ပဲခူးမြို့က ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အကြို လူထုဟောပြောပွဲ အကြောင်း တင်ပြချက်

ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောစေတီ အနောက် ဘက်မုဒ်ကကွင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွှေမောဓောစေတီအနောက်ဘက်မုဒ်ကကွင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နုတ်တင်ပြထာားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးခဲ့တဲ့ ဒီမိုကရေစီနဲ့ ပြည်သူ လူထုအကြောင်း၊ နိုင်ငံသားတိုင်းနိုင်ငံရေးကို နားလည်ထားသင့်တဲ့အကြောင်းတွေ အဓိကထား ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးဟာ ရှည်ကြာလွန်းပြီး ဒီပြည်သူတွေနဲ့ ဒီမိုကရေစီရပါ့မလားလို့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပြီး မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူလို့ နှစ်ပေါင်း ၃ဝ ကျော်ပြောဆိုမှုတွေရှိနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရေစီစနစ်ကို မသုံးချင်တဲ့သူတွေကသာ ဒီလိုပြောကြတာဖြစ်ပြီး ပြည်သူလူထုကို ဒီမိုကရေစီအခွင့်အရေး ပေး ဖို့လိုအပ်ပြီး ပြည်သူတွေက အခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။မကြာခဏ ကျမ အနှစ် ၂ဝ ကျော် ၃ဝ အတွင်းမှာ ကြားခဲ့ရပါတယ်၊ ဗမာပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူးတဲ့၊ အဲ့လိုစကားပြောတဲ့လူတွေရှိပါတယ်၊ အဲ့လိုပြောတဲ့ လူတွေကတော့ ဒီမိုကရေစီမပေးချင်တဲ့လူတွေပေါ့၊ အဲ့တော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးဖို့ဆိုလို့ရှိ ရင် ပြည်သူလူထုကို ဒီမိုကရေစီအခွင့်အရေးတွေ ပေးဖို့လိုတယ်၊ တနည်းအားဖြင့်ဆိုလို့ရှိရင် ပြည်သူလူထု ကိုယုံကြည်ရမယ်၊ အဲ့ဒီလိုပေးတဲ့အခါကျရင်လည်း ဒီအခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဖို့ဟာ ပြည်သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတစ်နိုင်ဟာ ခေါင်းဆောင်ကောင်းရှိဖို့လိုအပ်ပြီး ခေါင်းဆောင်တွေဟာ ရိုးသားဖို့၊ ဖြောင့်မတ်ဖို့နဲ့ စည်းစိမ်ဥစ္စာမမက်မောဖို့ ပြည်သူကိုမလှည့်ဖြားဖို့ လိုတယ်လို့ဆိုပါတယ်။

ဒီလိုခေါင်းဆောင်တွေဖြစ်လာဖို့ ပြည်သူလူထုက ထိန်းကျောင်းပေးဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဖြောင့်မတ်ဖို့၊ ရိုးသားဖို့၊ စည်းစိမ်ဥစ္စာ မမက်မောဖို့၊ ပြည်သူကိုမလှည့်ဖြားဖို့ဆိုတာ ဘယ်လောက်ခက်ခဲတဲ့ကိစ္စတွေ မဟုတ်ပါဘူး၊ သို့သော်ငြားလည်း လူများရဲ့သဘာဝအရ အာဏာကိုအင်မတန်မှ လိုချင်ကြတဲ့အခါကျလို့ရှိရင် ရာထူးကိုအင်မတန်မက်မောလာလို့ရှိရင် ရိုးရိုးသားသားဖြောင့်ဖြောင့်မက်မက် နေဖို့ကိုတောင်မှမေ့သွားကြပါတယ်၊ အဲ့ဒီတော့ မမေ့အောင်လုပ်ဖို့က ပြည်သူ လူထုရဲ့တာဝန်ပဲ၊ ပြည်သူကအမြဲပဲ သတိပေးနေရမယ်၊ ငါတို့ဟာ ဘယ်လိုခေါင်းဆောင်မှုကို လိုချင်သလဲ၊ ဘယ်လိုခေါင်းဆောင်မှုကို လက်ခံမလဲဆိုတာကို ပြည်သူကနေပြီး အမြဲပဲသတိပေးနေဖို့လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက် နိုင်ငံသားတိုင်း အရည်အချင်းပြည့် ဝတဲ့ ပြည်သူလူထုဖြစ်လာဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ တိုးတတ်တဲ့နိုင်ငံဖြစ်လာဖို့ ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်နိုင်မှာမဟုတ်ပဲ ပြည်သူလူထုကသာလုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်လာဖို့အတွက် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးကို နားလည်ဖို့လိုအပ်ကြောင်းအခုလိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။ကျမတို့ကိုရင် တချို့ကခဏခဏပြောတယ်၊ ပြည်သူတွေရယ် ကျနော် ကတော့နိုင်ငံရေး နားလည်ဘူး၊ ကျမကတော့ နိုင်ငံရေးနားမလည်ဘူးဆိုတော့ နိုင်ငံရေးသမားတွေ ကပဲ နိုင်ငံရေးနိုင်ငံရေး နားလည်ရမလိုလိုဖြစ်နေတယ်၊ တကယ့်ပြဿနာက နိုင်ငံရေးနားမလည်ပဲနဲ့ နိုင်ငံရေး လုပ်နေတဲ့လူတွေကြောင့်သာ ပြဿနာဖြစ်တာ၊ နားမလည်ပါဘူးလို့ ရိုးရိုးသားသားပြောတဲ့ ပြည်သူဟာပြဿနာ မဟုတ်ပါဘူး၊ ကိုယ့်ကိုကိုယ် နိုင်ငံရေးနားမည်ဘူးလို့ ထင်လို့ရှိရင် နားလည်အောင်လုပ်ရမယ်၊ ကြိုးစားရမယ်။

ဒီမိုကရေစီဟာ လွတ်လပ်မှုနဲ့လုံခြုံမှုကို ချိန်ခွင်လျှာအစွန်းနှစ်ဖက် မထွက်စေတဲ့စနစ်ဖြစ်ပြီး ဒီမိုကရေစီ ကိုလိုလားတဲ့ ပြည်သူလူထုအားလုံးဟာ ညီညွှတ်မှုရှိရမယ်လို့  မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီနေ့ လူထုဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ လူထုဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးက ဒေသ ခံပြည်သူတွေနဲ့ NLD ပါတီဝင် တစ်သောင်းကျော်က တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org