ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလောခရီးစဉ်တွေအပေါ်သုံးသပ်ချက်များ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားဒေသတွေကို သွားရောက်နေတဲ့ ဒီရက်ပိုင်း ခရီးစဉ်တချို့ဟာ ကြားဖြတ်ရွေးကောက်ပွဲနီးနေတာကြောင့် မဲဆွယ်တဲ့သဘောဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
-
2018-10-26 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားဒေသတွေကို သွားရောက်နေတဲ့ ဒီရက်ပိုင်း ခရီးစဉ်တချို့ဟာ ကြားဖြတ်ရွေးကောက်ပွဲနီးနေတာကြောင့် မဲဆွယ်တဲ့သဘောဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ဒီနေ့မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံ၊ ညောင်ဦးကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး အဲဒီကမှတဆင့် ရဟတ်ယာဉ်နဲ့ ကန်ပက်လက်မြို့ကို သွားရောက်တာလို့ သိရပါတယ်။
ကန်ပက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်နေရာ လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိပါတယ်။ အဲဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။
NLD ပါတီကနေပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ ကန်ပက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံခင်ဟာ ကွယ်လွန်သွားတာကြောင့် အဲဒီလစ်လပ်နေရာအတွက် ပြန်လည်ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲက လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒီအပေါ်မှာ ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် က ကြားဖြတ်ရွေးကောက်ပွဲကြောင့် လာတယ်လို့မြင်ကြောင်း အခုလို ပြောပါတယ်။
"ရွေးကောက်ပွဲက ရက်ပိုင်းပဲ လိုတော့တယ်လေ၊ ဒီကိစ္စနဲ့ ကန်ပက်လက်ကို လာတယ်လို့ ထင်တာပဲ၊ ဒီအတွက်ပဲ လာတယ်လို့ မြင်တယ်၊ တစ်ခြားကိစ္စလည်း ရှိချင်ရှိမှာပေါ့၊ ဒါပေမဲ့ ကျနော်တို့ကတော့ ကြားဖြတ်ရွေးကောက် ပွဲကြောင့် လာတယ်လို့ပဲမြင်တယ်လေ"
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ် ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် နေရာဖြစ်နေတဲ့အတွက် အခုလို တိုက်ဆိုင်မှုတွေအပေါ် ဝေဖန်နေ ကြသူတွေလည်း ရှိပါတယ်။
အဲဒီလို တိုင်းရင်းသားဒေသ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က အခုလို သုံးသပ်ပါတယ်။
"ကချင်မှာလည်းပဲ ကြားဖြတ်ရှိတာကိုး၊ အဲဒီကိုလည်းဘဲ သူသွားလိုက်တယ်၊ အခု ချင်းကျတော့လည်း ကြားဖြတ် ရှိတဲ့ဆီပဲသွားတယ်၊ တကယ့်ကို သူ့ရဲ့လုပ်ငန်းစဉ် အမှန်အတိုင်းသာဆိုလို့ရှိရင် ကြားဖြတ်ရွေးကောက်ပွဲ မလုပ် တဲ့ဒေသတွေ အလားသဏ္ဍန်တူသော ပြည်နယ်တွေရှိတယ်လေ၊ ဒီလိုဒေသတွေလည်းဘဲ သွားလို့ရှိရင်တော့ ပြည်သူအမြင်ရှင်းတာပေါ့၊ ဒါ့ကြောင့် ပြည်သူအမြင်ရှင်းစေဖို့အတွက်ကို သွားတာလာတာကို ဆောင်ရွက်သင့် တယ်လို့လည်း အကြံပြုလိုပါတယ်ဗျာ"
နိုင်ငံတော်အတိုင်ပင်ခံရဲ့ တိုင်းရင်းသားဒေသ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
အတိုင်ပင်ခံရဲ့ ဒီနေ့ ခရီးစဉ်ကို လိုက်ပါမသွားပဲ ရုံးမှာစောင့်ဆိုင်းရင်း ကျန်နေခဲ့ရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုး က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို အခုလို ပြောပါတယ်။
"ဘာကြောင့်လာလဲဆိုတော့ ကျနော်တို့ ချင်းပြည်နယ်ကို တိုးတက်ဖွံ့ဖြိုးစေချင်လို့ ကျနော်တို့ရဲ့ အနေအထားကို လာကြည့်တာလို့ ယူဆတယ်၊ အရင်တုန်းကတော့ ဟားခါးတို့ မြို့တော်တော်များများ ရောက်ဖူးတယ်၊ အဲဒီ ကန်ပက်လက် မရောက်ခဲ့လို့ ဦးစားပေးသွားတယ်ထင်တာပဲ၊ ရွေးပြီးတော့သွားတာလား အဲဒါတော့ ကျနော်လည်း အတိအကျမပြောတတ်ဘူးခင်ဗျ"
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ရင် သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီး ရွေးကောက်တင်မြှောက် ခန့်အပ်ခံရတဲ့နေ့ကစပြီး ပါတီလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်ခြင်း မပြုရဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့အတွက် အခုလို ဝေဖန်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ဝိတိုရိယတောင် (ခေါ်) နတ်မတောင်ပေါ်ကိုလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူပြီးနောက်ပိုင်း ချင်းပြည်နယ်ကို ပထမဆုံး လာရောက်တာလည်းဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာတွေအတွက် မတူပီနဲ့ တမူး မဲဆန္ဒနယ်တွေမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားဖို့ ရှိပါတယ်ရှင်။