အတိုင်ပင်ခံနဲ့ တရုတ်သမ္မတ ဘာတွေဆွေးနွေးခဲ့ကြသလဲ


2019.04.25
dassk-2019-china-trip-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဘေကျင်းမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီ ၂၄ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Reuters

ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မနေ့ညနေပိုင်းက ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတနဲ့တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေအပေါ် နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~

အတိုင်ပင်ခံနဲ့ တရုတ်သမ္မတ ဘာတွေဆွေးနွေးခဲ့ကြသလဲ
( ဝေမာထွန်း)

■ ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ဘေကျင်းကို မြန်မာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ချက်နိုင်ငံသမ္မတ၊ ချီလီသမ္မတ၊ မလေးရှားဝန်ကြီးချုပ်အစရှိတဲ့ နိုင်ငံအသီးသီးက ထိပ်တန်းခေါင်းဆောင်တွေ ရောက်ရှိနေပါတယ်။

မနေ့ညနေပိုင်းကတော့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံသီးသန့်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ ပိုးလမ်းမစီမံကိန်း ခေါင်းစဉ်အောက်ကနေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံရေး အစရှိတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

တရုတ်အစိုးရအနေနဲ့ လာမယ့် ၂၀၂၀ မြန်မာပြည် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ NLDကို ပြန်လည်အနိုင်ရရှိရေး အားပေးကူညီမယ့် အနေအထားရှိတာကြောင့် ဒီဖိတ်ကြားမှုမှာ ပြည်သူတွေ လက်မခံတဲ့ မြစ်ဆုံကိစ္စအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် မျက်နှာပျက်ရအောင် ဆောင်ရွက်မယ့် အခြေအနေမရှိဘူးလို့ သုံးသပ်သူတွေရှိပါတယ်။

“စစ်တပ်နဲ့ ပတ်သက်လို့ တရုတ်က အများကြီးကူညီခဲ့တယ်။ ဒါပေမဲ့ သိပ်အလုပ်မဖြစ်ခဲ့ဘူး။ တရုတ်ရဲ့ လုပ်နည်းလုပ်ဟန်ကိုကြည့်တာ ကျမ သူက ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်ပြီး နိုင်စေချင်ပုံရတယ်။ အဲဒီအတွက်သူကူညီမှာပဲ။ ဒီမြစ်ဆုံကိစ္စကတော့ တက်လာလိမ့်မယ် မထင်ဘူး။ လူတွေ ဒီလောက်ခံစားချက်ပြင်းနေတာ တရုတ်လည်းသိတယ်။ မြစ်ဆုံကိစ္စက ကျမတို့ နိုင်ငံအတွက်သာ ကျမတို့ အကြီးအကျယ် စိတ်မကောင်းဘာညာဖြစ်တာ၊ တရုတ်အတွက်က ဒါမျိုးက မထူးဆန်းဘူးလေ။ တကမ္ဘာလုံးလှည့်ပြီး ရင်းနှီးမြှုပ်နှံနေတော့ နိုင်ငံတိုင်းက မကျေနပ်ချက်တွေ မကြိုက်တာတွေ သူအများကြီးကြုံဖူးတာပဲ။”

ဒါက တရုတ်ပြည်မှာနေထိုင်နေတဲ့ တရုတ် - မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ပြောသွားတာပါ။

တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ CGTM က သတင်းထုတ်လွှင့်ခဲ့ရာမှာ သမ္မတရှီကျင့်ဖျင် က ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီအနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့အပေါ် ဝမ်းသာကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တရုတ်-မြန်မာ ဆက်စပ်ဒေသဖြစ်တဲ့ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်းတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။ OBOR စီမံကိန်းနဲ့အတူ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးရရှိဖို့ တရုတ်က အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တွန်းအားပေးလုပ်ဆောင်မယ့် အခြေအနေရှိလာနိုင်တယ်လို့ တွက်ဆချက်တွေ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်ကအပြန် မျှော်လင့်ချက်ကို တရုတ်-မြန်မာ အရေးလေ့လာသူ ဦးသန်းစိုးနိုင်က အခုလိုပြောပါတယ်။

“ကျနော်မျှော်လင့်တာ တစ်ခုကတော့ ဒီ OBOR တည်ဆောက်မယ်ဆိုရင် မြန်မာပြည်မြောက်ပိုင်းမှာ လုံခြုံမှုနဲ့ အေးချမ်းတည်ငြိမ်မှုရအောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလိုအပ်ချက်ကို တရုတ်ကတဆင့်တိုးပြီး တွန်းအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုးတက်တဲ့ အခြေအနေတွေ မြောက်ပိုင်းမှာ မြင်လာရနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့တပ်မတော်အနေနဲ့ စစ်ရပ်စဲရေးကာလကို ငြိမ်းချမ်းရေးရသည်အထိ တိုးမြှင့်ပေးဖို့ ဆွေးနွေးထားတာတွေရှိပါတယ်။ ဒီဆွေးနွေးပွဲအတွင်း အဲကိစ္စတွေ ပါလာနိုင်တယ်။ နောက်တစ်ခုက မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး သင့်တင်လျှောက်ပတ်တဲ့ သဘောထားနဲ့ ဖြေရှင်းချက်တစ်ခု ထွက်ပေါ်လာနိုင်တယ်လို့ ထင်ပါတယ်။”

တရုတ်ပြည်ခရီးစဉ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ လိုက်ပါသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အပြီး တရုတ်-မြန်မာကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အထူး အခွင့်အရေးတွေ ရှိလာနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က သုံးသပ်ပါတယ်။

“အခုချိန်အထိ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေမှာ BRI ကိစ္စ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးပြောတာရှိမယ်။ ထူးထူးခြားခြားဘာဖြစ်လာနိုင်လဲဆိုရင်တော့ အခုစပြီးအကောင်အထည် ဖော်နေတဲ့ စီးပွားရေးစြင်္ကလမ်းနဲ့ ပတ်သက်ပြီး သဘောတူညီချက်လုပ်တာတွေ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးပေးတာတွေ ထူးထူးခြားခြားဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့တော့ တရုတ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံတယ်ဆိုပြီးတော့ ပြောတာက လွဲပြီး လက်တွေ့အခြေအနေမှာ နှစ်ဖက်လုံးသဘောတူညီချက်ရအောင် ထူးထူးခြားခြားဆောင်ရွက်ပေးမယ်လို့ မမြင်ဘူး”

Belt and Road ဒုတိယအကြိမ်မြောက်ဖိုရမ်ကို ဒီနေ့ကနေ ဧပြီလ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ဒီနေ့ညမှာ ဖိတ်ကြားထားပြီး တက်ရောက်မယ်လို့ အကြောင်းပြန်ထားတဲ့ နိုင်ငံတကာက ထိပ်တန်းခေါင်းဆောင်တွေ အစုံအလင် ရောက်ရှိမှာဖြစ်တဲ့အတွက် ညစာစားပွဲ ကျင်းပသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Belt and Road ဖိုရမ်ကို သမ္မတရှီကျင့်ဖျင် ဦးဆောင်ပြီး ၂၀၁၇ ခုနှစ်က စတင်ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။