ဖမ်းဆီးခံ လက္ကာရွာသားတွေရဲ့ မိသားစုတွေ ဆင်းရဲကျပ်တည်းနေ
2021.07.14
ရခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ရခိုင်ပြည် နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို နှစ်နှစ်ကျော်ကြာတဲ့အထိ အမိန့်မချသေးပါဘူး။ မိသားစု တွေဟာ အခုလက်ရှိ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး အမှုရင်ဆိုင်နေရသူတွေကိုတောင် သွားမတွေ့နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။
အကြမ်းဖက်ဥပဒေနဲ့ နှစ်နှစ်ကျော်အကြာ တရားရင်ဆိုင်နေကြရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လက္ကာရွာသား ၂၂ ဦးဟာ အိမ်ထောင်ဦးစီး အမျိုးသားတွေဖြစ်တာကြောင့် ကျန်ခဲ့တဲ့ ဇနီးသည်တွေနဲ့ သားသမီး တွေဟာ စားဝတ်နေရေးခက်ခဲနေသလို၊ ထောင်ဝင်စာအတွက်ပါ အကူအညီလိုအပ်နေတယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
အဖမ်းခံရသူတစ်ယောက်ရဲ့ဇနီးဖြစ်တဲ့ မချိုချိုသန်းက သူ့မိသားစု ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ် ဆိုတာ အခုလိုပြောပါတယ်။
“သူမရှိတဲ့နောက် တော်တော်လေးကို အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ရုံးချိန်းလည်းသွားနေရတယ်။ ထောင်ဝင်စာလည်း ပို့နေရတယ်။ အိမ်ကလည်း မဆောက်ရသေးဘူး။ သားကလည်း ကျောင်းတက်နေပြီ။ အလုပ်အကိုင်လည်းမရှိဘူး။ အခုက သူများက ချေးလို့ ငှားလို့ပဲ ရင်ဆိုင်နေရပါတယ်။ ကိုယ့်မှာက မရှိဘူး လေ။ ရောင်းချစရာလည်းမရှိတော့ဘူး။ ဒီကတော့ ဒီဖက်အခြမ်းကမိုးယိုတယ်။ ဟိုကခြမ်းကတော့ မိုးမယို ဘူး။ မိုးယိုလာရင် ကလေးကိုသိပ်ထား။ ကျွန်မကတော့ထိုင်နေရပါတယ်။ မိုးမယိုတဲ့ဘက်ကို သားကို ထားတယ်လေ။ ကျွန်မက တော့ မိုးယိုတဲ့ဘက်မှာနေရတယ်”
မချိုချိုသန်းရဲ့ အမျိုးသား ဦးခင်မောင်ဝင်း အပါအဝင် လက္ကာရွာသား ၂၇ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ရွာအနားမှာဖြစ်ခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြီး စစ်တပ်က ဖမ်းခေါ်သွားတာဖြစ် ပါတယ်။
အဲဒီလူတွေထဲက ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးကတော့ စစ်ကြောရေးမှာပဲ သေဆုံးသွားပြီး အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးက ပြီးခဲ့တဲ့ မေလထဲမှာ အမှုရုပ်သိမ်းပေးတာခံရတဲ့ အတွက် လွတ်မြောက်ခဲ့ပါတယ်။
မချိုချိုသန်းရဲ့ အမျိုးသားအပါအဝင် ကျန်နေတဲ့ ရွာသား ၂၂ ဦးကတော့ အခုအချိန်အထိ အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ စစ်တွေအကျဉ်းထောင်ကနေ တရားရင်ဆိုင်နေရတာ နှစ်နှစ် ကျော်ပြီဖြစ်ပါတယ်။
မချိုချိုသန်းဟာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဖြစ်သူ တရားရုံးချိန်းကိုသွားဖို့၊ ထောင်စင်စာပေးဖို့နဲ့ မိသားစု စားဝတ်နေရေးအတွက် စစ်တွေမြို့မှာ ကျောက်ထမ်းတဲ့အလုပ်ကို နှစ်နှစ်လောက်လုပ်နေခဲ့ပါတယ်။ အခုတော့ အလုပ်အကိုင်တွေရှားပါးသွားတဲ့အတွက် ရွာမှာပဲ သားနဲ့အတူ နေနေတယ်လို့ မချိုချိုသန်းက ပြောပါတယ်။ အလုပ်မရှိ ဝင်ငွေမရှိလို့ ပျက်စီးနေတဲ့အိမ်ကိုလည်း မပြုပြင်နိုင်သေးသလို စားရေး၊ သောက်ရေးအတွက်လည်း တော်တော်လေးကို အခက်အခဲဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။
သူ့လိုပဲ ဖမ်းဆီးတရားစွဲခံထားရတဲ့ လက္ကာရွာက အသက် ၃၇ နှစ်အရွယ် ဦးခင်မောင်စိုးရဲ့ဇနီး ဒေါ်သိန်းမယဉ် ကလည်း သူ့မှာပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေလည်း တစ်ခုမှမရှိတော့သလို ထောင်ဝင်စာလည်း သွားပေးနိုင်တော့ မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“အခုဆိုရင် သူတို့ကနေမကောင်းဘူး ဆေးတွေမှာတယ်။ စားစရာတွေမရှိဘူး။ ဝတ်စရာအဝတ်တွေ မရှိဘူး။ အဲဒီလိုမှာတယ်။ ဒီကမိန်းမတွေလည်း ဘယ်သူမှမသွားနိုင်ကြတော့ဘူး။ ကျွန်မဆိုရင် နေ့တိုင်းပဲ ဒီမှာထိုင်ပြီး ငိုနေရပါတယ်။ ကျွန်မမှာ ဘာမှာမရှိတော့ဘူး။ အရင်တုန်းကဆိုရင် ကျွန်မမှာ လက်စွပ်တွေ၊ လက်ကောက်တွေ ရှိ တယ်။ အကုန်လုံးရောင်းပစ်လိုက်ရပြီ။ ဒါလေးက ကျွန်မရဲ့ အိမ်ထောင်ဦး နားကပ် လေးပါ။ ပိုက်ဆံလေးသောင်းပဲတန်ပါတယ်။ အဲဒါတစ်ခုပဲရှိတော့တယ်။ တခြားဘာမှမရှိတော့ဘူး။ အရင် တုန်းကတော့ ရှိတာလေးတွေကို ထုခွဲပြီးရောင်းလို့သွားတယ်။ အခုကတော့ ကျွန်မမှာ သွားစရာလည်း မရှိတော့ဘူး။ ရောင်းစရာလည်း မရှိတော့ပါဘူး”

လင်ယောကျ်ားရှိတုန်းကဆိုရင် မိမိပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေတွေမှာ လုပ်ကိုင်စားသောက်နိုင်လို့ စားဝတ်နေ ရေးအတွက် ပူပင်စရာမလိုခဲ့ ပေမယ့် အခုတော့ သူများပေးတာကမ်းတာနဲ့ပဲ ဖြစ်သလိုစားသောက်နေရတယ် လို့လည်း ပြောပြပါတယ်။
အလားတူ ဒေါ်ခိုင်စိန်လှ ဟာလည်း အမျိုးသားဖြစ်သူ ဦးမောင်သန်းဌေး အချိန်နှစ်နှစ်ကျော်အကြာ ဖမ်းဆီး တရားစွဲ ခံနေရတာကြောင့် အရွယ်မရောက်သေးတဲ့ ကလေးလေးယောက်နဲ့အတူ ဘဝကို ရုန်းကန်နေရ ပါတယ်။
အမျိုးသားဖြစ်သူကို ဖမ်းဆီးသွားပြီးနောက် ပီပင်ရင်းဒုက္ခသည်စခန်းမှာ အချိန် နှစ်နှစ်လောက်အထိ ခိုလှုံနေ ထိုင်ခဲ့ရပြီး အခုတော့ ကိုယ့်ရွာကိုယ်ပြန်ပြီး နေထိုင်နေတာပါ။
အခုလို အမျိုးသား ဖမ်းဆီးတရားစွဲခံနေရတဲ့အချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးလေးယောက်နဲ့ အတူ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်လို့ ဒေါ်ခိုင်စိန်လှက RFA ကိုအခုလိုပြောပြပါတယ်။
“အိမ်ကို ပြန်လာတဲ့အချိန်မှာ အိမ်အောက်မှာပဲ အိပ်နေခဲ့ရတယ်။ အိမ်ခန်းတွေက အားလုံးပျက်စီးသွားပြီ။ ပြုပြင်လို့လည်းမရတော့ဘူး။ မိသားစုတွေက ဟိုလူနည်းနည်း၊ ဒီလူကနည်းနည်း ဝိုင်းဆောက်ပေးလို့ နေနေရပါတယ်။ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရောင်းချပြီးသွားရတာပါပဲ။ ပြီးရင် သမီးတွေက စာသင် တယ်။ အခုဆိုရင် ရောင်းချစရာလည်းမရှိတော့ဘူး။ အခက်အခဲက စားရေး၊ သောက်ရေး ကလေးတွေ စာသင်ဖို့ အဲဒါတွေကအစ အားလုံးခက်ခဲသွားပါတယ်”
လက္ကာရွာကနေ စစ်တွေမြို့ကို ရုံးချိန်းတစ်ခါသွားရင် အနည်းဆုံး ငွေကျပ် သုံးသောင်းကျော်အထိကုန်ပြီး အခုတော့ အဲဒီငွေကိုလည်း မတတ်နိုင်တော့တဲ့အတွက် ရုံးချိန်းကိုလည်း မသွားနိုင်တော့ဘူးလို့ ဒေါ်ခိုင်စိန်လှ က ဆိုပါတယ်။
"ကျွန်မတို့ယောကျာ်းတွေမှာ အပြစ်မရှိပါဘူး။ မြန်မြန်လေးလွှတ်ပေးကြပါ"
ဒေါ်ခိုင်စိန်လှရဲ့ အမျိုးသားအပါအဝင် ဖမ်းဆီးတရားစွဲခံနေရဆဲဖြစ်တဲ့ ရွာသား ၂၂ ယောက်စလုံးကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေတပ်နယ်က ဗိုလ်ကြီး ထင်လင်းနဲ့ အမှတ်-၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်မျိုးဝင်းတို့က တရားလိုလုပ်ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နဲ့ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ-၂ (၁) နဲ့ စစ်တွေ ခရိုင်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးတရားစွဲခံထားရတဲ့သူအားလုံးဟာ မိသားစုကို ရိုးရိုးသားသား လုပ်ကိုင်ရှာကျွေးနေတဲ့သူတွေဖြစ်ပြီး အခုဆိုရင် သူတို့ရဲ့မိသားစုတွေအားလုံးဟာလည်း ဒုက္ခနဲ့ရင်ဆိုင်နေကြရတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဒေါ်သိန်းမယဉ် က ပြောပါတယ်။
“ကျွန်မ အမျိုးသားအပါအဝင် လက္ကာရွာက ဖမ်းသွားတဲ့သူတွေမှာ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ အမှန် တကယ် ရွာသားတွေပါ။ အခုမိုးရာသီလည်းရောက်နေပြီ စားစရာလည်းမရှိဘူး။ နေစရာလည်းမရှိဘူး။ ကျွန်မတို့ရော တခြားသူတွေရော အကုန်လုံးဒုက္ခရောက်နေကြပါတယ်။ အမြန်ဆုံးလွှတ်ပေးပါလို့ အထက် ကလူကြီးတွေကို ဒီနေရာကနေ ကျွန်မမေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ယောကျာ်းတွေမှာ အပြစ်မရှိပါဘူး။ မြန်မြန်လေးလွှတ်ပေးကြပါလို့ ကျွန်မအနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်”
အခုလို လက္ကာရွာသား ၂၂ ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေတောင်းဆိုနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ကို RFA က မေးမြန်းခဲ့ရာမှာ အဲဒီကိစ္စတွေဟာ ပြည်ထောင်စု ဗဟိုအဆင့်ကနေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် မှတ် ချက်မပေးလိုဘူးလို့ ပြောပါတယ်။
လက္ကာရွာသားတွေကို စွဲထားတဲ့အမှု သုံးမှုမှာ၊ နှစ်မှုက စစ်ဆေးပြီးစီးသွားပြီဖြစ်ပေမယ့် တရားရုံးကနေ အမိန့်မချဘဲ ဆိုင်းငံ့ထားတယ်လို့ သူတို့ရဲ့ရှေ့နေ ဦးအောင်စစ်မင်း က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း AA နဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲခံထားရသူ ၂၀၂၀ ခုနှစ် သြဂုတ်လအထိ ၂၇၆ ဦးရှိတယ်လို့ ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။