ရန်ကုန်မှာ ဝမ်းရောဂါကြောင့် သေဆုံးမှုတွေ ထပ်ရှိလာ

ကူးစက်ခံရသူ နေ့စဥ်တိုးနေတာကြောင့် ဝမ်းရောဂါအဖြစ်များတဲ့ မြို့နယ်တွေအပြင် ရန်ကုန်တိုင်းက မြို့နယ်အားလုံးနီးပါးမှာ ဝမ်းရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက လုပ်ဆောင်နေကြပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သာကေတမြို့နယ် ရပ်ကွက်အချို့တွင် လိုက်လံစစ်ဆေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ Facebook/သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း

ရန်ကုန်မြို့မှာ ဇူလိုင်လဆန်းကစလို့ ဝမ်းရောဂါကူးစက်ခံရသူ ရာနဲ့ချီလာတဲ့နောက် ဆေးကုသရင်း သေဆုံးတာတွေလည်း ရှိနေတယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် ၁၃ ရက် မနေ့က နေ့လယ်ပိုင်းမှာတော့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံမှာ ဝမ်းရောဂါကြောင့် ဆေးကုသမှုခံယူနေရင်း အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။

သေဆုံးသူဟာ သင်္ဃန်းကျွန်းမြို့နယ် စီးပွားရေးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ဝမ်းရောဂါကူးစက်မှုကြောင့် သေဆုံးတာဖြစ်လို့ နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့ရတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆန်ရေ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စံပြဆေးရုံကတော့ သေချာစစ်တယ်။ စစ်တော့ Positive ဖြစ်တယ်တဲ့။ သူတို့ကလည်း PPE တွေ ဝတ်ပြီးတော့ Dead Body ကို အိတ်ထဲ ထည့်တယ်။ ကျွန်တော်တို့လည်း PPE Level 2 ဝတ်ပြီးတော့ Dead Body သယ်တယ်။ ရေဝေးသုသာန်မှာ ရေဝေးက လက်ခံတဲ့သူတွေလည်း PPE ဝတ်စုံဝတ်ပြီးတော့မှ မိသားစုကိုလည်း မိသားစုကိုတော့ အနားပေးမကပ်တော့ဘူး။ သင်္ဂြိုဟ်စက်ထဲ ဒါရိုက်ထည့်ပြီးတော့ သင်္ဂြိုဟ်လိုက်ပါတယ် မနေ့က”

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာလည်း ဇူလိုင် ၉ ရက်နေ့က အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး ဝမ်းရောဂါနဲ့ သွေးလွန်တုတ်ကွေးရောဂါပါ တွဲဖြစ်လို့ အင်းစိန်ဆေးရုံမှာ ဆေးကုသရင်း သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

သေဆုံးသူဟာ ရွှေပြည်သာမြို့နယ် ဇီးကုန်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ရာကနေ အပြင်းဖျားလို့ ရွှေပြည်သာဆေးရုံမှာ တက်ရောက်ကုသခဲ့ရတာပါ။ အဲဒီကနေ အင်းစိန်ဆေးရုံကို ထပ်မံ လွှဲပြောင်းကုသမှုခံယူရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တစ်ရက်ကို ဝမ်းရောဂါကူးစက်ခံရသူဟာ ငါးဆယ်နီးပါးကနေ တစ်ရာကျော်အထိရှိနေပါတယ်”

ဝမ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ သာကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ ဇူလိုင်လဆန်းပိုင်းက စတင်ခဲ့တာပါ။ ဝမ်းရောဂါ စတင်ဖြစ်ပွားတဲ့ ဇူလိုင်လ ပထမပတ်အတွင်းမှာတော့ ဝမ်းရောဂါကြောင့် သေဆုံးသူဟာ ငါးဦးအထိ ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဝမ်းရောဂါကြောင့် သေဆုံးသူမရှိဘူးလို့ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကလည်း နေ့စဥ်ထုတ်ပြန်တဲ့ သတင်းစာတွေထဲကအတိုင်းဖြစ်ပြီး သေဆုံးသူ မရှိသေးကြောင်း RFA ကို ပြောပါတယ်။

ဝမ်းရောဂါ ဖြစ်သူတွေအနေနဲ့ ကုသမှုအချိန်မီတာနဲ့ ကြိုတင်ကာကွယ်တာတွေ လုပ်နိုင်ရင် ရောဂါဖြစ်ပွားမှုက လျော့ကျလာမယ်လို့လည်း သူက ပြောပါတယ်။

“ပြင်းထန် ဝမ်းပျက်ဝမ်းလျှောလို့ ခေါ်တာပေါ့နော်။ လူတွေ အများကြီးသေပြီး ကာလဝမ်းလို့ အမည်တပ်ခဲ့တဲ့ဟာကြီးက တစ်ချိန်တုန်းက တကယ်ဖြစ်ခဲ့တာပေါ့နော်။ ဒီခေတ်မှာတော့ ဆေးရုံ စောစောစီးစီးရောက်ဖို့နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးပေါ့နော်။ သန့် လေးသန့်ပေါ့။ ဒါတွေလိုက်နာဖို့ပဲ အဓိက လိုတာပေါ့နော်။ ဒါတွေကို ကောင်းကောင်းလုပ်နိုင်ရင် ဒီရောဂါဖြစ်ပွားမှုက လျော့ကျသွားမာပါဗျ”

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တစ်ရက်ကို ဝမ်းရောဂါ ကူးစက်ခံရသူဟာ ငါးဆယ်နီးပါးကနေ တစ်ရာကျော်အထိရှိနေပြီး ဇူလိုင် ၆ ရက်နေ့ကနေ ၁၃ ရက်အထိ ရှစ်ရက်အတွင်းမှာ ဆေးရုံတက်ကုသရတဲ့လူနာ ၆၀၆ ဦးအထိ ရှိခဲ့ပါတယ်။

“မြို့နယ်ကျန်းမာရေးအဖွဲ့တွေက ဦးဆောင်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်နေပါတယ်”

လက်ရှိမှာတော့ ဆေးရုံဆင်းသွားသူ ၄၅၅ ဦးအထိ ရှိနေပြီလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကူးစက်ခံရသူ နေ့စဥ်တိုးနေတာကြောင့် ဝမ်းရောဂါအဖြစ်များတဲ့ မြို့နယ်တွေအပြင် ရန်ကုန်တိုင်းက မြို့နယ်အားလုံးနီးပါးမှာ ဝမ်းရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက လုပ်ဆောင်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာတော့ မြို့နယ်ကျန်းမာရေးအဖွဲ့တွေက ဦးဆောင်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်နေတယ်လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ လူမှုကူညီရေးအသင်းဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေပြည်သာ ပြည်သူ့ဆေးရုံမှာ မြို့နယ် ကျန်းမာရေးအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။ ဝမ်းရောဂါနဲ့ပတ်သက်လို့ ဆရာမတွေရဲ့ညွှန်ကြားမှုကို လိုက်နာပြီးတော့ ရပ်ကွက်ကို ကွင်းဆင်းရပါတယ်။ ကွင်းဆင်းတဲ့အခါမှာ ရေကန်ရဲ့အတိုင်းအတာ၊ ရေအိုးတွေရဲ့ အတိုင်းအတာကို တွက်ချက်ပြီးတော့မှ ကလိုရင်းအမှုန့် ထည့်ပေးရပါတယ်”

လက်ရှိမှာတော့ ရန်ကုန်တိုင်းထဲက ဝမ်းရောဂါအဖြစ်များတဲ့ သာကေတ၊ ဒေါပုံနဲ့ မြို့နယ်တချို့မှာရှိတဲ့ လမ်းဘေးအစားအသောက် ရောင်းချတဲ့ဆိုင်တွေ ပိတ်ထားရပြီး ရပ်ကွက်တွေအတွင်း အသံချဲ့စက်နဲ့ ဝမ်းရောဂါ အသိပညာပေး လိုက်လံကြေညာနေတာတွေလည်း ရှိပါတယ်။

ဝမ်းရောဂါကြောင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း ပိတ်ထားရသည့် လမ်းဘေးဆိုင်တချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့မှာ ဝမ်းရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် အစားအသောက် ဆင်ခြင်နေရတယ်လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“အစားအသောက်ဆိုလို့ရင်လည်း အရင်တုန်းက အသုပ်တွေ ဘာတွေ ကြိုက်တယ်ဆိုရင်လည်း အခုရက်ပိုင်းဆိုလို့ရင် လုံးဝကို မစားဘူး။ တချို့ဆိုင်တွေဆိုလို့ရင် အသုပ်ဆိုင်တို့ မုန့်ဟင်းခါးဆိုင်တို့ဆို အပေါ်ကနေ အဝတ်ကလေးတွေ အုပ်ပြီးတော့ စားတော့စားကြတာပေါ့။ ဒါပေမဲ့ ကိုယ်လည်း မမြင်ရတဲ့ဥစ္စာတွေဆိုတော့ ဒီရက်ပိုင်းလေးတော့ အစားအသောက်တော့ နည်းနည်း ဆင်ခြင်စေချင်တယ်လေ”

ရန်ကုန်တိုင်းအပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာလည်း ဝမ်းပျက်ဝမ်းလျော ရောဂါအဖြစ်များနေပြီး မိသားစုလိုက် ဆေးရုံတက်ကုသရတဲ့ အခြေအနေတွေအထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေရှိနေတဲ့ ချင်းပြည်နယ် မင်းတပ်၊ ပလက်ဝနဲ့ တွန်းဇံမြို့နယ်တွေမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း သေဆုံးသူ ၁၈ ဦးရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org