ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနဲ့တွေ့ဆုံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ မြန်မာသံရုံး ဖွင့်လှစ်ခဲ့သလို ချက်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး ခရီးစဉ်ဟာ ဒီကနေ့ပြီးဆုံးခဲ့ပါပြီ။
-
2019-06-04 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ မြန်မာသံရုံး ဖွင့်လှစ်ခဲ့သလို၊ ချက်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး ခရီးစဉ်ဟာ ဒီကနေ့ပြီးဆုံးခဲ့ပါပြီ။ အဲဒီနောက် ဟန်ဂေရီနိုင်ငံကို ဆက်လက်ထွက်ခွာသွားပါတယ်။
RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~
ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနဲ့တွေ့ဆုံ
(ခက်မာ)
■ ချက်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ဇွန်လ ၄ ရက်နေ့မှာ ကျင်းပတဲ့ ချက်-မြန်မာ စီးပွားရေးဖိုရမ်မှာ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ချက်နိုင်ငံမှာ နေထိုင်သူ သတင်းထောက်ဟောင်း ကိုလင်းသန့်ကပြောပါတယ်။
ကိုလင်းသန့် - “ မြန်မာနိုင်ငံကတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ချက်လုပ်ငန်းရှင်တွေကို အများကြီးဖိတ်ခေါ်ချင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် Potential ကောင်းတယ်။ မဟာဗျူဟာအားဖြင့် အင်မတန်ကောင်းတယ်။ တရုတ်တို့ အိန္ဒိယတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး BIMSTEC နိုင်ငံလည်းဖြစ်တယ်ပေါ့နော်။ ဆိုလိုတာကတော့ မြန်မာဟာ စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခြေခံကောင်း တွေ၊ အလားအလာကောင်းတွေ အများကြီးရှိတဲ့နိုင်ငံဖြစ်တယ်။ ဂျပန်ကတောင်မှ တိုယိုတာကား ကုမ္ပဏီတောင် လာပြီး ရင်းနှီးမြှုပ်နှံနေပြီဆိုတဲ့အကြောင်း၊ ချက်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာလာရင်းနှီး မြှုပ်နှံမယ်ဆိုရင် အာမခံတယ်။ လာရောက်ရင်းနှီးမြှုပ်နှံကြပါ။ နှစ်ဦးနှစ်ဘက်ပေါ့နော်၊ အကျိုးဖြစ်ထွန်းမှုတွေ လက်တွေ့မြင်ရမှာပါ ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အဓိကပြောတယ်”
ဒီတနေ့တည်းမှာပဲ ၁၉၉၃ ခုနှစ်ထဲက ပိတ်သိမ်းခဲ့တဲ့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးပြန်လည်ဖွင့်လှစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ ဒီသံရုံးကို ပြန်ဖွင့်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက စဉ်းစားစီစဉ်ခဲ့တာဖြစ်ပေမယ့် အခုမှာ အကောင်အထည်ဖော်နိုင်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ချက်နိုင်ငံကို လိုက်ပါလာပြီး မြန်မာသံရုံးကို ဦးစီးဖွင့်လှစ်ပေးနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောပါတယ်။
ဦးစိုးဟန် - “ ချက်နိုင်ငံမှာ မြန်မာသံရုံးပြန်ဖွင့်ဖို့ သင့်ပြီလို့ ကျနော်တို့ ဟိုးတုန်းထဲက စဉ်းစားခဲ့ပါတယ်။ သို့သော်လည်း ပြည်တွင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာနဲ့ ကျနော်တို့ ခုမှဖွင့်နိုင်တာပေါ့လေ။ ဘာကြောင့်လဲဆို ကျနော်တို့ နှစ်နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေက တော်တော်များပါတယ်။ ကုန်သွယ်ရေးအရပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုအရပဲ ကြည့်ကြည့်ပေါ့နော်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ခရီးစဉ်ထဲမှာ အရေးကြီးတဲ့ အချက်တချက်ကတော့ မြန်မာသံရုံးကို ပြန်လည်ဖွင့်လှစ်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဒီမှာလာပြီးတော့ ဒီအခမ်းအနားမှာ ကိုယ်တိုင်ပါပြီးတော့ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ ပိုပြီးတော့တောင် စိတ်လှုပ်ရှားမိပါတယ်”
မနေ့က ဇွန်လ ၃ ရက်နေ့ ညနေတုန်းကတော့ ချက်နိုင်ငံရဲ့အထင်ကရဖြစ်တဲ့ ရှေးဟောင်းသမိုင်းဝင် Charles University မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက ကျောင်းသားတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်းပြောကြားပါတယ်။ အဲဒီမိန့်ခွန်းကြောင့် မြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကို နိုင်ငံတကာက ပိုနားလည်ခွင့်ရသွားလိမ့်မယ်လို့ ယူဆကြောင်း အဲဒီပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ဂျာမနီနိုင်ငံ ဂိုထယ် ဖရန့်ဖတ် (Goethe Frankfurt) တက္ကသိုလ်မှာ မြန်မာစာနဲ့ ဗုဒ္ဓဘာသာသင်ကြားပေးနေတဲ့ ကထိကတဦးဖြစ်သူ ဒေါက်တာကုသလသာမိက မိန့်ကြားပါတယ်။
ဒေါက်တာကုသလသာမိ - “မြန်မာနိုင်ငံမှာလုပ်နေတဲ့ Goal ကိုမရောက်သေးဘူးပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးတွေ၊ ပဋိပက္ခတွေ၊ Constitution ပြင်ဖို့ဟာတွေက Final Goal ကိုမရောက်သေးဘူးပေါ့လေ။ အဲဒါတွေကို အားလုံးဝိုင်းပြီး နားလည်ပေးကြဖို့။ နောက်ပြီးတော့ ရခိုင်ကိစ္စ။ ဒါတွေလည်း ဒါယကာမကြီးက emphasize လုပ်ပြီးတော့ ပြောသွားတယ်။ ထင်သလောက်မလွယ်ကူဘူးပေါ့။ ဒါတွေကို နိုင်ငံတကာ နားလည်အောင် ရှင်းပြတဲ့သဘောပေါ့။ ဒီအကြောင်းအရာတွေက ဦးဇင်းတို့အတွက်တော့ အများကြီးအထူးအဆန်းတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် တချို့မကြားရသေးတဲ့ နိုင်ငံခြားသားတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်မယ်လို့ ထင်တယ်။ အပြင်က သူတို့ကြားထားတာတွေက ရခိုင်ကိစ္စတွေဆိုလို့ရှိရင် Negative ဘက်ကနေပိုပြီးတော့ မြင်နေကြတာ များတာကိုး။ အဲဒီတော့ ဒကာမကြီးက ဒီလိုပြောလိုက်ခြင်းအားဖြင့် ပွင့်ပွင့်လင်းလင်းလည်း မေးခွန်းတွေ မေးခွင့်ပေးလိုက်ခြင်းအားဖြင့်တော့ ဘုန်းဘုန်းတို့နိုင်ငံအတွက်တော့ အများကြီးအကျိုးကျေးဇူးတွေ ရှိသွားမယ်လို့ထင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ သံရုံးဖွင့်ပွဲအပြီးမှာ သမ္မတ မီးလိုဇီးမန် (Milos Zeman) နဲ့တွေ့ဆုံဆွေးနွေးပြီး ဟန်ဂေရီနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။