စစ်တွေက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော် စားဝတ်နေရေးခက်ခဲနေ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.31
စစ်တွေက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော် စားဝတ်နေရေးခက်ခဲနေ စစ်တွေမြို့နယ် သဲချောင်း မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုနီးပါးကြာ ထွက်ပြေး ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ  လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲတွေအပြင် အလုပ်အကိုင် အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေ ကြရတယ်လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ပြောပါတယ်။

အခုလက်ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမောင်ကျော်စိန်က စခန်းထဲမှာ စားဝတ်နေရေးလည်း အဆင်မပြေလည်သလို အလုပ်အကိုင်တွေလည်း မရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

"လမ်းပေါ်ထွက်ပြီး အလုပ်လည်း မလုပ်ရတော့ ကျွန်တော်တို့ ဘာနဲ့သွားစားမှာလဲ။ ဒုက္ခသည်စခန်းမှာ နေရတာ ဆယ်နှစ်လောက်ရှိပြီ။ ကျွန်တော်တို့ ပြန်ချင်တယ်။ ကိုယ့်နေရာကိုကိုယ် ပြန်ချင်တယ်။ အဲဒီ နေရာမှာ ရှာလို့စားလို့ ရတယ်။ ဒီမှာရှာလို့ စားလို့မရဘူး။ အလုပ်အကိုင်မရှိဘူး။ ဆန်လည်း မလောက်ဘူး။ ဆီလည်း မလောက်ဘူး"

ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ထောက်ပံ့တဲ့ တစ်နေ့ လူတစ်ယောက် ငွေကျပ် ငါးရာကိုပဲ အဓိက မှီခိုစားသောက်နေရပြီး အခုလက်ရှိ ကိုဗစ်ကပ်ဘေးတွေကြောင့် သူတို့ဆီက ထောက်ပံ့တာ လည်း ပုံမှန်မရောက်ဘူးလို့ ဆိုပါတယ်။

ဦးမောင်ကျော်စိန်တို့ မိသားစုဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ကနေ ထွက်ပြေးလာခဲ့တာပါ။ သူတို့နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် အကြမ်းဖက်ပဋိပက္ခတွေ မဖြစ်ခင်က မွတ်စလင်တွေ အများဆုံး နေထိုင်ခဲ့တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စက်ရုံစု၊ မကျည်းမြိုင်၊ မင်းဂံ၊ ဘုမေ စတဲ့ရပ်ကွက်တွေကနေ အိုးအိမ်တွေ ကို စွန့်ခွာထွက်ပြေးပြီး စစ်တွေမြို့ အနောက်ဘက်က သက္ကယ်ပြင်၊ ဓားပိုင်၊ သဲချောင်း၊ အနောက်စံပြ စတဲ့ ဒုက္ခသည်စခန်း ၁၄ ခုမှာ ခိုလှုံနေကြရတာပါ။

ပဋိပက္ခဖြစ်ပွားချိန်ကတည်းက နေအိမ်တွေအားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အခုတော့ သူတို့နေရာတွေမှာ ရခိုင်တိုင်းရင်းသားတွေက အစားထိုး ဝင်ရောက် နေထိုင်နေကြသလို ပြီးခဲ့တဲ့ အစိုးရလက်ထက်ကလည်း ရိုဟင်ဂျာဒုက္ခသည်အရေးပြဿနာကို ဖြေရှင်းပေးတာမရှိခဲ့ဘူးလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ရိုဟင်ဂျာတွေက သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ ပြီးခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရနဲ့ NLD အစိုးရလက်ထက်တွေမှာ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပေမယ့် အကြောင်းပြချက်မပေးဘဲ လစ်လျူရှု ခံခဲ့ရတာလို့လည်း ဒုက္ခသည်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရိုဟင်ဂျာဒုက္ခသည်တွေကို အစားထိုး လုံးချင်းအိမ်ရာတွေ ဆောက်ပေးမယ်လို့ ပြောဆိုတာတွေရှိခဲ့ပေမယ့် ဒီနေ့အထိ အကြောင်းမထူးသေးဘူးလို့လည်း သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမောင်မောင်က ပြောပါတယ်။

"၂၀၁၂ ခုနှစ်ကတည်းက စစ်တွေမြို့ပေါ်ကနေ စစ်တွေမြို့ အောက်ပိုင်းဒုက္ခသည်စခန်းကို ရောက်လာ တာပဲ။ အိမ်မရှိ၊ ယာမရှိဘဲ မိသားစုတစ်စုလုံး ဆယ်ပေပတ်လည်အခန်းထဲမှာ နေရတယ်။ ဆိုတော့ အခက်အခဲတွေက အများကြီးပေါ့။ တစ်ခါတစ်ခါကျရင်တော့ အစိုးရအဖွဲ့က ဒီဘက်ကို လာပြီးတော့ လုံးချင်းအိမ်ရာပေးမယ် လာပြောတယ်။ ကျွန်တော်တို့က မူလနေရာကို တောင်းတယ်။ အစိုးရက မူလ နေရာကို မပေးဘူး။ ဒီဘက်မှာ ပေးမယ်လို့ပြောတယ်။ အဲဒါလည်း အခုအထိဖြစ်မလာဘူး"

စစ်တွေမြို့နယ်မှာ မွတ်စလင်ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၁၄ ခုအပါအဝင် မွတ်စလင်ကျေးရွာပေါင်း ၃၆ ရွာအတွက် တိုက်နယ်ဆေးရုံနှစ်ခုသာရှိသလို ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာပါ အားနည်းမှုတွေ ရှိတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သွားချင်တယ်။ မူလနေရာကို ပြန်ပို့ဖို့ကိုပဲ ဦးစားပေး တောင်းဆိုပါတယ်"

ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အာဏာပိုင်တွေ အနေနဲ့ သူတို့ကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့နဲ့ တစ်ချိန်က သူတို့နေထိုင်ခဲ့တဲ့ မူလနေရာကို ပြန်ဖို့ တောင်းဆိုချင်ကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"အရင်တုန်းကဆိုရင် ကိုယ့်မှာဈေးဆိုင်ရှိတယ်။ ကိုယ့်စီးပွားရေးကိုကိုယ် လုပ်စားလို့ရတယ်။ အခုက ကိုယ့်စီးပွားရေးကို ကိုယ်လုပ်စားလို့မရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အစိုးကနေ ကျွန်တော်တို့ မူလနေရာကို ပြန်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သွားချင်တယ်။ မူလနေရာကို ပြန်ပို့ဖို့ကိုပဲ ဦးစားပေး တောင်းဆိုပါတယ်"

အခုလို ရခိုင်နဲ့ မွတ်စလင် ရိုဟင်ဂျာတွေကြား ဖြစ်ပွားခဲ့တဲ့ လူမျိုးပဋိပက္ခတွေကြောင့် ထွက်ပြေးနေတဲ့ ဒုက္ခသည် တစ်သိန်းကျော်ဟာ အခုလက်ရှိနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတာ၊ သူတို့ကိုလွတ်လပ်စွာ သွားလာခွင့်ပေးဖို့နဲ့ မူလနေရာကို ပြန်ပို့ပေးဖို့ တောင်းဆိုတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

muslim-girl.jpg
(စစ်တွေမြို့နယ် သဲချောင်းမွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တွေ့ရစဥ်)

စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားလာတဲ့ လမ်းတွေမှာ စစ်ကောင်စီက လုံခြုံရေး ချထားဆဲ ဖြစ်သလို ခွဲခြားဆက်ဆံခံရတာတွေရှိဆဲလို့လည်း ဒေသခံ မွတ်စလင်တွေက ပြောပါတယ်။

ဒါ့အပြင် ဆယ်စုနှစ်တစ်ခုနီးပါးအကြာ ဒုက္ခသည်စခန်းဧရိယာထဲမှာပဲ ပိတ်လှောင်ခံထားရတာကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို လှေနဲ့ထွက်ခွာတာတွေကလည်း နှစ်စဉ်ရှိနေတယ် လို့လည်း ဒေသခံ ရိုဟင်ဂျာလူကြီးတွေက ပြောပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘူးသီးတောင်၊ မောင်တော ဒေသမှာ နေထိုင်တဲ့ မွတ်စလင် ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာလည်း အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။