DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်း ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ
စစ်ကောင်စီလက်ထက်မှာ သတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အဆိုးဆုံး အခြေအနေကို ရောက်သွားပြီ။
-
RFA Burmese
2023-11-03 -
-
-
ဖမ်းဆီးခံနေရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေနဲ့ DMG သတင်းဌာနက RFA ကို ပြောပါတယ်။
လက်ရှိမှာ သူတို့နှစ်ဦးကို စစ်တွေမြို့ အမှတ် (၁) မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့လည်း ဒီကနေ့အထိ တွေ့ခွင့်မရသေးဘူး။ လာမယ့်နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ဖို့ရှိတယ်လို့ သတင်းထောက် ကိုထက်အောင်ရဲ့မိခင် ဒေါ်အေးရီက ပြောပါတယ်။
“လက်ရှိ အခြေအနေမှာတော့ ကျွန်မသားကို ပုဒ်မ - ၆၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ အဆက်အသွယ် မရဘူး။ ကျွန်မက ရဲစခန်းကို သွားတယ်။ ထမင်းပို့ရတယ်။ ထက်အောင်နဲ့ တွေ့ချင်တယ်လို့ ကျွန်မပြောတယ်။ တွေ့လို့ မရသေးဘူးလို့ အဲဒီက ပြောတယ်။ ကျွန်မက သားကို အမြန်ဆုံး တွေ့ချင်တယ်။ သားလေးကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
DMG သတင်းထောက် ကိုထက်အောင်ဟာ အောက်တိုဘာလ ၂၉ ရက်၊ သီတင်းကျွတ် လပြည့်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ပြုလုပ်တဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံ ရိုက်နေတုန်း ဖမ်းဆီးခံလိုက်ရတာပါ။
“အခုလို အကြမ်းဖက် ဝင်ရောက်စီးနင်းတာကို ရှုတ်ချတယ်”
အဲဒီနောက် DMG သတင်းဌာနရုံးကို စစ်ကောင်စီတပ်၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)၊ သတင်းရဲတပ်ဖွဲ့ (SB) တို့က အင်အား နှစ်ဆယ်လောက်နဲ့ ဝင်ရောက်စီးနင်းပြီး ညစောင့်ဝန်ထမ်းကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရုံးမှာရှိတဲ့ ကင်မရာ၊ ကွန်ပျူတာနဲ့ ရုံးပစ္စည်းတွေကိုလည်း သိမ်းယူသွားသလို ရုံးကိုပါ ချိပ်ပိတ်ခဲ့တယ်လို့ DMG သတင်းဌာနရဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ကျန်သတင်းထောက်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီး ရုံးပစ္စည်းတွေကိုပါ သိမ်းယူခံရတာကြောင့် သတင်းဌာန ပြန်လည်ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ DMG အထွေထွေမန်နေဂျာ ကိုဇော်ဇော်က ပြောပါတယ်။
“ကျွန်တော်တို့မှာတော့ ရုံးမှာ ရှိသမျှပစ္စည်းတွေ အကုန်လုံး ပါသွားတာဆိုတော့ သုညက ပြန်စရမလို ဖြစ်နေတယ်။ သတင်းထောက်တွေရဲ့ အခြေအနေကလည်း လောလောဆယ်မှာ အလုပ်လုပ်လို့ မရဘူးပေါ့။ လုံခြုံရေးအရ ပုန်းရှောင်နေကြတယ်ပေါ့။ ကျွန်တော်တို့ရုံး အများကြီး အခက်အခဲ ဖြစ်နေတယ်။ ဆက်ပြီး ရပ်တည်ဖို့တော့ရှိတယ်။ ဒါပေမဲ့ ချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။ အရင် အခြေအနေကို ပြန်ရောက်ဖို့ အချိန်ယူရဦးမယ်။ လက်ရှိမှာတော့ ဆက်လက်ပြီး ရပ်တည်လို့ရဖို့ပဲ စဉ်းစားရမယ်”
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လွတ်လပ်စွာ သတင်းရေးသားဖော်ပြနေတဲ့ သတင်းဌာနကို အကြမ်းဖက် ဖိနှိပ်တာဖြစ်ပြီး အခုလို အကြမ်းဖက် ဝင်ရောက်စီးနင်းတာကို ရှုတ်ချတယ်လို့ သူကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ အမှုဖွင့်ခံရတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဟာ လိုင်စင်မရှိဘဲ ဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်တဲ့အတွက် အရေးယူတဲ့ပုဒ်မ ဖြစ်ပါတယ်။ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ DMG ဟာ ဦးသိန်းစိန် အစိုးရလက်ထက်က တရားဝင် မှတ်ပုံတင်ခဲ့ပေမယ့် စစ်ကောင်စီဆီမှာတော့ ပြန်လည်မှတ်ပုံတင်တာ မရှိဘူးလို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကလည်း DMG သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ နှစ်ဦးနဲ့ သတင်းထောက်တစ်ဦးကို စစ်ကောင်စီက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့ပါတယ်။ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်ကလည်း DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း အက်ဥပဒပုဒ်မ ၁၇ (၂) နဲ့ အမှုဖွင့်ခဲ့ပါတယ်။
ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Western News ရဲ့ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့ သတင်းထောက်တစ်ဦးကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ၂၀၂၁ ခုနှစ်က စစ်ကောင်စီက တရားစွဲဆိုခဲ့ပါတယ်။ ဒီအပြင် ၂၀၂၂ ခုနှစ်ကလည်း Narinjara သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နဲ့ သတင်းထောက်တစ်ဦးကို စစ်ကောင်စီက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အမှုဖွင့်ခဲ့ပါတယ်။
လက်ရှိ စစ်တွေမြို့ပေါ်မှာ သတင်းဌာနရုံးတွေ မရှိတော့သလို အမှုဖွင့်၊ တရားစွဲခံထားရတဲ့ သတင်းထောက်တွေလည်း ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
စစ်ကောင်စီလက်ထက်မှာ သတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အဆိုးဆုံး အခြေအနေကို ရောက်သွားပြီလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရခိုင်အခြေစိုက် Border News Agency (BNA) သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောပါတယ်။
“ရခိုင်မီဒီယာတွေကတော့ ဦးသိန်းစိန်အစိုးရလက်ထက်၊ NLD အစိုးရလက်ထက် အခု စစ်ကောင်စီလက်ထက်အထိ အမှုဖွင့်ရတယ်၊ တရားစွဲခံရတယ်။ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ အခုလက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ ရခိုင်မီဒီယာတွေရဲ့ ရပ်တည်ရေး အခက်ဆုံး အခြေအနေအထိ ရောက်သွားသလို သတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေး အခြေအနေဟာလည်း အစိုးရိမ်ရဆုံး အခြေအနေကို ရောက်သွားပြီလို့ ပြောရမှာပေါ့”
ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေဟာ ရခိုင်ပြည်သူတွေ ကြုံနေရတဲ့ မြေပြင်က သတင်းမှန်တွေကို ဘက်လိုက်မှုမရှိဘဲ ရေးသားဖော်ပြနေတာဖြစ်ပြီး အခုလို ဖမ်းဆီးအမှုဖွင့်တာတွေ မဖြစ်သင့်ဘူးလို့ သူကပြောပါတယ်။
အခုလို ရခိုင်သတင်းဌာတွေနဲ့ သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ အမှုဖွင့်ခံရတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သတင်းဌာန ၁၄ ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့သလို နိုင်ငံတစ်ဝန်းက သတင်းထောက် ၁၆၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲက သတင်းထောက် ၄၉ ဦးဟာ လက်ရှိအချိန်အထိ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတယ်လို့ ဖမ်းဆီးခံသတင်းသမားတွေရဲ့ စာရင်းကိုပြုစုထားတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။