အင်တာနက်ဖြတ်တဲ့အတွက် ဒုက္ခသည်တွေ အလှူခံမရဖြစ်နေ


2019.07.01
ponenakyun-refugees-622.jpg ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရှီပြင်ကျေးရွာကိုရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇွန် ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရှီပြင်ရွာသား ဦးနိုင်ဦးမောင်က အင်တာနက်လိုင်း ပိတ်ထားတာကြောင့် အခက်အခဲဖြစ်နေကြောင်း ပြောပါတယ်။

"ဒီမှာဖြစ်နေတာ ဘယ်သူမှမသိဘူး ဖြစ်သွားတယ် အင်တာနက်လိုင်းမရှိတော့ ကျနော်တို့ လိုင်းပေါ်မှာလည်း မတင်နိုင်ဘူးလေ ရင်းနှီးတဲ့ လူမှုရေးအဖွဲ့အစည်းတွေလောက်ပဲ ဖုန်းနဲ့လှမ်းပြီး အကူညီတောင်းတာလောက် ပဲရှိတယ် သတင်းတွေမကြားရတော့ဘူး သတင်းတွေကလည်း မြေပြင်အခြေအနေကို တစ်ခါတည်းမသိရဘူး ဒီမှာဆေးဝါးကုန်ပြီ လူနာတွေအများကြီး ရာသီဥတုကြောင့် ကလေးတွေဖျားနေတာအများကြီး ဒါတွေကို လိုင်းပေါ်က အကူညီတောင်းလို့မရဘူးလေ အဲကြောင့် ကျနော်တို့မှာ အခက်အခဲဖြစ်နေတာ"

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ ပြီးခဲ့တဲ့လ ၂၀ ရက်လောက်ကစပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

စစ်ဘေးရှောင်စခန်းတွေဟာ ပြင်ပအလှူရှင်ကိုပဲ အားကိုးနေရပြီး ဒီလို အင်တာနက်ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်စခန်းတွေ အွန်လိုင်းပေါ်ကနေ အကူညီတောင်းတာတွေ၊ အလှူခံတာတွေမလုပ်နိုင်ဘဲ စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်နေပါတယ်။

ဒီလို့အင်တာနက်တွေပိတ်လိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရှိဒေသခံတွေဟာ အင်တာနက်နဲ့ အလုပ်လုပ်ရတဲ့ ဘဏ်လုပ်ငန်းအပါအဝင် နိုင်ငံခြားမှာရောက်ရှိနေတဲ့သူတွေနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေပြီး ထိခိုက်မှုတွေအများကြီးရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အကူညီပေးနေတဲ့အဖွဲ့တွေဆိုရင်လည်း အကူညီပေးဖို့အတွက် အချက်အလက်မရတာကြောင့် အခက်အခဲတွေရှိနေပါတယ်။

အရင်ကအချက်အလက်တွေကို အင်တာနက်ကနေရရှိပြီး အခုအင်တာနက်ပိတ်လိုက်ပြီးနောက်ပိုင်း သတင်းမှားတွေကြောက်နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။

"အရင်ကလှုပ်ရှားတဲ့အဖွဲ့တွေဆီက သတင်းအချက်အလက်မရဘူး ကျနော်တို့က တစ်နေရာရာမှာ လိုအပ်တယ်ဆိုတာကို ဖုန်းနဲ့သတင်းယူတာမဟုတ်ဘူး။ သူတို့ဆီက ဓာတ်ပုံတွေ၊ ဗွီဒိုယိုဖိုင်တွေ တောင်းတာ နောက်ပြီးတော့မှာ အွန်လိုင်းမှာ တခြား ဆော့ဝဲတွေသုံးပြီးလုပ်ကြတယ် အဲအထောက်အထားတွေပါလို့ရှိရင် အဲအခြေအနေက အဲလိုဖြစ်နေတာဟုတ်ပြီ မဟုတ်ရင်တော့ သတင်းအမှားတွေက အများကြီးတက်တာပေါ့။ ကျနော်တို့က အဲလို့မျိုးသုံးသပ်တာ အခုဆိုယုံကြည်ဖို့တအားခက်တယ်"

ဖေ့စ်ဘွတ်ကဆို လူတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း ခဏလေးနဲ့ ရောက်သွားတယ်

အင်တာနက်တွေပိတ်လိုက်တာကြောင့် အခက်အခဲဖြစ်နေတဲ့ အကြောင်း ရခိုင်ပြည်နယ်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလိုပြောပါတယ်။

"လူတစ်ယောက်ဖုန်းဆက်ရင် လူငါးယောက်လောက်ပဲ ဆက်နိုင်မှာလေ အင်တာနတ်ကဆို ဖေ့စ်ဘွတ်ကဆို လူတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း ခဏလေးနဲ့ ရောက်သွားတယ်  မြေပြင်ဖြစ်နေတဲ့အခြေအနေကို အချိန်နဲ့တပြေးညီသိတယ် အကူညီပေးမယ်သူလည်း  ပေးလို့ရတယ် အများကြီးထိခိုက်တာပေါ့ ဒုက္ခသည်ကူညီကယ်ဆယ်ရေးကိစ္စတွေ  မြေပြင်အခြေအနေက ဓာတ်ပုံထဲမှာ ပီပီပြင်ပြင်ဖော်ပြလို့ရတာ"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်လို့ဆောင်ရွက်နေလဲဆိုတာကို ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတဆင့် စားနပ်ရိက္ခာတွေကို အကူညီတောင်းနိုင်ပြီး ပြည်နယ်အစိုးရက ပံ့ပိုးပေးနေတယ်လို့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ကပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့်  ဆက်သွယ်လို့ရတယ် ဒါမှမဟုတ် အစိုးရရုံးကို တိုက်ရိုက်ဆက်သွယ်လို့လည်း ရတယ်  မြို့နယ်ကနေဆက်သွယ်တာက ပိုပြီးနီးစပ်တာပေါ့ မြို့နယ်ကိုဆက်သွယ်သတင်းပို့ပါ  မြို့နယ်ကနေ ကျနော်တို့အစိုးရကို အချိန်နဲ့တပြေးညီသတင်းပို့ပါတယ် အဲကနေမှာ  ကျနော်တို့က လိုအပ်တဲ့အကူညီတွေကို ရောက်ရှိဖို့  အချိန်နဲ့တဖြေးညီလုပ်ပေးပါတယ်”


ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို စားသောက်ဖို့အတွက် အစိုးရကကူညီပေးနေပြီး သွားလာရေးခက်ခဲ့တဲ့နေရာတွေနဲ့ လုံခြုံရေးအရ စိုးရိမ်ရတဲ့နေရာတွေကိုတော့ မထောက်ပံ့နိုင်သေးဘူးလို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကနေ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွာတဲ့နေရာတွေမှာ အင်တာနတ်ပိတ်တာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်တာကြောင့် ပြန်ဖွင့်ပေးဖို့ အဆိုတင်သွင်းခဲ့ပြီး ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ရခိုင်ပြည်နယ်မှာ အင်တာနတ်ပိတ်လိုက်တာဟာ လူ့အခွင့်ရေးချိုးဖောက်ဖို့ ပိုဖြစ်နိုင်တာကြောင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။