ဒေါ်အောင်ဆန်းစုကြည်၊ ဟီလာရီနဲ့ ဒဲရက်မစ်ချယ်
စက်တင်ဘာ ၁၆ ရက်နေ့ မနေ့က ထုတ်ဝေတဲ့ USA Today သတင်းစာမှာ မြန်မာပြည်ဆိုင်ရာ အမေရိ ကန် သံအမတ်ကြီးဟောင်း Derek Mitchell က “Why I’m with her” လို့ အမည်တပ်ပြီး ဟီလာရီ ကလင်တန် ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာပြည်အကြောင်း ဆက်စပ်ရေးသားထား တဲ့ ဆောင်းပါးတပုဒ်ဖေါ်ပြ ပါရှိပါတယ်။
-
2016-09-17 -
-
-
Your browser doesn’t support HTML5 audio
စက်တင်ဘာ ၁၆ ရက်နေ့ မနေ့က ထုတ်ဝေတဲ့ USA Today သတင်းစာမှာ မြန်မာပြည် ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က “Why I’m with her” လို့ အမည်တပ်ပြီး ဟီလာရီ ကလင်တန် ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာပြည်အကြောင်း ဆက်စပ်ရေးသားထား တဲ့ ဆောင်းပါးတပုဒ် ဖေါ်ပြပါရှိပါတယ်။ အဲဒီ ဆောင်းပါးမှာ ပါဝင်တဲ့ ကောက်နုတ်ချက်တချို့ကို မခက်မာ က အခုလို တင်ပြထားပါတယ်။
သံအမတ်ကြီးဟောင်း ဒဲရက်မစ်ချယ်က အမေရိကန် သမ္မတရွေးကောက်ပွဲဝင်မယ့် ဟီလာရီကလင်တန် နိုင် ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က မြန်မာပြည်အပေါ် ချဉ်းကပ်ခဲ့ပုံတွေဟာ သံတမန်နည်းအရ အံသြ ဖွယ်ကောင်းလှတဲ့ အောင်မြင်မှု ပါပဲ၊ သံတမန်ရေးနဲ့ စီးပွားရေးကို ကျွမ်းကျင်ပါးနပ်စွာ ပေါင်းစပ်ဆောင်ရွက်ခဲ့ ပုံတွေ ဟာ ခေါင်းဆောင်တဦးရဲ့ အရည်အချင်းကို ထင်ရှားစေတယ်လို့ ပြောပါတယ်။
အိုဘားမား နဲ့ လက်တွဲဆောင်ရွက်ခဲ့စဉ်မှာ ဟီလာရီဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွား အတွက် အရှေ့အာရှရဲ့အရေးပါပုံနဲ့ ဒီဒေသအပေါ်ထားရှိတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒတွေ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပုံကို သတိပြုမိခဲ့ပါတယ်။
အဲဒီဒေသထဲမှာ နိုင်ငံရေးနဲ့ စီးပွားရေးအရ အခက်ကြုံနေရတဲ့ မြန်မာပြည်ကို သူမ တွေ့ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ မြန်မာပြည်နဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံတွေကို အသေးစိပ်ပြန်လည် သုံးသပ်ပြီးနောက် စည်းကမ်းတကျ ပူးပေါင်းဆက်ဆံတဲ့နည်းကို ကျင့်သုံးမယ့် သံတမန်ရေးအရ ချဉ်းကပ်ပုံ အသစ် တခုကိုချမှတ် ဆောင်ရွက်ခဲ့ပါတယ်။
တပြိုင်နက်မှာပဲ ဟီလာရီဟာ မြန်မာပြည်ကို မူဝါဒသစ်နဲ့ ကိုင်တွယ်ရာမှာ အသုံးဝင်မယ့် မိတ်ဆွေတွေကို လွှတ်တော်ထဲမှာ ရှာဖွေပေါင်းသင်းခဲ့ပါတယ်။ အထက်လွှတ်တော် အမတ် မစ်ချ် မက်ကော်နယ်၊ ဂျွန်မက်ကိန်း စသူတွေပါ။
အဲဒီနောက် ဟီလာရီဟာ ၂ဝ၁၁ နှောင်းပိုင်းမှာ မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီ သမိုင်းဝင် ခရီးဟာ အင်မတန်ကြီးမားတဲ့ အောင်မြင်မှုတခုပါ။ မကြာခင် ရက်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ လွှတ်မြောက်လာခဲ့ပြီး အတိုက်အခံနိုင်ငံရေးသမားတွေ ပိုမိုလှုပ်ရှားခွင့်ရလာခဲ့သလို သတင်းမီဒီယာတွေ အပေါ် ချုပ်ချယ်ဖိနှိပ်မှုတွေလည်း လျှော့ကျသွားခဲ့ပါတယ်။ ဟီလာရီရဲ့ အဲဒီခရီးစဉ်ဟာ မြန်မာအစိုးရအတွင်းမှာ ရှိတဲ့ ပြုပြင်ပြောင်းလဲလိုသူတွေအတွက် အရေးပါတဲ့ သမိုင်းဝင်အချိုးတကွေ့ဖြစ်ခဲ့တယ်လို့ အဲဒီအချိန်က မြန်မာ အစိုးရ အတွင်းစည်းမှာ ရှိနေခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေက သူ့ကို အကြိမ်များစွာပြောကြားခဲ့ကြတယ်လို့ သံအမတ် ကြီးဟောင်း ဒဲရက် မစ်ချယ်က ပြောပါတယ်။
မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်္ဘာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ ဟီလာရီရဲ့ နိုင်ငံခြားရေးဝါဒ အောင်မြင်မှုကို စစ်ဆေးတဲ့ စာမေးပွဲတခုပါပဲ။ အဲဒီရွေးကောက်ပွဲသာ တကယ်လု့ိ မျှော်လင့်သလိုဖြစ်မလာ ခဲ့ဖူးဆိုရင် ဟီလာရီကို ထောက်ပြဝေဖန်ဖို့အတွက် သူမရဲ့ အတိုက်အခံတွေဟာ ကလောင်တွေကို အသင့်ပြင်ထားခဲ့ကြတာပါ။
ဒါပေမယ့် NLD က တောင်ပြိုကမ်းပြို အနိုင်ရပြီး အခုဆိုရင် ဝါရှင်တန်ကို မြန်မာပြည်သူ တရပ်လုံး ချစ်မြတ်နိုး တဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရောက်လာခဲ့ပါပြီ။
ဒီနေရာမှာ သေချာပေါက် ဂုဏ်ပြုရမယ့်သူတွေကတော့ ကျနော်တို့မဟုတ်ပါဖူး။ ဆယ်စုနှစ်များစွာ စွန့်လွှတ်မှုများ စွာနဲ့ ရုန်းကန်လှုပ်ရှားခဲ့တဲ့ မြန်မာပြည်သူတွေပါ။ အခုလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီခရီးက ဆုံးခန်း မတိုင်သေးပါဖူး။ ပြည်တွင်းပဋိပက္ခ တွေချုပ်ငြိမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ ရခိုင်ပြည်နယ်က တင်းမာမှုတွေလျှော့ ချရေး စသဖြင့် ပြသနာတွေ အများကြီးရှိပါသေးတယ်။
ဒါပေမယ့် မြန်မာပြည်နဲ့ပတ်သက်ပြီး ဟီလာရီ စွန့်စွန့်စားစား ဆောင်ရွက်ခဲ့တဲ့ သံတမန်လှုပ်ရှားမှုတွေကတော့ သမိုင်းဝင်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုဟာ အင်အားကြီးမားဆဲဖြစ်တယ်ဆိုတာကို သက်သေထူခဲ့ပါပြီ။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ရဲ့ အဆုံးမှာတော့ မြန်မာပြည်က ၅၂ သန်းကျော်တဲ့ ပြည်သူတွေအတွက် မျှော်လင့် ချက်သစ်တွေ ပေါ်ထွက်လာခဲ့ပြီး မြန်မာပြည်ဟာ အမေရိကန်ပြည်ထောင်စု အတွက် အာရှတိုက်က မိတ်ဆွေသစ် ဖြစ်လာခဲ့ပါပြီ စသဖြင့် မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောာင်း ဒဲရက်မစ်ချယ် က ရေးသားပြောဆိုလိုက်ပါတယ်။