ဒေါ်အောင်ဆန်းစုကြည် အိမ်ကို မတ်လ ၂၀ မှာ လေလံတင် ရောင်းချမည်
အခုအမွေဆိုင်ခြံဟာ နှစ်ဧကနီးပါးကျယ်ဝန်းပြီး မြေစျေးနဲ့ မြေပေါ်မှာရှိတဲ့ အဆောက်အအုံတန်ဖိုးကို စိစစ်တွက်ချက်ပြီး တရားရုံးက လေလံကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာ သန်း ကိုးဆယ်နီးပါး သတ်မှတ်ပေးခဲ့တာပါ။
-
RFA Burmese
2024-02-12 -
-
-
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို ကျပ် သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်း ကိုးဆယ်နီးပါး) နဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံတင်ရောင်းချဖို့ စီစဉ်နေပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ကမာရွတ် ခရိုင်တရားရုံးက ထုတ်ပြန်တဲ့ လေလံတင် ရောင်းချမယ့်အမိန့်စာကို ဖေဖော်ဝါရီ ၇ ရက်နေ့က ခြံအမှတ် (၅၄) မှာ လာကပ်သွားပြီး၊ နောက်ရက်တွေမှာလည်း သက်ဆိုင်ရာ တိုင်း၊ ခရိုင်အဆင့် တရားရုံးနဲ့ အခွန်ရုံးတွေမှာ လာကပ်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ကြမ်းခင်းစျေး မြင့်မားနေပြီး သမိုင်းအမွေအနှစ် နေအိမ်ဖြစ်နေတာကြောင့် ဝယ်သူမရှိဘဲ လေလံအောင်ဖို့ ခက်ခဲလိမ့်မယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ တစ်ဦးက RFA ကိုပြောပါတယ်။
“လေလံကြမ်းခင်းစျေးကလည်း အင်မတန် မြင့်မားတယ်။ ဒီအိမ်သည် သာမန်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်တဲ့အိမ်ကို လေလံပစ်တာမျိုး မဟုတ်ဘူး။ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်ဖြစ်တဲ့အတွက် တော်ရုံတန်ရုံလူကတော့ ဒါကြီးကိုဝယ်ပြီးတော့ လေလံပစ်ဖို့ အင်မတန် ခဲယဉ်းပါလိမ့်မယ်။ ဒါကြောင့် ဒီလေလံပစ်တဲ့ အနေအထားသည် အောင်မြင်ဖို့အနေအထား အင်မတန်နည်းပါတယ်”
လေလံ မအောင်ခဲ့ရင်လည်း တရားရုံးကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်နေမှာဖြစ်ပြီး တရားနိုင် ဦးအောင်ဆန်းဦးဘက်က အမိန့်ချထားတဲ့ အနိုင်ဒီဂရီအတိုင်း ဆက်တောင်းဆိုပိုင်ခွင့်ရှိနေတယ်လို့ သူကပြောပါတယ်။ ဒီလေလံမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြမ်းခင်းစျေးအတိုင်း ဦးစွာ ဝယ်ယူခွင့်တော့ ရှိတယ်လို့ဆိုပါတယ်။
“သမိုင်းဝင် အမွေအနှစ်နေရာအဖြစ် မကျန်ခဲ့အောင်ဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာပါ”
ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကတော့ လက်ရှိ ဗဟန်းမြို့နယ်မှာ တစ်စတုရန်းပေကို အများဆုံး သိန်းနှစ်ဆယ်ခန့်သာ ပေါက်စျေးရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ကြမ်းခင်းဈေးက များလွန်းနေတယ်လို့ RFA ကိုပြောပါတယ်။
“စျေးကတော့ ပွင့်ပွင့်လင်းလင်း သုံးသပ်ရင် များတာပေါ့နော်။ အင်းလျားကန်နဲ့ဆက်နေတာက တခြားခြံတွေလည်း ရှိတယ်လေ။ တခြားကန်ဆက်တဲ့ မြင်ကွင်းတွေလည်း ရှိတာပေါ့။ အဲဒါတွေနဲ့ချိန်ရင်တော့ စျေး နည်းနည်းပိုတာပေါ့။ တစ်ခု ခြွင်းချက်ရှိတာကတော့ နေရာကောင်းတာပေါ့နော်။ အချက်အချာကျတာပေါ့။ ဒါပေမဲ့ ဝယ်တဲ့သူရှိမှာ မဟုတ်ဘူးလို့ထင်တယ်။ စျေးကြောင့်လည်း ပါမယ်။ နောက်တစ်ခုကလည်း အထင်ကရနေရာကြီး ဖြစ်နေတော့လေ”
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက မြေကွက်တွေရဲ့ ကာလပေါက်စျေးဟာ တစ်စတုရန်းပေကို ၃၃ သိန်းခန့် အကြမ်းဖျင်းပေါက်စျေးရှိနေတာကြောင့် တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေကလည်း ခြံအမှတ် (၅၄) အတွက် တစ်စတုရန်းပေကို ၃၅ သိန်းနှုန်းနဲ့ အရင်ဆုံးအဆိုပြုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့ အဲဒီနေရာဟာ ကာလပေါက်စျေး တစ်စတုရန်းပေကို သိန်း သုံးဆယ်ခန့်ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ မရသေးတာကြောင့် အိမ်စျေးနှုန်း ဘယ်လောက်ဖြစ်သင့်တယ်ဆိုတာကို တရားရုံးမှာ အဆိုမပြုခဲ့ဘူးလို့ ရှေ့နေတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
အခုအမွေဆိုင်ခြံဟာ နှစ်ဧကနီးပါးကျယ်ဝန်းပြီး မြေစျေးနဲ့ မြေပေါ်မှာရှိတဲ့ အဆောက်အအုံတန်ဖိုးကို စိစစ်တွက်ချက်ပြီး တရားရုံးက လေလံကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာ သန်း ကိုးဆယ်နီးပါး သတ်မှတ်ပေးခဲ့တာပါ။
ဒါကြောင့် ဒီအိမ်ကို နေထိုင်ဖို့သက်သက် ဝယ်မယ့်သူမရှိနိုင်ဘဲ အခွင့်အလမ်းနဲ့ အခွင့်အရေးပေါ် မူတည်ပြီး အကျိုးအမြတ်အတွက်သာ ဝယ်ယူမယ့်သူရှိလိမ့်မယ်လို့ စီးပွားရေးပညာရှင်တစ်ဦးကပြောပါတယ်။
“(စီးပွားရေး အကျိုးအမြတ်) အလားအလာပေါ့နော်။ ဘယ်အလားအလာကို မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမလဲဆိုတာလည်း ပြောရခက်တယ်လေ။ အရင်ခေတ်ကတော့ အလားအလာပေါ်မှာမူတည်ပြီးတော့ စီးပွားရေးပေါ် မှာ မြှုပ်နှံခဲ့ကြတာတွေရှိတာကိုး။ စီးပွားရေးသမားက မြှုပ်နှံမလား၊ မမြှုပ်နှံဘူးလားဆိုတာ နေဖို့သက်သက်ဆိုရင်တော့ ဒီစျေးက အရမ်းစျေးကြီးတာပေါ့နော်။ အခွင့်အလမ်းနဲ့ အခွင့်အရေးပေါ် မူတည်ပြီးတော့ လုပ်တဲ့သူကလည်း ရှိကောင်းရှိမှာပေါ့။ အဲဒီလူမျိုးတွေ ရှိရင်တော့လည်း ရင်းနှီးမြှုပ်နှံက တစ်မျိုးဖြစ်ကောင်းဖြစ်မှာပေါ့”
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးဟာ ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ အိမ်နဲ့ခြံကို မောင်နှမ နှစ်ယောက် ခွဲဝေပိုင်ဆိုင်ဖို့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။
ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံထားရချိန်မှာ ဦးအောင်ဆန်းဦးဘက်က အထူးအယူခံဆက်တက်ခဲ့တာကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ် ခရိုင်တရားရုံးက လေလံတင် ရောင်းချဖို့ဆုံးဖြတ်ခဲ့တာပါ။
ဒီအိမ်နဲ့ခြံကို NUG က အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
“ဒီမြေနေရာနဲ့ ဒီနေအိမ်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီးဒေါ်ခင်ကြည်၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆက်စပ်နေတဲ့မြေနေရာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့လည်း ကြားကာလ အမျိုးသားအဆင့် အမွေအနှစ်အဖြစ် သတ်မှတ်ကြေညာထားပြီးသား ဖြစ်ပါတယ်။ ဒီမြေနေရာနဲ့ပတ်သက်ပြီးတော့ ရောင်းချခြင်း လုပ်တဲ့သူတွေရော၊ ဝယ်တဲ့သူတွေရော၊ ဒီမြေကို ပုဂ္ဂလိကပိုင် လုပ်ကိုင်ဆောင်ရွက်ဖို့ ကြိုးစားတဲ့ကိစ္စမှာ ပါဝင်ပတ်သက်သူတွေ အကုန်လုံးဟာ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ခြင်းခံရမယ်လို့ NUG ရဲ့ကြေညာချက်မှာ အတိအလင်းဖော်ပြထားပြီးသား ဖြစ်တယ်ဗျ”
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေရှိနေတာကြောင့် ဒီနေရာကို သမိုင်းဝင် အမွေအနှစ်နေရာအဖြစ် မကျန်ခဲ့အောင်ဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာလို့လည်း သူကဆိုပါတယ်။
လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် လေလံတင် ရောင်းချမယ့်ကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်အမျိုးမျိုး ပေးနေကြပါတယ်။ ဒီအမှုမှာ ဦးအောင်ဆန်းဦးဘက်က လိုက်ပါဆောင်ရွက်တဲ့ရှေ့နေ ဦးမျိုးမောင်မောင်စိုးနဲ့ မိသားစုကိုပါ လူမှုကွန်ရက်ကတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေရှိလာတာကြောင့် တိမ်းရှောင်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဒီအိမ်နဲ့ခြံဟာ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နာမည်နဲ့ပိုင်ဆိုင်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ဒေါ်ခင်ကြည်ကွယ်လွန်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ အဲဒီအိမ်မှာ ဆက်လက်နေထိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တာဝန်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနေအိမ်မှာပဲ စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကာလကို ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရရဲ့ အကန့်အသတ်တွေကြောင့် ခြံအမှတ် (၅၄) ခြံစည်းရိုးကနေ လူထုကို နိုင်ငံရေးတရား ဟောပြောခဲ့တဲ့အတွက် လူသိများထင်ရှားခဲ့ပါတယ်။
၂၀၁၀ ခုနှစ် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာ ဧည့်သည်တွေ အဲဒီနေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဒါကြောင့် ခြံအမှတ် (၅၄) ကို ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရချိန်ကနေ အခုချိန်ထိ သမိုင်းဝင်နေရာတစ်ခုအဖြစ် ပြည်သူအများစုက သတ်မှတ်ထားပါတယ်။