နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ပြစ်ဒဏ်ချမှတ်မှုကြောင့် ဘယ်လိုအကျိုးဆက်ရှိလာမလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.23
နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ပြစ်ဒဏ်ချမှတ်မှုကြောင့် ဘယ်လိုအကျိုးဆက်ရှိလာမလဲ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို တွေ့ရစဉ်။
Photo: AFP

မြန်မာပြည်က စစ်အစိုးရအဆက်ဆက်မှာ သူတို့ သြဇာခံတရားရုံးတွေဟာ နိုင်ငံရေးအရ သူတို့နဲ့ ဆန့်ကျင်သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိပါတယ်။ အခုလည်း အာဏာသိမ်းဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ ဝန်ကြီးချုပ်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်မှာပဲလို့ အကဲခတ်တွေကပြောပါတယ်။ မကြာခင် ရက်ပိုင်းကတင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၇ နှစ်၊ ကရင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၂ နှစ်၊ NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ် ၂ဝ စသဖြင့် ချမှတ်ခဲ့ပြီးပါပြီ။

အခု နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်တည်ငြိမ်ရေးပုဒ်မ ၅ဝ၅ ခ နဲ့ စွဲချက်တင်ထားတဲ့အမှုကို စီရင်ချက်ချတဲ့အခါ အမြင့်ဆုံးပြစ်ဒဏ်ပေးမှာပဲလို့ နံမည်ကျော်ရှေ့နေကြီး ဦးကြီးမြင့် က သုံးသပ်ပါတယ်။

“တရားလိုဘက်ကတင်ပြချက်တွေအားလုံးလက်ခံ၏၊ တရားခံဘက်ကတင်ပြချက်တွေဟာ မခိုင်လုံဘူးဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်ကိုချမှာပဲ။ နောက်ထပ် အမှုတွေကလည်း တန်းစီနေတာ။ အဂတိမှုကတင်လေးမှု။ အဲဒါတွေ အားလုံးလည်း အမြင့်ဆုံးပြစ်ဒဏ်တွေချမှာ၊ အယူခံတက်လည်း ပယ်မှာ"

ဒေါ်အောင်ဆန်းစုကြည် အပေါ် အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ စွဲချက်တင်ထားတဲ့အမှု ၁၁ မှုရှိပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အမှုကိုလိုက်ပါခဲ့တဲ့ ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားတဲ့အမှုတွေ အားလုံးပေါင်းရင် ထောင်ဒဏ် အနှစ် ၁ဝဝ ကျော် ချမှတ်ခံရနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အခုလာမယ့် ၃ဝ ရက်နေ့မှာ ၅ဝ၅ ခ နဲ့ ချမှာပဲဗျ။ အခုဆွဲဆိုထားတဲ့ပုဒ်မတွေအရ အမြင့်ဆုံးပြစ်ဒဏ်တွေချည်း ချမှတ်လိုက်မယ်ဆိုရင်တော့ ကျနော်ထင်တယ်။ နှစ် ၁ဝဝ တော့ကျော်သွားလိမ့်မယ်။ ဒီလိုအမှုတွေမှာ အယူခံတက်လည်း ထူးမှာမဟုတ်ပါဘူး။”

ဒီလိုနှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်မှာကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံနေရသူတွေကလည်း ကြိုတင်မျှော်လင့်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်နန်းခင်ထွေးမြင့် ကို စီရင်ချက်ချမှတ်တဲ့နေ့ကအဖြစ်အပျက်ကို ဦးအောင်သိန်း က ခုလိုပြန်ပြောင်းပြောဆိုပါတယ်။

“ဒေါ်နန်းခင်ထွေးမြင့်က ပြောတယ်။ ကျမက နည်းနည်းပဲချမှာကို စိုးရိမ်နေတာတဲ့။ ခုလိုချတာတော်သေးတာပေါ့။ တော်တော်ကြာ ကလေးတွေက နှစ်အများကြီးကြပြီး ကျမက နှစ်နည်းနည်းပဲဆိုရင် ကြည့်မကောင်းဘူးလေတဲ့။”

အမှုကို စီရင်ချက်ချတဲ့ တရားသူကြီးတွေဟာလည်း လွတ်လပ်စွာဆုံးဖြတ်စီရင်နိုင်သူတွေမဟုတ်ပဲ အထက်က ခိုင်းတာကို လုပ်ရတဲ့သူတွေသာ ဖြစ်ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့် အမှုကို စီရင်ချက်ချတဲ့တရားသူကြီးတစ်ဦးကဆိုရင် ထိုင်ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။

“နောက်ရုံးချိန်းမှာ လျှောက်လဲချက်ပေးရမယ်ဆိုပြီး အမိန့်ချတဲ့နေ့မှာ အဲဒီ တရားသူကြီး အငယ်မပေါ့ဗျာ။ သူက ထိုင်ကန်တော့တာပေါ့။ ဟိုအကြီးမကြီးကတော့ မျက်ရည်တွေ ဝဲတဲဝဲတဲနဲ့ပေါ့ အမိန့်ချတယ်၊ သူတို့လည်း သိတယ်၊ ဒီကလည်း နားလည်ပါတယ်။ သူတို့အနေနဲ့ သူတို့ဆုံးဖြတ်ချက်နဲ့ ဘာမှလုပ်လို့ မရဘူး ဆိုတာသိပြီးသားပဲဗျာ။”

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ လာမယ့်အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အပြစ်ပေးခဲ့မယ်ဆိုရင် အစဉ်အလာအရ နောက်အမှုတွေအတွက် ရုံးချိန်းထုတ်တဲ့အခါ မြန်မာပြည်ရဲ့ ဥပဒေထုံးစံအတိုင်း တခြားထောင်ဒဏ်အပြစ်ပေးခံထားရသူတွေကို ထပ်မံရုံးထုတ်တဲ့အခါ ဆောင်ရွက်လေ့ရှိသလို ခြေကျင်းနဲ့ လက်ထိပ်ခတ် မှာလားဆိုတာပဲလို့ ဦးအောင်သိန်း ကပြောပါတယ်။

“အမိန့်ချပြီးရင် ကျန်တဲ့အမှုတွေ ရှိတယ်လေ။ အဲဒီအမှုတွေအတွက် ရုံးဆက်ထွက်ရတဲ့အခါမှာ အပြင်တရားရုံးထွက်ရမယ်ဆိုရင် အစဉ်အလာအရတော့ ခြေကျင်းလက်ထိပ်ခတ်ပြီးတော့ ထွက်ရတဲ့သဘောတော့ရှိတယ်။ အဲဒါ သူတို့ဘယ်လိုလုပ်မလဲ။ ကျနော်တော့ စိတ်ဝင်စားတယ်။ ထောင်ချပြီးပြီဆိုရင် သူ့ကို ထောင်ကိုပို့မှာလား။ ထောင်ကိုပို့ပြီဆိုရင်တော့ ခြေကျင်းတွေ လက်ထိပ်တွေခတ်ပြီး ထုတ်ကြတာပဲဗျ။ အခုတော့သူတို့ဘယ်လိုလုပ်ကြမလဲ မသိဘူး။”

000_9AU7X8(1).jpg
မေလ ၂၄ ရက်နေ့က နေပြည်တော်ရှိ တရားခွင်တစ်ခုတွင် တွေ့ရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်။ (Photo: AFP)

ရှေ့နေ ဦးကြီးမြင့်ကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခြင်းအားဖြင့် ဒီမိုကရေစီလှုပ်ရှားမှုကို ပိုမိုအားကောင်းလာစေလိမ့်မယ်လို့ ပြောပါတယ်။

“အခု NUG က အမြင့်ဆုံးအလုပ်တွေလုပ်နေပြီ။ ၂ဝဝ၈ ကိုဖျက်သိမ်းတယ်။ စစ်အာဏာရှင်ကို အမြစ်ပြုတ်အောင်စစ်ရေးနဲ့တိုက်မယ်ဆိုပြီးလုပ်နေတာ။ အဲဒါနဲ့ ပြန်ကာဗာလုပ်လိုက်မယ်ဆိုရင် နိုင်ငံရေးအရ ကျနော်တို့က မြတ်တယ်။ အမြင့်ဆုံးပြစ်ဒဏ်တွေနဲ့ အမှုဆင်ချ၊ တကမ္ဘာလုံးသိတယ်။ တပြည်လုံးသိတယ်။ အဲဒီမှာ ဇတ်ကပိုနာမှာ၊ တိုက်ပွဲက ပိုပြင်းထန်လာမှာ။”

နိုင်ငံတကာကလည်း စစ်ကောင်စီအပေါ်ဖိအားတွေပိုများလာမှာဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။

“အခု သံရေး တမန်ရေးတိုက်ပွဲတွေကို ကျနော်တို့နိုင်နေတယ်ဆိုတာ အဲဒီလို အချက်အလက်တွေလည်း ပါတယ်။ ရန်သူက ပစ်လိုက်တာဟာ ကျနော်တို့ကို သေလောက်အောင် မမှန်ဘူး။ အဲဒါက နောက်ကြောင်းပြန်သွားပြီး သူတို့ ရင်ဘတ်ကို သွားစိုက်တာ။ ဒါကြောင့် ကျနော်တို့ဘက်က တန်ပြန်မှုဟာ သူတို့ထက် အဆ ရာထောင်သိန်းသန်းလောက်ပြင်းတယ်။ ကျနော်တို့ တိုက်ပွဲအတွက် အားဖြစ်သွားမယ်။”

နိုဝင်ဘာ ၃ဝ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီတရားရုံးက စီရင်ချက်ချတဲ့အခါ ပြည်တွင်းပြည်ပ တုံ့ပြန်ချက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။