ဒီမိုကရေစီအရေး ခုခံတိုက်ပွဲဝင်နေသူတွေအတွက် ဂုဏ်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ကျွန်မတို့က နှုတ်ပိတ်ခံနေရပေမယ့် ရှင်ကတော့ ပြောနိုင်ပါတယ်။ မြန်မာပြည်မှာ အမှန်ပကတိဖြစ်ပျက်နေတာတွေကို ကျေးဇူးပြုပြီး လူတိုင်းသိအောင်ပြောပေးပါလို့မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်လို့လည်း ရှောင်တာနဲလ် က ပြောပါတယ်။
-
ခင်မောင်စိုး
2022-12-07 -
-
-
မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ဒဏ်အပြစ်ပေးခံရပြီး မကြာာခင်က ပြန်လွတ်လာတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell)က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတွက် ခုခံတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ အထူးသဖြင့် လူငယ်တွေအတွက် အထူးဂုဏ်ယူနေတယ်လို့ သူ့ကို ပြောကြားခဲ့ကြောင်း အမေရိကန် NEWS 10 ABC သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
"ဒီစစ်တပ်ကိုတော့ ဘယ်လိုမှရင်ကြားစေ့လို့ မရတော့ဘူးဆိုတာ သူကပြလိုက်တဲ့ သတင်းစကားပဲ။"
မြန်မာပြည်သူတွေဟာ ဒီမိုကရေစီစနစ်ရဲ့အရသာကို ခေတ္တခဏတာမျှသာ ခံစားရရှိခဲ့ကြတာဖြစ်ပေမယ့်လည်း အဲဒီ ဒီမိုကရေစီအခွင့်အရေးတွေအတွက် စနစ်တကျပြင်ဆင်ပြီး အခုလို ခုခံတော်လှန်တိုက်ပွဲဝင်နေကြတာကို ဒေါ်အောင်ဆန်းစုကြည်က အလွန်ဂုဏ်ယူနေပါတယ်လို့ ပါမောက္ခ ရှောင်တာနဲလ်က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ကျွန်မတို့က နှုတ်ပိတ်ခံနေရပေမယ့် ရှင်ကတော့ ပြောနိုင်ပါတယ်။ မြန်မာပြည်မှာ အမှန်ပကတိဖြစ်ပျက်နေတာတွေကို ကျေးဇူးပြုပြီး လူတိုင်းသိအောင်ပြောပေးပါလို့လည်း သူ့ကို မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်လို့ ရှောင်တာနဲလ် က ပြောပါတယ်။
အခုလိုပြောဆိုလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူအစဉ်တစိုက်ခံယူခဲ့တဲ့ အကြမ်းမဖက်ရေး၊ စစ်တပ်နဲ့ ရင်ကြားစေ့ရေး ဆိုတဲ့မူတွေကို စွန့်လွှတ်လိုက်ပြီလားလို့ ပြည်တွင်းပြည်ပ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဒီလိုပြောခဲ့တယ်ဆိုတာ ဟုတ်မှန်ပါ့မလားလို့ စောဒက တက်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က တော်လှန်ပြည်သူတွေနဲ့သူ အတူရှိနေကြောင်း ရှင်းလင်းစွာအသိပေးလိုက်တာပဲလို့ ပြောပါတယ်။
“နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်က ပြည်သူရွေးထားတဲ့ အစိုးရကို သမ္မတကော ခေါင်းဆောင်တွေကို ဖမ်းထားပြီး မတရားထောင်ချတယ်။ အမှုဆင်တယ် အာဏာကို လုတယ်ပေါ့ဗျာ။ နိုင်ငံတော်ပုန်ကန်မှုကို စစ်တပ်ကျူးလွန်နေတာ အဲ့ဒါက ဘာနဲ့တူလဲဆိုတော့ ဒရဝမ်က ကိုယ့်အိမ်ရှင်ကို ပြန်ပြီးတော့ ဓားပြတိုက်နေတာ အဲ့ဒီတော့ အိမ်ရှင်မိသားစုတွေက ပြန်ချတာပေါ့။ ဒါပဲလေ။ ဘယ်အိမ်နီးချင်းတို့ ဘယ်အရပ်တို့က ကူလို့လဲ ဘယ်မှာလဲ ရဲတပ်ဖွဲ့ ဘယ်မှာလဲ တရားရုံး ပြည်တွင်းပြည်ပ လိုက်ရှာကြည့်ပါ ကိုယ်တိုင်ပဲ ပြန်ပြီး ခုခံရတာပါ။ အဲ့ဒီတော့ သပိတ်မှောက်ခဲ့တုန်းကလည်း အကြမ်းဖက်ပြီးတော့ ဖြိုခွင်းတယ် သတ်ပြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ စနစ်ကျတဲ့တော်လှန်ရေး လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ ဖွဲ့ခဲ့ရတယ်။ မဖွဲ့မဖြစ် ဖွဲ့ခဲ့ရပါတယ်။ CRPH တို့ NUG တို့ NUCC တို့ PDF တို့ဒါတွေကို ဖွဲ့ခဲ့ရတာ။ ဒီအချိန်မှာ ဘက်က နှစ်ဘက်ပဲ ရှိတာနော်။ အဲ့တော့ ဘယ်ဘက်ကို ရွေးချယ်မလဲ ဘာကို အသိအမှတ်ပြုမလဲ။ အမှန်တရားအတွက် ခုခံနေတဲ့ သူတွေကို ဂုဏ်ယူတယ်လို့ပြောတာ။ အဲ့ဒီသဘောထားကို ဖော်ပြတာပဲ။ ဒါတော်တော် ရှင်းပါတယ်။ တကယ်လို့သာ ဒါတွေဖွဲ့ပြီးတော့ ဒီနေ့အထိ ဒီအနေထားကို လက်မခံဘူးလို့ပြောကြည့်ပါလား ကျွန်တော်တို့ ချက်ချင်းလွှတ်လို့တောင် အော်စရာမလိုဘူး ဟိုဘက်က ချက်ချင်းလွှတ်ပေးမှာ။ သူ့ကိုအသုံးချမှာပဲ။ အဲ့ဒီတော့ စစ်တပ်က မတရားလုပ်ပြီး အသုံးချတာကိုတော့ မခံဘူး ပြည်သူနဲ့အတူတူပဲ ဒါပြောနေတာ။ ဒီနွေဦးတော်လှန်ရေး တစ်စုံလုံးကို ပြောနေတာ။ လက်ရှိရောက်လာတဲ့ အနေအထားအောင်မြင်မှုတွေကို ပြောနေတာ။ ဂုဏ်ယူနေတာ။ ဒါကနိုင်ငံတကာကော၊မဟာမိတ်ကော ပြည်သူတွေကော ရှင်းလင်းစွာရလိုက်တဲ့ သတင်းစကားပဲ။အောင်ရာအောင်ကြောင်း၊ ညီနေကြောင်း သတင်းစကားပဲ။ ပြောရရင်တော့ဗျာ လက်တွေ့ကျတဲ့ တုံ့ပြန်မှုလုပ်သမျှ ငုံ့ခံတဲ့သွေးကြောင်မှု မဟုတ်ဘူး။ အဲ့ဒါကို ဂုဏ်ယူတယ်လို့ ပြောတာပဲဗျ။ အင်မတန်ရှင်းပါတယ်ဗျာ။”
မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးမှာတော့ အာဏာရှင်စစ်တပ်ရဲ့ သဘောထားအမှန်ကို သိရှိသွားခဲ့ပြီလို့ ဝေဖန်ပါတယ်။
“ဒေါ်စုရဲ့ အခြေခံအတွေးအခေါ်က သူက တစ်ခုက အကြမ်းမဖက်ရေးပေါ့နော်။ နောက်တစ်ခုက သူက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပေါ့။ တကယ်တော့ဗျာ လစ်ဘရယ်ဒီမိုကရေစီပေါ့။ အဲ့ဒီတော့ ကျမတို့ကတော့ အကြမ်းဖက်ဖိနှိပ်လာရင် အကြမ်းဖက်တော်လှန်တာတရားတယ်လို့ယူဆပေမယ့် သူ့အယူအဆက အကြမ်းမဖက်ရေးက အဓိကထားတယ်။ အဲ့ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျွန်မက ဒီလိုစဉ်းစားတယ်။ သူက ခေတ်အခြေအနေကို ကြည့်လိုက်တဲ့အခါကျတော့ သူ့ခေတ် သူ့အခါ သူနိုင်ငံရေးလုပ်တဲ့အချိန်ပေါ့ဗျာ၊ အဲ့ဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်း (globalization) ခေတ်ရယ် နည်းပညာတွေ အရမ်းတိုးတက်လာတဲ့အောက်မှာ ဘယ်သူမှ အရမ်းကာရော ပြည်သူလူထုကို နှိပ်စက်တဲ့နည်းနဲ့ မဆလခေတ်တို့ ဘာတို့လို ပြည်သူတွေကို တံခါးပိတ်ပြီး နှိပ်စက်လို့မရတော့ဘူး၊ အကုန်လုံးက ထင်သာမြင်သာ ရှိနေပြီ။ ဒါကြောင့်မို့လို့ သူကဒီ လမ်းကို ရွေးခဲ့ပုံရတယ်။ နောက်တစ်ခု အကြမ်းမဖက်ရေးဆိုတာမှာ သူ့အခြေခံ စေတနာက ပြည်သူလူထု ထိခိုက်နစ်နာမှာကို သူစိုးရိမ်ပုံရတယ်။ အဲဒါကြောင့်မို့လို့ သူက ဒီဟာကို တင်ခဲ့ပုံရတယ်။ ဒါကြောင့်မို့လို့လည်း အမျိုးသားရင်ကြားစေ့ရေးအတွက် သူဒီလောက် ပြည်သူလူထုရဲ့အထင်လွဲခံ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အထင်လွဲခံပြီး စစ်တပ်ဘက်က မားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးခဲ့တာတွေ သူလုပ်ခဲ့တယ်။ သူ့စဉ်းစားနည်းက စစ်တပ်နဲ့သူနဲ့ စေ့စပ်ပြီးတော့ စစ်တပ်ကို တဖြည်းဖြည်းပြောင်းယူမယ်လို့ စဉ်းစားခဲ့ပုံရတယ်။ ဒါပေမဲ့ ဒီ ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းတော့မယ်ဆိုတော့ သူ့ကိုစပြီး စေ့စပ်တာပဲလေ မင်းအောင်လှိုင်တို့က၊ အဲ့ဒီကတည်းကသာ သူက အမျိုးသားရင်ကြားစေ့ရေးကို ဆက်ယုံကြည်နေရင် ကဲ ခင်ဗျားပဲ သမ္မတလုပ်၊ ကျွန်မတော့ နိုင်ငံတော်ကောင်စီဝင်အနေနဲ့အစိုးရပဲ လုပ်မယ်ဆိုပြီး စေ့စပ်လိုက်ရင်ပြီးနိုင်တာပဲလေ။ ဒါပေမဲ့ သူအဲ့ဒီမှာသဘောပေါက်သွားပါပြီ။ ဒီစစ်တပ်ကြီးကတော့ ဘယ်လိုမှအာဏာခွဲဝေပေးမှာ မဟုတ်ဘူး၊ အမျိုးသား ရင်ကြားစေ့ရေးလည်း လုပ်လို့ရတော့မှာမဟုတ်ဘူး ဆိုတာ သူသဘောပေါက်သွားလို့ သူမစေ့စပ်တော့ပဲနဲ့ သူထောင်ထဲ ဝင်သွားတာပဲ၊ အဖမ်းခံသွားတာပဲ။ ဒါဟာ ပြည်သူလူထုကို ပြောလိုက်တဲ့ မက်ဆေ့ချ်ဗျ။ ဒီစစ်တပ်ကိုတော့ မမျှော်လင့်နဲ့တော့ပေါ့ဗျာ။ ဒီစစ်တပ်ကိုတော့ ဘယ်လိုမှရင်ကြားစေ့လို့ မရတော့ဘူးဆိုတာ သူကပြလိုက်တဲ့ သတင်းစကားပဲ။ အဲ့ဒီမှာ သူအမျိုးသားရင်ကြားစေ့ရေးကို လက်လွှတ်လိုက်သလိုပဲ သူ အခု ဒီရှောင်တာနယ်ကို ပြောတဲ့အထဲမှာလည်း ပါတယ်။ ဒီမိုကရေစီကို ပြည်သူလူထုက ကာကွယ်လိမ့်မယ်ဆိုတာ သူယုံကြည်လို့ ဒီလမ်းလိုက်သွားတာပဲ။”
ဒေါ်အောင်ဆန်းစုကြည် က အထူးသဖြင့် လူငယ်တွေအတွက် ဂုဏ်ယူတယ်လို့ ဘာကြောင့် ပြောဆိုခဲ့တာလဲ။
“ဟုတ်တယ်လေ အထူးသဖြင့်လူငယ်တွေကို ဂုဏ်ယူတယ်လို့ပြောတယ်လေ။ ပြောမှာပေါ့ ဒီလူငယ်တွေက လက်တွေ့ကျကျကို ရွေးချယ်ခဲ့ကြတာကိုး။ လုပ်သမျှငုံ့ခံတဲ့ သွေးကြောင်မှုမျိုး မဟုတ်ဘူး။ ဒါကိုပြောတာလေနော်။ အင်မတန် ရှင်းတယ်။ လူငယ်တွေက သွေးဆူပြီးတော့ ရန်ဖြစ်ကြပြီးတော့ တုတ်ဆွဲ၊ ဓားဆွဲတာ မဟုတ်ဘူး။ အန္တရာယ်ကြီးမှန်းသိရက်နဲ့ ဒီလောက်အင်အားကြီးတဲ့ စစ်တပ်ကို ရင်ဆိုင်ကြတာ။ သတ္တိအပြည့်နဲ့ အနာဂတ်အတွက် အမျှော်အမြင်အပြည့်နဲ့ ရင်ဆိုင်ကြတာ။ ဉာဏ်ပညာတွေကော နည်းပညာတွေကော နောက်ပြီးပြည်သူလုထုကကော ထောက်ခံမှုကကော အဲဒီ့လူငယ်တွေကို ဂုဏ်ယူတယ်ဆိုတာ ဒါလက်တွေ့ကျတာပေါ့။ ပိုပြီးလက်တွေ့ကျတာပေါ့။အမှန်တရားကို မြင်နိုင်တဲ့ ခေါင်းဆောင်ကောင်းရဲ့အမြင်ပေါ့”
“တချို့ကျောင်းသားရဲဘော်တွေဆိုရင် ထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ အခုချိန်ထိကို ကြံ့ကြံ့ခံပြီးတော့ကို တိုက်ပွဲတွေ ဝင်နေဆဲဖြစ်တယ်”
တကသကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်း ကလည်း --
“အခုအချိန်ထိလည်း ဒီနွေဦးတော်လှန်ရေးမှာလည်း တကယ်ကို လူငယ်တွေရဲ့ရုန်းကန်အား ပေးဆပ်မှု၊ သူတို့ရဲ့ရဲဝံ့မှု သူတို့ရဲ့ စွန့်လွှတ်စွန့်စားစိတ်နဲ့က တော်လှန်ရေးခရီးက ဒီအထိပြည်သူတွေနဲ့ ကြံ့ကြံ့ခံဆက်သွားနေတယ်လို့ပြောလို့ရပါတယ်။ အခုကာလအတွင်းမှာကိုပဲ ဖြစ်ပျက်နေတာဆိုရင် လူငယ်ခုနှစ်ယောက် ကြိုးပေးခံရတဲ့ကိစ္စတွေ ရှိတယ်၊ တချို့ကျောင်းသားရဲဘော်တွေဆိုရင် ထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ အခုချိန်ထိကို ကြံ့ကြံ့ခံပြီးတော့ကို တိုက်ပွဲတွေ ဝင်နေဆဲဖြစ်တယ်။ ဒါထောင်တွေထဲမှာ။ ဒီလိုပဲ တောတွေထဲမှာ ဒီလိုပဲ လက်နက်တွေကိုင်ပြီးတော့မှ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေ အများကြီးပဲရှိတယ်ပေါ့နော်။ ကျောင်းသားလူငယ်တွေ။ အဲ့တော့ ကျွန်တော်ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီစကားဟာ လက်ရှိတိုက်ပွဲဝင်နေတဲ့ လူတွေအတွက်လည်း အားဖြစ်စေလိမ့်မယ်။ လက်ရှိတိုက်ပွဲဝင်နေတဲ့ လူငယ်တွေကိုလည်း အသိအမှတ်ပြုရာရောက်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့ လူငယ်ကျောင်းသားတွေကတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဟော့ဒီတိုင်းပြည်မှာ စစ်တပ်က နိုင်ငံရေးမှာ ဆက်မပါဖို့နဲ့ လွတ်လပ်ငြိမ်းချမ်းပြီးတော့မှ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့ ဆက်လျှောက်မယ်ဆိုတာ ကျိန်းသေပါတယ်ဗျ’
ဒေါက်တာလှကျော်ဇောကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုကို ဒီမိုကရေစီရဲ့အရသာ အမြည်းပေးခဲ့တာပဲလို့ သုံးသပ်ပြောဆိုပါတယ်။
“ပြည်သူလူထုအကျိုးကို တကယ်လုပ်တဲ့ အစိုးရအောက်မှာဆိုရင် ပြည်သူလူထုအတွက် ဘာအချက်အလက်တွေရနိုင်တယ်။ ပြည်သူလူထုက မိမိစွမ်းရည်တွေကို ဘယ်လောက်ထုတ်လုပ်နိုင်တယ်၊ ဗမာပြည်ကြီးလည်း ဘယ်လောက် တိုးတက်ချမ်းသာနိုင်တယ်ဆိုတာကို သူကဘယ်လိုခေါ်မလဲ trailer ပေါ့ဗျာ။ ရုပ်ရှင်တွေမှာ အစမ်းပြလိုက်သလို သူက ပြည်သူလူထုကို အစမ်းလေးပြပေးလိုက်တာ။ အဲဒီမှာတင် ပြည်သူလူထုက သဘောပေါက်ပြီးတော့ ဒီ ဒီမိုကရေစီကို မရရအောင် ယူတော့မယ်။ ဒီစစ်အာဏာရှင်ကိုတော့ မဖြစ်မနေပြုတ်အောင်တိုက်ရတော့မယ်ဆို တဲ့ အသိတရားကို ရရှိသွားစေတာပဲ။ ဒါကြောင့် သူပြောလည်းပြောစရာပဲ ပြည်သူလူထုအတွက် သိပ်ဂုဏ်ယူတယ်ဆိုတာ။ ဒါဟာ ဗမာပြည်ပေါ်မှာ စေတနာထားတဲ့ တော်လှန်ရေးသမားတွေ နိုင်ငံရေးသမားတွေက ထားရမယ့်စိတ်ပဲ။ ကိုယ်ကိုယ်တိုင်က ဒီတော်လှန်ရေးကြီးကို ပြီးအောင် သို့မဟုတ် ဒီလွတ်မြောက်ရေးကြီးကို ရအောင်လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ သို့သော် သူ ကိုယ်ချခဲ့တဲ့လမ်းကို နောက်မျိုးဆက်တွေက လိုက်တယ်ဆိုတာလောက် စိတ်အားရစရာကောင်းတာ မရှိဘူး။ ဒါကြောင့်မို့လို့ သူဒီစကားပြောလိုက်တာဗျ။ နောက်တစ်ခုက တကယ်လို့ ဒေါ်စုသာ အကြမ်းမဖက်တဲ့လမ်းကို ဆက်လိုက်နေရင် အမျိုးသားရင်ကြားစေ့ရေးလမ်းကိုသာ ဆက်လိုက်နေရင် စစ်ကောင်စီက ဘာလို့ ဖမ်းထားစရာလိုလဲ လွှတ်ပေးမှာပေါ့။ ခင်ဗျား- ဟုတ်တယ်မဟုတ်ဘူးလား။”
မြောင်မြို့နယ်က တော်လှန်ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးသက်ခိုင် ကလည်း သူတို့လူငယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စေတနာကို အကြွင်းမဲ့ယုံကြည်တယ်လို့ ပြောပါတယ်။
“အမေစုဟာ ပြည်သူလူထုကို ဦးထိပ်ထားတယ်။ ပြည်သူလူထုအတွက်ဆို သူဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ ဆိုတဲ့ အမေစု ပြောတဲ့စကားဟာ လူငယ်တွေအတွက် အားတက်စေတဲ့ စကားဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်ဗျ။ “
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေးခုခံတိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက် အထူးဂုဏ်ယူနေကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူတချို့ရဲ့ သဘောထားအမြင်တွေ ဖြစ်ပါတယ်။ ။