ဒေါ်အောင်ဆန်းစုကြည် သဘောထားနဲ့ ပတ်သက်တဲ့ ကောလာဟလကို ဘာကြောင့်ဖြန့်နေကြတာလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.09.20
ဒေါ်အောင်ဆန်းစုကြည် သဘောထားနဲ့ ပတ်သက်တဲ့ ကောလာဟလကို ဘာကြောင့်ဖြန့်နေကြတာလဲ ၂ဝ၂၁ မတ်လက ရန်ကုန်မြို့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ပိုစတာ ကိုင်ဆောင်ထားသူတစ်ဦး။
Photo: AFP

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မကြာခဏပေါ်ထွက်လာလေ့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်တွေ တွေ့ဆုံ ဆွေးနွေးနေပြီ စသဖြင့် ရေးသားဖြန့်ဝေတဲ့စာတွေကို ဖေ့စ်ဘွတ်အပါအဝင် နည်းမျိုးစုံနဲ့ မြင်ရကြားရလေ့ ရှိပါတယ်။

အခုရက်ပိုင်း နောက်ဆုံးထွက်လာတဲ့ ကောလာဟလကတော့ ဒေါ်အောင်ဆန်းစုကြည်က CRPH ပြည်ထောင် စု လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဆန့်ကျင်တယ်ဆိုတဲ့ စကားပါပဲ။ ဒီစကားကို ယုံကြည်သူတွေထဲမှာ တိုင်းရင်းသားတချို့ လည်း ပါဝင်ခဲ့ပါတယ်။ ဝေဖန်သူတချို့ကတော့ လက်ရှိတော်လှန်ရေးမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG အစိုးရ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြတာကို အာဏာရှင်အုပ်စုဟာ အကြီးအကျယ် စိုးရိမ်နေတဲ့အတွက် သွေးခွဲသပ်လျှိုဖို့ကြိုးစားနေတယ်လို့ ရှုမြင်ကြပါတယ်။

ဒီကောလာဟလနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမအနေနဲ့ ပြည်သူလူထု စိတ်ဓာတ်ကျစေမယ့် စကား၊ လူထုစိတ်ဆင်းရဲမယ့် စကားမျိုးကို သူဘယ်တော့မှ ပြောမှာမဟုတ်ဘူးလို့ ရှေ့နေတွေကို မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေး အကဲခတ်သူတဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ဒီစကားဟာ ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး ရပ်တည်ခဲ့တဲ့ သဘောထားပါပဲလို့ ပြောပါတယ်။

“ဘယ်ပေါ်လစီတွေ ဘယ်မူဝါဒတွေ သုံးသုံး လူထုကထောက်ခံသလား မထောက်ခံဘူးလားဆိုတာ ဒေါ်စုရဲ့ အခြေခံရပ်တည်ချက်ပဲ။ ဒီရပ်တည်ချက်ပေါ်မှာပဲ ဒေါ်စု ဆက်လက်ရပ်တည်သွားလိမ့်မယ်လို့ ကျနော် ယုံပါတယ်။ ဒီနေ့ကာလ လွှတ်တော်ကော်မတီဖွဲ့တာတို့၊ NUG ဖွဲ့တာတို့ လုပ်ခဲ့သမျှတွေအားလုံးက လူထု က ထောက်ခံတဲ့ကိစ္စဖြစ်တယ် မှန်တယ်ဆိုရင် ဒေါ်စုက တောက်လျှောက် ထောက်ခံလိမ့်မယ်၊ ဆက်လက် ပြီး ထောက်ခံသွားလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။”

ဒီကောလာဟလကို ဘယ်သူတွေက ထုတ်လွှင့်ခဲ့တာလဲ။

“အခု ၇ ရက်နေ့က NUG ကနေ တပြည်လုံး တိုက်ခိုက်ကြဖို့ တရားဝင်ကြေညာလိုက်ပြီးနောက်မှာ မြို့ပြ ရော တောတွေမှာပါ ပေါက်ကွဲသံတွေ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ပြီးဖြစ်နေတယ်။ အဲလို ဖြစ်နေတဲ့အချိန်မှာ ဒီတော်လှန်ရေး လှိုင်းတံပိုးကြီး တက်လာမှာကို စိုးရိမ်နေတဲ့ စကစ ဘက်ကနေပြီး၊ ဒေါ်စုက ဒီလိုလက်နက်ကိုင် အကြမ်းဖက်တော်လှန်ရေးကို လက်မခံဘူး မထောက်ခံဘူးဆိုတဲ့ အာဘော် ကိုဖြန့်ဖြူးဖို့အတွက် ဒီလိုစကားလုံးတွေကို ထုတ်သုံးလာတာ ဖွလာတာလို့ ကျနော်တို့က ယုံကြည်ပါတယ်”

တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းကတော့ စစ်တပ်အာဏာသိမ်းမှာကို ကြိုသိတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းထိန်က တဆင့် ထုတ်ပြန်ဖို့ပြောထားခဲ့တဲ့ အမှာစကားကို ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့ တသားတည်းရှိနေမှာပဲလို့ ဝေဖန်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းတော့မယ်ဆိုတာ သိတဲ့အချိန် မိနစ်ပိုင်းမှာ ဦးဝင်းထိန်ကို ပေးခဲ့တဲ့စာမှာ တိုင်းသူပြည်သားတွေအပေါ် မတရားတဲ့နည်းနဲ့ လုပ်တဲ့ကိစ္စတွေကို ရတဲ့နည်းနဲ့ဆန့်ကျင်ဖို့ ပြောပြီးသားဖြစ်တဲ့အတွက် ပြည်သူလူထုဆန္ဒနဲ့ အများက ကြိုးစားနေတဲ့ ဒီမိုကရေစီ ရရှိရေးတိုက်ပွဲမှာ သူ့အနေနဲ့ ပြည်သူ့လူထုဆန္ဒ အခုလုပ်ကိုင်နေသူတွေနဲ့ လွဲချော်ပြီးပြောမှာမဟုတ်ဘူး၊ ဒါကသူ့ရဲ့ တောက် လျှောက်ရပ်တည်ခဲ့တဲ့ သဘောထားပဲဗျ”

တဆက်တည်းမှာပဲ ဒီလိုကောလာဟလတွေ နောက်လည်း ပေါ်ထွက်လာမှာပဲလို့ သူကပြောပါတယ်။

“ကျနော်တို့တော်လှန်ရေးကြီး ပြိုကွဲသွားအောင်၊ ဇဝေဇဝါဖြစ်သွားအောင်၊ လူထုနဲ့ ဒေါ်အောင်ဆန်း စုကြည် ကြားထဲမှာဖြစ်ဖြစ်၊ တော်လှန်ရေးလုပ်နေသူတွေ အချင်းချင်းကြားမှာဖြစ်ဖြစ် တွေဝေသွားအောင် အားနည်းသွားအောင် သိမ်ငယ်သွားအောင် လုပ်တာတွေ တောက်လျှောက်လွှင့်နေမှာဘဲ။ ဒါတွေကို မယုံကြည်ဖို့ဘဲ လိုတယ် အားလုံးက လက်မခံဖို့ဘဲ လိုတယ်။”

သမဂ္ဂကျောင်းသားဟောင်းများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန်းလင်းကလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတာ သိရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သေချာတာက လူထုဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံထားရတာ ဖြစ်တဲ့ အတွက် လူထုရဲ့သဘောထားကို ကျော်လွန်ပြီး ဘာမှမလုပ်ဘူးဆိုတာ ကျနော်ယုံကြည်တယ်။ ကျနော်တို့ ပြည်သူတွေ မျှော်မှန်းရည်ရွယ်ထားတဲ့ ဒီအောင်ပွဲပေါ့လေ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ဖို့ အခင်းအကျင်းကို ပြည်သူတွေ ဦးစီးဦးဆောင်လုပ်ပြီးတော့ နိုင်ငံရေးအင်အားစုတွေနဲ့ သွားနေကြပြီ ဖြစ်တယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလူထုရဲ့သဘောထား ဒီလိုရှိတယ်ဆိုတာနဲ့ ဒီလို ဆက်သွားမှာပဲ ဆိုတဲ့ သဘောမျိုး ပြောလာတာဖြစ်တဲ့အတွက် ကျနော်က ဒီစကား မှန်တယ်ဆိုရင် အင်မတန်ဝမ်းသာစရာ ကောင်းတယ်။”

2021-02-28T093709Z_1057922753_RC2L1M9OBPFM_RTRMADP_3_MYANMAR-POLITICS.JPG
၂ဝ၂၁ ဖေဖော်ဝါရီလက ရန်ကုန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးရန် တောင်းဆိုဆန္ဒပြနေကြသူများအား တွေ့ရစဉ်။ (Photo: Reuters)

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ အာဏာသိမ်းစစ်အုပ်စု ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုးတက်ပြန့်ပွားမှုတွေကို စိုးရိမ်လာနေပြီလို့ ဝေဖန်ပါတယ်။

“ကျနော်တို့ရဲ့ တရားသောစစ်ပေါ့ဗျာ။ ခုခံတော်လှန်စစ်ကို ပုံပျက်အောင်လို့ သူတို့က ကြိုးစားတာပေါ့။ အဲဒီလို ကြိုးစားတာကို အဒေါ်အောင်ဆန်းစုကြည်က အခု ခြေဖျက်လိုက်ပြီ။ အခုလိုမျိုး ကောလာဟလ သတင်းတွေ ဖြန့်ဝေနေခြင်းကိုက အာဏာလု စစ်ကောင်စီဟာ တော်တော်လေး ကြောက်လန့်နေပြီဆိုတာ သက်သေပြနေတယ်လု့ိ ကျနော်ရှုမြင်ပါတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကောလဟလတွေကို မကြာခဏ ထုတ်လွှင့်နေသူတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန် ပြောဆိုချက်တွေကိုတော့ လတ်တလော မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။