အစားအစာကြောင့် သေဆုံးနေကြသူများ သို့မဟုတ် မြန်မာပြည်


2019.05.05
night-market-622.jpg ရန်ကုန်မြို့ ကမ်းနားလမ်းက ညဈေးတန်းကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

မြန်မာပြည်မှာ ဆင်းရဲသူရော ချမ်းသာသူတွေပါ အဟာရချို့တဲ့နေကြပါတယ်။ ကမ္ဘာနဲ့ အလှမ်းကွာခဲ့တဲ့ အကျိုးဆက်တွေကို ဦးခင်မောင်စိုးက ရိုက်တာ သတင်းဌာနက သင်းလဲ့ဝင်း ရဲ့ ဆောင်းပါး နှစ်ပုဒ်အပေါ် အခြေခံပြီး တင်ပြထားပါတယ်။

ကျွန်တော် မြန်မာပြည်ကနေ အနှစ် ၂ဝ လောက်ဝေးကွာပြီး ပြန်ရောက်တဲ့အခါ ချက်ချင်းဆိုသလို သတိထားမိတာကတော့ မြန်မာပြည်က ဒီကနေ့ လူငယ်တွေရဲ့ အရပ်အမောင်းဟာ အရင်ကထက် အများကြီး သေးငယ်သွားပြီး ကြုံလှီနေကြတဲ့ အချက်ပါပဲ။ မိမိတို့ ဝင်ငွေနဲ့ အဟာရပြည့်ဝအောင် စားသုံးနိုင်ခြင်း မရှိတဲ့ ပြဿနာဟာ လူမျိုးတစ်မျိုးရဲ့ ခန္ဓာကိုယ်အနေအထားကို ထိခိုက်နေပါပြီ။

နောက်ထပ် အံသြစရာကောင်းတာက ငွေကြေးတတ်နိုင်လို့ ထမင်းဆိုင်တွေမှာ နေ့စဉ်လိုလို ဝယ်ယူစားသုံးနေကြသူ အများစုဟာလည်း အဝလွန်ပြီး ကျန်းမာရေး နိမ့်ကျနေတဲ့ အချက်ဖြစ်ပါတယ်။

ကောက်ချက်ဆွဲရင် ဒီနေ့ မြန်မာပြည်မှာ ဆင်းရဲသူတွေက အဟာရပြည့်အောင် မစားသုံးနိုင်ကြသလို ချမ်းသာသူတွေကလည်း ကျန်းမာရေးနဲ့ ကိုက်ညီအောင် မစားသုံးနိုင်ကြဘူးလို့ ပြောရပါလိမ့်မယ်။

ဒါဆို ကျွန်တော်တို့ ဘာတွေမှားနေကြပြီလဲလို့ စဉ်းစားသင့်ပါပြီ။ ဒီရက်ပိုင်းအတွင်း သင်းလဲ့ဝင်း ဆိုသူ ရေးသားတဲ့ ရိုက်တာ ဆောင်းပါးတစ်ပုဒ်မှာတော့ မြန်မာပြည်သူတွေရဲ့ နေ့စဉ်အစားအစာမှာ ကယ်လိုရီသိပ်များတဲ့ ဆန်ကိုပဲ အဓိကထားပြီး စားသုံးနေတာကို ထောက်ပြထားပါတယ်။ သာမန်အားဖြင့် ဘိုးစဉ်ဘောင်ဆက် ထမင်းကို ဟင်းနည်းနည်းနဲ့ စားလာကြတဲ့ မြန်မာလူထုအတွက် ဒီအချက်ကို လက်ခံဖို့ ခက်နိုင်ပေမယ့် ကမ္ဘာတစ်ခွင်မှာတော့ အဲဒီ ဆန်တွေ ဂျုံတွေထက် ပဲ၊ အာလူး စတဲ့ တခြားဟင်းသီးဟင်းရွက်တွေကို ကျွန်တော်တို့ မြန်မာတွေထက်ပိုပြီး များပြားစွာ စားသုံးနေကြပါပြီ။ အသားကိုတောင် သိပ်များများစားရင် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ သိလာကြတဲ့အတွက်  အရင်ကထက်လျှော့ပြီး စားနေကြပါတယ်။

ဒီနေရာမှာ စပါးကို အဓိကထား စိုက်ပျိုးနေကြတဲ့ အချက်ကိုလည်း ပြင်ဖို့လိုနေပါတယ်။ လယ်သမား တစ်ယောက်ကတော့ စပါးစိုက်မှပဲ အစိုးရထံက ထောက်ပံကြေးရတာလေ၊ တခြား သီးနှံစိုက်ရင် အဲဒီလို မရဘူးလို့ ပြောပါတယ်။ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ တခြားသီးနှံတွေ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ အဆင့်အတန်း မြင့်မားတဲ့ ဓါတ်မြေသြဇာတွေ သုံးစွဲရေး၊ သားငါးမွေးမြူရေးစနစ်တွေ ပိုမိုကောင်းမွန်ရေး စတာတွေအတွက် နိုင်ငံခြားတိုင်းပြည်တွေ၊ အဖွဲ့ အစည်းတွေရဲ့ အကူအညီလိုအပ်ပါတယ်လို့  စိုက်ပျိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က ပြောပါတယ်။ တကယ်တော့ နှစ်ပေါင်းများစွာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှု၊ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်မှုတွေဟာ ဒီနေ့ မြန်မာပြည်သူတွေ နေ့စဉ်စားသုံးနေကြတဲ့ စားသုံးဆီတွေ၊ ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်စတဲ့ အစားအစာတွေရဲ့ အန္တရာယ် ကင်းရှင်းမှု၊ အဟာရ ပြည့်ဝမှုတွေကို လာရောက်ထိခိုက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော် အရင်လက မြန်မာပြည်ကို ထပ်ပြီးရောက်တော့ ဒေါင်ဒေါင်မြည်နေရမယ့် လူငယ်တွေမှာတောင် ကျန်းမာရေး ချူချာနေကြတာကို သတိထားမိပါတယ်။ မြန်မာပြည်က မိန်းကလေးငယ် သုံးဦးမှာ တစ်ဦးက သံဓါတ်ချို့ယွင်းနေပြီး အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး ငါးဦးမှာ တစ်ဦးက အလေးချိန်ပိုများနေတယ်လို့ အစိုးရ သုတေသနပြုချက်အရ သိရပါတယ်။ ဒါကြောင့် အကျိုးဆက်အဖြစ် သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါပေါင်းစုံကို လူထုက ခံစားနေရပြီလို့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ မြန်မာပြည်က လူဦးရေတစ်ဝက်ကျော်ဟာ အဟာရ ပြည့်ဝစွာ မစားနိုင်ကြသလို တစ်ပြိုင်နက်မှာ ဝက်အူချောင်း၊ ဝက်သားခြောက်၊ သစ်သီးခြောက်၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ် စတာတွေလို မွမ်းမံပြင်ဆင် ထုတ်လုပ်ထားတဲ့ အစားအစာတွေနဲ့ ဆီတွေ၊ အချိုဓါတ်တွေကို အရင်ကထက် ပိုမိုစားသောက်လာနေကြတယ်လို့ သူက သတိပေးပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာန အရာရှိ ဦးမင်းစံသိန်း ဆိုသူကလည်း တခြား အဟာရပြည့်ဝတဲ့ သီးနှံတွေ ပိုမိုစိုက်ပျိုးဖို့လိုတယ်။ ဥပမာအားဖြင့် တောတောင်တွေထဲမှာ အရင်က အလေ့ကျပေါက်နေတဲ့ ဇီးဖြူသီးတွေမှာ ဗီတာမင် စီ ဓါတ်ကြွယ်ဝလှပါတယ်။ ဒါပေမဲ့ အခုဆို အဲဒီလို သီးနှံပင်တွေ မမြင်ရသလောက်ဖြစ်နေပြီလို့ ပြောပါတယ်။

ဆီမပါရင် မစားတတ်သလောက်ဖြစ်နေတဲ့ ဒီကနေ့ မြန်မာပြည်လူထုအတွက် စားသုံးဆီဟာ အဓိက ရန်သူတစ်ယောက်ပါ။ ရောနှောရောင်းချနေတဲ့ ဆီတွေမှာ ဘာတွေပါသလဲဆိုတာတောင် လူထုက ဂရုမစိုက်နိုင်ကြတော့ပါဘူး။ ဈေးပေါပြီး အလွယ်ရတဲ့ ဆီတွေကိုပဲ ဝယ်ယူသုံးစွဲနေကြပါပြီ။ တစ်နေ့တခြား ကင်ဆာရသူတွေ၊ နှလုံးသွေးကြောကျဉ်းသူတွေ များလာနေရတဲ့ အချက်တွေထဲမှာ စားသုံးဆီတွေရဲ့ အရည်အသွေးနဲ့ သုံးစွဲပမာဏ များပြားတာလည်း မုချပါဝင်နေတယ်လို့ ပြောနိုင်ပါတယ်။ ရိုက်တာ ဆောင်းပါးရှင် ကတော့ မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါရသူတွေ ပိုများလာနေတာကို တင်ပြထားပါတယ်။

ကဲ ကျွန်တော်တို့ ဘာတွေ ဘယ်လိုစားသောက်ကြမှာလဲ။ စဉ်းစားဖို့ အချိန်လွန်နေပြီဖြစ်ပေမယ့် မြန်မြန်စဉ်းစားပြီး မြန်မြန်ပြုပြင်ကြမယ်ဆိုရင်တော့ ပိုမိုကျန်းမာလာကြမှာ မုချပါပဲ ခင်ဗျာ။

(ခင်မောင်စိုး)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။