သမိုင်းဝင် အတွင်းဝန်ရုံးမှာ အနှိပ်ခန်းဖွင့်မှာကို ကန့်ကွက်နေကြ


2019.10.31
debeau-622.jpg အတွင်းဝန်ရုံးဟောင်းနေရာမှာ ဖွင့်လှစ်ထားတဲ့ Dé Béau Wellness Centre ကို တွေ့ရစဉ်
Photo: Dé Béau Wellness Centre

နှစ်ပေါင်း ၁၂၀ လောက်ရှိသွားပြီဖြစ်တဲ့ အရင်အတွင်းဝန်ရုံးဟောင်းနေရာမှာ ဖွင့်လှစ်ထားတဲ့ Dé Béau Wellness Centre နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကွင်းဆင်း စစ်ဆေး ဖို့ လိုအပ်ကြောင်း ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြထားကြပါတယ်။

အတွင်းဝန်ရုံးဟောင်းထဲမှာ ဖွင့်လှစ်ထားတာတွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးပေးဖို့ကိုလည်း ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်ဆီ ကိုလည်း အကြောင်းကြားစာ ပို့ထားတယ်လို့ ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးအောင်ထူး က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းက နိုင်ငံပိုင်အဆောက်အအုံတချို့ကို ပြတိုက်တွေ၊ ဟိုတယ်တွေအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့အတွက် နှစ်ရှည်ငှားရမ်းခွင့် လေလံတင်ရာမှာ အတွင်းဝန်ရုံးဟောင်းကို နေပြည်တော် အာဏာရှိသူတချို့နဲ့ နီးစပ်တယ်လို့ သတင်းထွက်တဲ့ အနော်မာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းကတော့ အများထင်မြင် ပြောသလို အနှိပ်ခန်းမဟုတ်သလို Spa လည်း မဟုတ်ကြောင်း၊ ကျန်းမာရေးစင်တာ တစ်ခုအနေနဲ့ ဖွင့်လှစ်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။


စင်္ကာပူအခြေစိုက် Dé Béau Wellness Centre ကတော့ ရန်ကုန်လုပ်ငန်းခွဲမှာ တရုတ်ရိုးရာကုထုံးတွေ၊ မြန်မာနိုင်ငံက နာမည်ကြီးကုထုံးတွေကို ပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးနေတယ်လို့ သူတို့ရဲ့ Facebok စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

လာရောက်ဖွင့်လှစ်တဲ့ De Beau Wellness Centre Myanmar ဆိုတဲ့အမည်နဲ့ စင်္ကာပူနိုင်ငံက တရုတ်လုပ်ငန်းရှင် တစ်ဦးက ဖွင့်လှစ်တာဖြစ်ပြီး သူဟာ စင်္ကာပူကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ RFA က အဲဒီလုပ်ငန်းတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဝန်ကြီးများရုံးဖြစ်ခဲ့တဲ့ အတွင်းဝန်ရုံးဟောင်းနေရာက ကိုလိုနီနယ်ချဲ့ခေတ်က အင်္ဂလိပ်အစိုးရရုံးစိုက်တဲ့နေရာဖြစ်ပြီး၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ကိုးဦး ကျဆုံးခဲ့တဲ့ေနရာလည်း ဖြစ်ပါတယ်။

ဒီလိုသမိုင်းအစဉ်အလာကြီးမှားတဲ့ နေရာမျိုးမှာ အခုလို ကျန်းမာရေးစင်တာဖြစ်ဖြစ် အနှိပ်ခန်းဖြစ်ဖြစ် ဖွင့်လှစ် တာကိုတော့ မလုပ်သင့်ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသန်းနိုင်ဦး က ပြောပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုလည်း အနုပညာရှင်အချို့အပါအဝင် စည်ပင်ရွေးကောက်ပွဲမှာ အမှတ် ၃ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာရှင် ထက်ထက်ထွန်း လည်း ပါဝင်တယ်လို့ မှတ်တမ်းဓာတ်ပုံတခုမှာ တွေ့ရပါတယ်။

အဲဒီ ကျန်းမာရေးစင်တာမှာ လူတစ်ယောက်ကို သုံးနာရီ ဝန်ဆောင်မှုအတွက် ၅၅ ဒေါ်လာကနေ ဒေါ်လာ ၁၃၀ အထိ ဝန်ဆောင်ခ သတ်မှတ်ထားပြီး ဒေါ်လာ ၁၀၀၀ အထိ သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုလည်း ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။