ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်သီးလေးနိုင်ငံ တွေ့ဆုံမှု

ဖြူဖြုခိုင်
2019.11.05
dassk-russia-us-asean-summit-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mr Dmitry Medvedev နဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Robert O’Brien တို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၄ ရက်နေ့က သီးခြားစီတွေ့ဆုံခဲ့စဉ်
Photo: Myanmar State Counsellor Office

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ စတဲ့ထိပ်သီး လေးနိုင်ငံခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ပြီးချိန်မှာပဲ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Robert O’Brien နဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲလိုတွေ့ဆုံရာမှာ အမေရိကန်ဘက်က ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်ပြန်နိုင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးစတဲ့ အချက်တွေကို ဇောင်းပေးပြောဆိုတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုရှားနိုင်ငံက ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာတော့အမေရိကန်လို လူ့အခွင့်ရေးကိစ္စ ထက်၊ စီးပွားရေးကိစ္စကို အသားပေးဆွေးနွေးတာတွေ့ရပါတယ်။

မြန်မာ-ရုရှား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ စွမ်းအင်၊ စက်မှု ၊ မြို့ပြလေကြောင်း၊ ပညာရေးကဏ္ဍတွေအပါအဝင် မြန်မာ-ရုရှား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပသွားဖို့ရှိတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ-ရုရှား ကုန်သွယ်ရေးနဲ့ စီးပွားရေးကော်မရှင် အစည်းအဝေးကို နေပြည်တော်မှာကျင်းပဖို့ လျာထားတဲ့ကိစ္စက မြန်မာဟာ အနောက်နိုင်ငံဈေးကွက်တွေကိုပဲ မှီခိုနေရမယ့်အစား တူရကီတို့ ရုရှားတို့လို ဈေးကွက်တွေထိ တိုးချဲ့ဖို့ကြိုးစားတဲ့ ခြေလှမ်းဖြစ်နိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။

စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံနဲ့ စီးပွားရေးအရ ဆက်ဆံမှုအားနည်းပြီး၊ စစ်ဖက်ရေးရာ ဆက်ဆံရေးမှာ ကောင်းမွန်တဲ့သာဓကရှိတာမို့ စီးပွားရေးဆိုင်ရာ  ဆွေးနွေးချက်နဲ့ပတ်သတ်ပြီး ရုရှား-မြန်မာစီးပွားရေးခြေလှမ်းတွေကို လေ့လာစောင့်ကြည့်ရမယ့် အနေ အထားဖြစ်လာတယ်လို့ ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုဆွေးနွေးခဲ့တဲ့အချက်ကတော့ နှစ်နိုင်ငံနယ်စပ်မှာရှိနေတဲ့ သူပုန်တွေ အခြေမချနိုင်ရေးဆောင်ရွက်ရာမှာ မြန်မာရဲ့ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။ တနည်းအားဖြင့် အိန္ဒိယ-မြန်မာ စီးပွားရေးတိုးချဲ့မယ့်ကဏ္ဍနဲ့
နှစ်နိုင်ငံကြားက လက်နက်ကိုင်အုပ်စုတွေရဲ့အရေးကို အသားပေးပြောဆိုခဲ့တာတွေ့ရပါတယ်။

ဒီပြောဆိုချက်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေချနေတဲ့ ရက္ခိုင့်တပ်တော် AA ကို ရည်ရွယ်ပုံရတယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး

"ဒါကတော့ AAကိုရည်ရွယ်ပုံရပါတယ်။ ဒါပေမဲ့ AA က အိန္ဒိယနယ်စပ် မှာတင် အခြေချနေတာ မဟုတ်တော့ဘူး။ လောလောဆယ်က ရခိုင်မြောက်ပိုင်းတလွှားလုံးမှာ လှုပ်ရှားနေတဲ့အခါကျတော့ အိန္ဒိယနယ်စပ်နဲ့ တော်တော်ဝေးဝေးနေရာတွေမှာ လှုပ်ရှားနေတဲ့ အတွက် ပြောရခက်တာပေါ့။"

အာဆီယံနဲ့နိုင်ငံတကာနိုင်ငံကြီးတွေနဲ့ ပါဝင်ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံအနေနဲ့ အဓိက ဖြေရှင်းရတဲ့ ပြဿနာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ဝင်ရောက်ဖို့ ဖိတ်ခေါ်တဲ့ စီးပွားရေး ပြဿနာနဲ့ ဒုတိယတစ်ခုကတော့ လူ့အခွင့်အရေးပြဿနာနဲ့ ရခိုင်ပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာ ဒုက္ခသည်တွေရဲ့ ပြဿနာပါပဲ။ ဒီပြဿနာ နှစ်ခုကတော့ ဆွေးနွေးပွဲ တိုင်းမှာ ပြန်လည်ဖြေရှင်းနေကြ ပြသနာတွေဖြစ်ပါတယ်။

အာဆီယံ- ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူတွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးဟာ အလွန်သိမ်မွေ့ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ကုလသမဂ္ဂအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှသိဖို့ လိုအပ်တယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးတုံ့ပြန်ချက်ကို ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ရပ်တည်ချက်ဟာ မှန်ကန်ကြောင်းထောက်ခံပါတယ်။ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်

"နိုင်ငံဘက်က ပြင်ဆင်နေတာကို လစ်လျရှုပြီးတော့ ကုလသမဂ္ဂက ဝေဖန်တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်ဟာ မှန်ကန်တယ်လို့ မြင်တယ်။"

ရိုဟင်ဂျာအရေးကို အာဆီယံက မြန်မာကိုထောက်ခံတဲ့သဘော ရှိပေမယ့် အနောက်နိုင်ငံတွေက ဆက်လက်ဖိအားပေး နေတာကြောင့် ဒီပြဿနာဟာ နောက်တက်လာမယ့် အစိုးရသစ်အတွက်လည်း ဖိအား တစ်ခုအဖြစ်ဆက်ရှိနေဦးမယ်လို့ မြန်မာ့ဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက မြင်ပါတယ်။နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း

"ဒီတခါ ထူးခြားတာကတော့ အာဆီယံအစည်းအဝေးမှာ  ဆွေးနွေးတဲ့ အခါမှာ  နောက်ပိတ်ဆုံး ထုတ်ပြန်ကြေညာချက်ထဲမှာ အဲဒီအပိုဒ်ကို မထည့်ဖို့ ဖြုတ်လိုက်တာမျိုး ရှိပါတယ်။ ဒါမျိုးကတော့ ထူးခြားချက်လို့ ထင်တယ်။ နောက်တခါ အာဆီယံဘက်ကလည်း ယေဘုယျပြော ရင်တော့ မြန်မာအစိုးရရဲ့ ရပ်တည်ချက်နောက်က ဝိုင်းရပ်ပေးကြတဲ့ သဘောမျိုးရှိပါတယ်။ ဒါပေမဲ့လည်း အထူးသဖြင့်တော့ ကျန်တဲ့ ကုလသမဂ္ဂအနောက်နိုင်ငံတွေကတော့ ဒုက္ခသည်တွေ ပြန်လာရေးကို ဖိအားပေးတဲ့သဘောလည်း ရှိပါတယ်။ ဆက်ဆွေးနွေးနေကြတဲ့ သဘောလည်းရှိပါတယ်။"

တရုတ်အရာရှိတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ အာဆီယံထိပ်သီး အစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ မထုတ်ပြန်ထားပါဘူး။ အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Donald Trump မတက်ရောက်ခဲ့တဲ့အတွက် အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် Prayuth Chan-cha နဲ့ ဗီယက်နမ်၊ လာအိုနိုင်ငံ တို့က ဝန်ကြီးချုပ်တွေလည်း ကန်-အာဆီယံအစည်းဝေးကိုမတက်ဘဲ သပိတ်မှောက်ပြီး နောက်တစ်ရက်မှာတော့ ကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဆီယံခေါင်းဆောင်တွေကို လာမယ့်နှစ်ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။