို့ ကျွန်တော်တို့ သုံးသပ်မိတယ်”
အလားတူ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်တွေမှာလည်း ရခိုင်လူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် နည်းသွားတော့မှာဖြစ်လို့ ရခိုင်တွေရဲ့အသံလည်း နည်းသွားတော့မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ပြည်နယ်အစိုးရ ဝန်ကြီးတွေဟာလည်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဖြစ်လာမှာဖြစ်လို့ လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန်ထိန်းကျောင်းမှုတွေလည်း ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က သုံးသပ်ပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေ သတ်ဖြတ်ခံရတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေဟာ နေ့စဉ်လိုလိုရှိနေပြီး ဒီအခြေအနေတွေကို လွှတ်တော်မှာတင်ပြဖို့ ခက်ခဲသွားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်ကထက် ပိုများလာမှာကိုလည်း ဒေသခံတွေအကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
မင်းပြားမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းဝင်းကျော် (ခေါ်) ဦးဝင်းအောင်က ရခိုင်မှာ ပြည်သူတွေ မဲပေးခွင့်ဆုံးရှုံးလိုက်ရတာဟာ လက်ရှိအစိုးရရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို ပြသလိုက်တာပဲလို့ ဝေဖန်ပါတယ်။
“တကယ်က ဒီဟာက လက်ရှိ အုပ်ချုပ်နေတဲ့အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းမှာ မူတည်ပါတယ်။ ဘယ်လောက်အထိ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ရှိလဲ။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့်၊ ရွေးကောက်ပွဲမှာ ပါဝင်ပိုင်ခွင့်ကို သူတို့အနေနဲ့ ဘယ်လောက်အထိ စီမံခန့်ခွဲနိုင်သလဲဆိုတဲ့ ညွှန်းကိန်းကို ပြတာပဲဖြစ်တယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲပေါ့နော် ဒီရခိုင်အပါအဝင် တချို့ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲဖြစ်ခြင်းဟာ လက်ရှိအစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ စီမံခန့်ခွဲမှုအပေါ်မှာ အများကြီးထိခိုက်စေပါတယ်”
ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပတဲ့နေရာတွေထဲမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၂ ခု၊ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အနီးက ကျေးရွာအုပ်စု လေးခုကို ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်တဲ့အထဲ ပါလာတာဟာ တပ်မတော်ရဲ့ လုံခြုံရေး ဆောင်ရွက်နိုင်မှု အပေါ် ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။
တပ်မတော်ရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပလို့မရအောင် လုံခြုံမှုနည်းနေသလားဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေငြာတဲ့ မြို့နယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရခိုင်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
အခု ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်နဲ့ ကျေးရွာ၊ ရပ်ကွက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံတဲ့ နယ်မြေဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဒေသတွင်း နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
ဒီအချက်တွေနဲ့ ပတ်သက်လို့ NLDပါတီ ပြောခွင့်ရသူတွေကို ဒေါက်တာမျိုးညွန့်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ရခိုင်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေက အဓိကအားဖြင့် လူမျိုးရေးကို အခြေခံတဲ့ လက်နက်ကိုင်ပဋိပက္ခ ရှိတဲ့နေရာတွေဖြစ်ပါတယ်။ လူမျိုးရေးကို အခြေခံတဲ့ နိုင်ငံရေးပါတီတွေက သဘာဝအားဖြင့် အဲဒီနေရာတွေမှာ အားကောင်းလာပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အခါ အဲဒီလို အားကောင်းတဲ့ ပါတီတွေရဲ့ နယ်မြေတွေ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒီလို ကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ မြင်ပါတယ်။ ”
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်ဟာ NLD ပါတီ အနိုင်ရရှိရေးကိုသာ ဦးတည်နေပြီး သမာသမတ်မကျတာကြောင့် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း ရခိုင်ဒေသခံတွေအကြား ပြောဆိုနေကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)