အာဏာသိမ်းမှုဆန့်ကျင်သူတွေရဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံရမှု များလာ

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.05.03
အာဏာသိမ်းမှုဆန့်ကျင်သူတွေရဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံရမှု များလာ ၂ဝ၂၁ ခုနှစ် ဧပြီလက ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။
File Photo: AFP

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က စိတ်ပညာဌာန ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက နေအိမ်မှာ မေလ ၁ရက်နေ့ညက ဝင်ရောက်ဖမ်းဆီးပေမယ့် မမိတာကြောင့် ကျန်ခဲ့တဲ့ သူ့ရဲ့မိဘနှစ်ပါးနဲ့ အသက် ၁ဝ နှစ်ကျော် ကလေးနှစ်ယောက်အပါအဝင် မိသားစုဝင် ခုနစ်ယောက်ကို စစ်ကောင်စီက ဓားစာခံအဖြစ် မေလ ၁ရက်နေ့ညက နေအိမ်ကနေ ဖမ်းဆီသွားခဲ့ပြီး ၃ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကိုဉာဏ်ဝင်းထက်ဟာ ဒေါပုံမြို့နယ် ဗကသဥက္ကဋ္ဌ ဖြစ်ပြီး အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့မိသားစုဝင်တွေက ပြန်လွတ်လာပေမယ့် အားလုံးက စိုးရိမ်ကြောက်လန့်နေတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စိုးရိမ်ထိတ်လန့်မှုကတော့ ရှိနေပါတယ်။ လုံခြုံရေးကို အာမခံနိုင်တဲ့အခြေနေမျိုး မဟုတ်ဘူးပေါ့။ မိသားစုက အခုလွတ်လာပေမယ့် ဖမ်းသွားတုန်းက ရိုက်နှက်ဖမ်းဆီးတာမျိုးတွေ သေနတ်ပစ်ဖောက်သွားတာမျိုးတွေလုပ်ခံရတော့ စိုးရိမ်ထိတ်လန့်မှုတွေကတော့ ရှိနေဆဲပါပဲ။ စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားပြည်သူတွေရဲ့ မိသားစုဝင်တွေကို ဖမ်းတာတွေ ဓားစာခံလုပ်တာတွေအပါအဝင် အိမ်တွေကို ချိပ်ပိတ်တာမျိုးတွေ ရှိတဲ့အတွက်ကြောင့် မိသားစုဘက်က စိုးရိမ်ထိတ်လန့်မှုကတော့ ရှိနေတုန်းပါပဲခင်ဗျ”

“၂ဝ၂၁ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမှ သက်ဆိုင်သူတွေကို မမိရင် ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းတဲ့ ဖြစ်ရပ်တွေ ပိုများလာတယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်”

စစ်ကောင်စီက သူတို့အလိုရှိတဲ့သူကို မမိရင် ကျန်ခဲ့တဲ့မိသားစုဝင်တွေ၊ နီးစပ်သူတွေကိုပါ ဖမ်းဆီးထိန်းသိမ်းနေတာ ဒါ ပထမဆုံးမဟုတ်ပါဘူး။ အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးမှာပါဝင်နေတဲ့ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေကိုပါ စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးထိန်းသိမ်းနေတာပါ။

ဧပြီ ၅ ရက်နေ့ကဆိုရင် မိခင်ကို ဖမ်းဆီးပြီးနောက် အလုံမြို့နယ်မှာ အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးကို မူကြိုကျောင်းကနေ ထပ်ပြီးဖမ်းဆီးခဲ့ပါတယ်။ ဧပြီ ၂၃ ရက်နေ့ကတော့ ဧရာဝတီတိုင်း ငပုတောမြို့နယ်က NLD အမတ် ဦးသက်ပိုင်စိုးကို မမိလို့ ၁ဝလအရွယ် ကလေးနဲ့ ဇနီးဖြစ်သူအပါအဝင် ၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ရဲ့ ကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက စစ်ကောင်စီက ပြန်ပေးဆွဲတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ ဝေဖန်ပါတယ်။

“သူ့အိမ်မှာဖမ်းတာ မမိလို့မှ မိသားစု အကုန်ခေါ်သွားတဲ့ကိစ္စမျိုးက ကိုဉာဏ်ဝင်းထက် ပထမဆုံး ကြုံရတာမဟုတ်ဘူး။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့ လူငယ်တွေ၊ ပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေကပါ ခြိမ်းခြောက်ခံနေရတဲ့ အခင်းအကျင်းမျိုးကို စကစ က တော်တော့်ကို ယုတ်ယုတ်မာမာ ညစ်ညစ်ပတ်ပတ် လုပ်နေတယ်လို့ မြင်တယ်၊ ပြန်ပေးဆွဲတဲ့ပုံစံမျိုးပေါ့။ ဒါတွေက ရန်ကုန်မှာဆိုရင်တော့ ချက်ချင်းသိရတဲ့ဟာမျိုးပေါ့၊ နယ်တွေမှာဆိုရင်တော့ ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေက တော်တော်လေးများတယ်”

စစ်ကောင်စီက အခုလိုလုပ်တာဟာ တော်လှန်ရေးမှာ အားလျော့သွားအောင် အကြောက်တရား ရိုက်သွင်းနေတာလို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက် က ပြောပါတယ်။

“အကြောက်တရား ပိုပြီး သွင်းပေးတဲ့ ကိစ္စတွေလို့ မြင်တယ်။ ဆိုလိုချင်တာက လူကြီးနဲ့လူငယ်ကြား၊ မိဘနဲ့သားသမီးကြား၊ မိသားစုဝင်တွေအချင်းချင်းကြား အကြောက်တရား ပိုပြီး ကြီးလာအောင် သပ်လျှိုသွေးခွဲတဲ့ ကိစ္စမျိုးတွေကို ဦးတည်ပြီး လုပ်နေတာလို့ မြင်တယ်။ သားသမီးကို မိဘက ဆုံးမတဲ့ အခါကျရင် မင်းကို မမိရင် ငါတို့ကို ဖမ်းသွားနိုင်တယ်။ အဲ့ဒီတော့ ဒါတွေကို မလုပ်ပါနဲ့တော့။ တော်ပါတော့ လျှော့ပါတော့ ဆိုတဲ့ဟာမျိုးပေါ့။ မိသားစုကပါ တော်လှန်ရေးလုပ်နေတဲ့ ကိုယ့်သားသမီးကို အချင်းချင်းတားဆီးလာအောင် အကြောက်တရား ထည့်ပေးနေတယ်လို့ သုံးသပ်တယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကျွန်တော်တို့ လေးလေးစားစားနဲ့ ဂုဏ်ပြုဦးညွှတ်ပါတယ်။ ဒါပေမဲ့ သူတို့ဖြစ်စေချင်သလို အကြောက်တရားဝင်လို့မရဘူး၊ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားဖို့ လိုပါတယ်။”

စစ်ကောင်စီက ဓားစာခံအနေနဲ့ မိသားစုတွေကို အခုလို ဖမ်းဆီးတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ပိုများလာတယ်လို့ နော်ဝေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“စကစ က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သူတို့ထင်သလို ဖမ်းနေတဲ့ ကိစ္စတွေ ရှိတယ်။ သူတို့ဖမ်းချင်တဲ့လူကိုမမိလို့ရှိရင် သက်ဆိုင်ရာ မိသားစုဝင်တွေ၊ ကလေးသူငယ်တွေကအစ ဖမ်းဆီးထိန်းသိမ်းနေတာတွေ ရှိတယ်။ အဲဒါတွေက လွတ်လပ်စွာ အသက်ရှင်ရပ်တည်နေနိုင်ရေးအတွက် ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို အတိအလင်း ချိုးဖောက်နေတာဖြစ်တယ်။ လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင်လည်း လွတ်လပ်စွာနေထိုင်ခွင့်နဲ့ လွတ်လပ်စွာသွားလာခွင့်တွေကို ကန့်သတ်တာမျိုးဖြစ်နေတယ်။ ဒါတွေက နိုင်ငံတကာစံနှုန်းတွေနဲ့လည်း မညီဘူး။ မြန်မာပြည်တွင်းမှာ ပြဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မညီဘူးလို့ ပြောချင်ပါတယ်။ ၁၉၈၈ တုန်းကလည်း အဲ့ဒီလို ဖမ်းခဲ့တာမရှိဘူး၊ ၁၉၉၆-၁၉၉၇ မှာလည်း အဲဒီလိုဖမ်းခဲ့တာမရှိဘူး၊ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း မရှိဘူး။ အခု ၂ဝ၂၁ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမှ သက်ဆိုင်သူတွေကို မမိရင် ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းတဲ့ ဖြစ်ရပ်တွေ ပိုများလာတယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်”

mom-and-son.jpg
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံနှင့် မိခင်ဖြစ်သူ မသီရိဝေ။ (Photo: Citizen Journalist)

ACDD ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က - စစ်ကောင်စီက အခုလို တရားလက်လွတ်ဖမ်းဆီးမှုတွေဟာ အာဏာရှင်ဆန့်ကျင် တော်လှန်နေသူတွေရဲ့ စိတ်ဓာတ်ကို မဖြိုခွဲနိုင်ဘူးလို့ ဆိုပါတယ်။

“မိသားစုဝင်တွေကို တရားလက်လွတ်ဆင်ခြင်မဲ့ဖမ်းဆီးတာ၊ နှိပ်စက်တာ ဒါတွေက လူတွေကို ပြန်ပေးဆွဲထားသလိုပေါ့နော်။ မိသားစုကို ပြန်ပေးဆွဲပြီး ဖိအားပေးချင်တဲ့ သဘောသဘာဝ။ စစ်တပ်က သိထားရမှာက ဒီလိုကျူးလွန်မှုတွေကို တစ်နိုင်ငံလုံးမှာ ကျူးလွန်နေတာက လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်။ ဒီလုပ်ရပ်တွေကို အရှိန်အဟုန်မြှင့်ပြီး ကျူးလွန် ကျူးလွန်၊ ရာဇဝတ်မှု စာရင်းသာ ဝင်သွားမယ်။ ဒီလုပ်ရပ်တွေက တကယ့် တော်လှန်ရေးကို မရပ်တန့်နိုင်ဘူးဆိုတာ သူတို့နားလည်သင့်ပြီ။ ကျောင်းသားမိသားစုကို ဖမ်းဆီးလိုက်လို့ မိသားစုသာ ဖမ်းဆီးခံလိုက်ရမယ်။ တကယ့်တကယ် ကျောင်းသားတွေရဲ့ တော်လှန်စိတ်ဓာတ်ကို ဘယ်လိုနည်းနဲ့မှ မဖြိုခွဲနိုင်ဘူး။ အဲဒီလိုပဲ ကျောင်းသားတွေကို ဖမ်းဆီးလိုက်လို့လည်း ကျောင်းသားတွေရဲ့တော်လှန်စိတ်ဓာတ်၊ ပြည်သူလူထုရဲ့တော်လှန်စိတ်ဓာတ်ကို မဖြိုခွဲနိုင်ဘူးဆိုတာ သူတို့ နားလည်သင့်တယ်”

မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းနေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA က မရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် မေ ၃ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁ဝ၅၁၇ ယောက် ရှိပါတယ်။

အဲဒီထဲမှာ သားသမီးကို မမိလို့၊ ခင်ပွန်းဖြစ်သူကို မမိလို့ဆိုပြီး ကျန်ခဲ့တဲ့ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးစတဲ့ မိသားစုတွေကို စစ်ကောင်စီက ဖမ်းဆီးထားတာကြောင့် အရွယ်မရောက်သေးတဲ့ လသားအရွယ်ကလေးသူငယ်တွေကစလို့ သက်ကြီးရွယ်အိုတွေအထိ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေထဲ ရောက်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။